ငြိမ်းချမ်းရေးစိတ်ဓာတ် (အဆက်)
အပိုင်း (၂)
နေ့စဉ်သတင်းများတွင် ဣဋ္ဌာရုံထက် အနိဋ္ဌာရုံတွေက ပိုများနေသည်။ ကမ္ဘာ့နိုင်ငံပေါင်း တော်တော်များများမှာ တည်ငြိမ်မှုဆိုတာ ဘာလဲဟု မေးယူရလောက်အောင် ဖြစ်နေ၏။ လူတွေအချင်းချင်း အတ္တရှေ့ ထား၍ အနိုင်ရယူလိုမှုအတွက် ရသမျှနည်းလမ်းတို့ဖြင့် ဆောင်ရွက်လျက်ရှိကြသည်။ ကမ္ဘာ့စီးပွားရေး ပျက်ကပ်ကြောင့် အရပ်ကယ်ပါ၊ လူဝိုင်းပါ ဖြစ်နေကြရသည့်အထဲ ဗုံးခွဲမှုတွေ၊ အကြမ်းဖက်မှုတွေက အရှိန်ကျဟန်မတွေ့ရသေး။ သဘာဝဘေးအန္တရာယ်ကလည်း တစ်ခါတစ်ခါ ခပ်ကြမ်းကြမ်းနှောက်လိုက်သေးသည်။ လုပ်ပိုင်ခွင့်အတော်အားနည်းရှာသော ကုလသမဂ္ဂကြီးမှာ အမှုအခင်းတွေက အပုံအပင်၊ တစ်နိုင်ငံမှလည်း ကောင်းကောင်းမလိုက်နာကြ။
ကမ္ဘာကြီးသည် ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင်ဖြစ်နေပြီလားဟုပင် တစ်ခါတစ်ခါ တွေးမိရသေးသည်။ အရာအားလုံးသည် အတ္တကြီးမားမှု (Egocentric) ဟူသော ကိုယ့်အတွက်သာ ပဓာနထားသည့်စိတ် လွန်ကဲမှုကြောင့် ဖြစ်ပေါ်လာရသော ရလဒ်ဖြစ်သည်။ အသုံးလှစေရန် National Interest ဟူသော “အမျိုးသားကိုယ်ကျိုးစီးပွား” စကားလုံးဖြင့် တချို့ က ဖလှယ်သုံးစွဲကြသည်။ အတ္တသည် အတ္တသာဖြစ်သည်။
လူ့သမိုင်းမှတ်တမ်းပြုနိုင်သည့် နှစ်ပေါင်း (၅၅၀၀) ကျော်အတွင်း စစ်ပွဲပေါင်း (၁၄၅၀၀) ကျော် ဖြစ်ပွားခဲ့ပြီး လူသန်းပေါင်း ရာနှင့်ချီ၍ သေကြေပျက်စီးခဲ့ပြီးဖြစ်သည်။
“ယောနိသော မနသိကာရ” ကို ဗုဒ္ဓက အလေးထားဟောကြားခဲ့သော်လည်း အများစုက “အယောနိသော မနသိကာရ” ဖြစ်နေကြသည်။ အတတ်ပညာ တစ်ဟုန်ထိုး တိုးတက်လာသောကြောင့် အသိပိုင်းတွင် ဆုံးရှုံးခဲ့ရသည်လား မသိ။ “၀ိဇ္ဇာ” ဖြစ်၍ လောကအကျိုး သယ်ပိုးနိုင်သူတွေထက် ”အ၀ိဇ္ဇာ” ဖြစ်၍ လောကအကျိုး ဆုတ်ယုတ်စေသူတွေ ပို၍များပြားလာသည်ဟု ခံစားခဲ့သည်။ အရင်းခံသည် အတ္တလွန်ကဲမှု "Egoism" ကြောင့်ဖြစ်သည်။ “သူများ” ထက် “ငါ” ဟူသော Egoistic ဖြစ်မှုများကြောင့်ဖြစ်သည်။ Selfishness ဟူသော တစ်ကိုယ်ကောင်းစိတ်သည်လည်း အပေါင်းအဖော်ဖြစ်သည်။
အတတ်လွန်သော (၂၁) ရာစုတွင် လူသားတို့သည် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတို့နှင့် ကင်းဝေးကြပြီလား၊ အတော် သံသယရှိလာရသည့် အခြေအနေဖြစ်သည်။

အပိုင်း (၃)
ဂန္ဒီကြီးသည် ငြိမ်းချမ်းရေးစိတ်ကို အပြည့်အ၀ပိုင်ဆိုင်သူဖြစ်၏။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးအတွက်ဟူသော ရည်မှန်းချက်ကိုသာ ထားရှိခဲ့သူဖြစ်သည်။ ထို့ထက်ပို၍ ဘာမှမရှိ၊ သူ၏ မေတ္တာ၊ ကရုဏာ၊ မုဒိတာတို့သည် အကြားအလပ်မရှိ ထင်ရှားသည်။
ဗုဒ္ဓက လောကအမြင် (၆)မျိုးကို ခွဲခြားပေးခဲ့သည်။ ဤအမြင် (၆) မျိုးသည် အမှန်စင်စစ် ပညာလည်းဖြစ်သည်။ ဤ (၆)မျိုးဖြင့် မျှတစွာကြည့်နိုင်ပါက "An eye for an eye" သည် မရှိနိုင်တော့။
(၁) တတွ ဒဿန (ရှိ/မရှိ ရှုထောင့်မှ မြင်ခြင်း)
(၂) ပမာဏ ဒဿန (အမှား/အမှန် ရှုထောင့်မှ မြင်ခြင်း)
(၃) တက္က ဒဿန (သင့်/မသင့် ရှုထောင့်မှ မြင်ခြင်း)
(၄) အာစာရ ဒဿန (ကောင်း/မကောင်း ရှုထောင့်မှ မြင်ခြင်း)
(၅) ရသ ဒဿန (ခံစားမှု ရှုထောင့်မှ မြင်ခြင်း)
(၆) စရိက ဒဿန (၀ါသနာနှင့် စရိုက်ရှုထောင့်မှ မြင်ခြင်း)
ဤရှုထောင့် (၆) မျိုးကို ရှုမြင်ရာတွင် လူတိုင်း တစ်ထပ်တည်းမကျနိုင်။ “အတ္တ” က ရှုမြင်ပုံမတူရန် တွန်းအားပေးသောကြောင့်ဖြစ်သည်။ သို့သော်လည်း အကွာအဟနည်းပါးရန် ကောင်းသည်။ သာမန်လူသားများအတွက် မထောင်းသာလှသော်လည်း ခေါင်းဆောင်ကြသည့်သူများ၊ ဤအမြင်ရှုထောင့်များတွင် ဆန့်ကျင်ကြပါက...လောကသည် အနိဋ္ဌာရုံသို့ ရှေးရှုရသည်။
ခေါင်းဆောင်များသည် လောကကြီး ဣဋ္ဌာရုံဖြစ်ရန် တာဝန်ရှိသည်။ မျိုးဆက်ဟောင်းတို့သည် မျိုးဆက်သစ်တို့အတွက် ကောင်းမွေပေးရန် တာဝန်ရှိသည်။ မျိုးဆက်ဟောင်းတို့သည် မျိုးဆက်သစ်တို့အတွက် အာဝါသကောင်း၊ ရေခံမြေခံကောင်းများဖြင့် ရှင်သန်ခွင့်ရှိရန် ဖန်တီးပေးနိုင်ဖို့လိုသည်။
အတိတ်သူတို့ ကြိုးစားခဲ့ကြရခြင်းမှာ ပစ္စုပ္ပန်သူများအတွက်ဖြစ်သည်။ သို့ဆိုလျှင် ပစ္စုပ္ပန်သူတို့ ကြိုးစားရခြင်းမှာ အနာဂတ်မျိုးဆက်တို့အတွက်သာ ဖြစ်သင့်သည်။ အမွေကောင်းတို့ကို ချန်ထားနိုင်ခဲ့ရန်သာ ရည်မှန်းချက်ဖြစ်သင့်သည်။ ဤအယူအဆကို အခြေခံရပ်တည်ချက်အဖြစ် ယုံကြည်ပါက အေးချမ်းမှု၊ ငြိမ်းချမ်းမှု၊ အတူတကွ ပူးပေါင်းဆောင်ရွက်မှုတို့သည် စကားအမယ်ဖွဲ့သည့် အဆင့်တွင်ပင် မရှိနိုင်တော့။ သို့သော်လည်း လောကအမြင် (၆)မျိုးမှ မှန် မမှန်၊ သင့် မသင့်၊ ကောင်း မကောင်း စသည်တို့ကို အများစုက ကောင်းစွာ မခွဲခြားနိုင်ကြ၊ ထို့ထက်ပို၍ ခံစားမှုရှုထောင့်ကို ဦးစားပေးကြည့်သောအခါ Conflict ဟူသော ၀ိဝါဒကွဲပြားမှုများ ကြီးထွားလာကြရသည်။
“လောကကြီးနှင့် မျိုးဆက်သစ်တို့” ဟူသော ရည်မှန်းချက်ကို ဖျက်ဆီးသည့်အရာသည် အဂတိတရား (၄)ပါးလည်းဖြစ်သည်။ လူတို့ အဂတိတရား (၄)ပါးနှင့် ကင်းလွတ်သောအခါ Self Interest ဟူသော ကိုယ်ကျိုးစီးပွား ဦးစားပေးမှုကို ဆောင်ရွက်နိုင်ကြတော့၏။
(၁) ဆန္ဒာ ဂတိ (အလိုဆန္ဒကြောင့် ဖောက်ပြန်မှု)
(၂) ဒေါသာ ဂတိ (ဒေါသကြောင့် ဖောက်ပြန်မှု)
(၃) မောဟာ ဂတိ (အမှား-အမှန် မသိမှုကြောင့် ဖောက်ပြန်မှု)
(၄) ဘယာ ဂတိ (ကြောက်ရွံ့ မှုကြောင့် ဖောက်ပြန်မှု)
လူသည် အတ္တ၏ သားကောင်ဖြစ်သည်။ အတ္တနှင့်ယှဉ်၍ မွေးဖွားလာကြသူများလည်း ဖြစ်သည်။ လောက၏ ပညာကိုရှာရင်း အတ္တနှင့် ပရကို မျှတစွာ ကျင့်ကြံလာကြရသည်။ ပညာနုံ့သူများမှာ မျှတစွာ မကျင့်ကြံနိုင်ကြ။
အနာဂတ်ကို ကြီးကြီးမားမား ဖန်တီးခွင့်ရှိကြသူများ၊ လောကကို သာမန်ထက်ပို၍ အလှဆင်နိုင်ကြမည့်သူများ အတ္တ-ပရ မျှတစွာရှိရန် အထူးလိုအပ်ပါသည်။
ငြိမ်းချမ်းရေးစိတ်နှင့်ဝေးကွာ
သတ္တလောကကြီးတစ်ခုလုံးတွင် နှစ်မျိုးသာခွဲခြားထားသည်။ “လူ”နှင့် “တိရစ္ဆာန်” ဟူ၍ဖြစ်သည်။ မရေမတွက်နိုင်သော သတ္တ၀ါတို့တွင် တစ်မျိုးတည်းသောအရာကို “လူ” ဟု တစ်တန်းထားပြီး၊ ကျန်အရာများကို တိရစ္ဆာန်ဟု သတ်မှတ်ရခြင်းမှာ “အသိပညာ” ပေါ် အခြေခံ၍ဖြစ်သည်။ အသိပညာထူးကို ပိုင်ဆိုင်နိုင်သောသူမျိုးဖြစ်၍ “လူ” ဟု သတ်မှတ်ရခြင်း ဖြစ်သည်။ ကျန်တိရစ္ဆာန်တို့သည် “အိပ်၊ စား၊ ကာမ” ဟူသော ရည်ရွယ်ချက်(၃)မျိုးအတွင်းမှာသာ ရှင်သန်ကြ၏။ ထို့ ထက် ပို၍ မရှိနိုင်၊ လောကကောင်းကျိုးကို မသိ၊ ငြိမ်းချမ်းခြင်းကို နားမလည်၊ သူတို့လောကတွင် “Might is Right" ဟူသော အင်အားသည်သာ အဓိကဖြစ်၏။
လူတွင်ကား ထိုသို့မဟုတ်၊ “အသိထူး” ကို ပိုင်ဆိုင်နိုင်ကြ၍ အမှားအမှန်ကို ခွဲခြားနိုင်သည်။ လောကကို အလှဆင်နိုင်ခွင့်လည်း ရှိသည်။ “အိပ်၊ စား၊ ကာမ” ထက်ပိုသော ရည်ရွယ်ချက်၊ အတွေးအမြင်များလည်း ရှိနိုင်ကြသည်။ ငြိမ်းချမ်းရေးကို နားလည်နိုင်ခွင့်ရှိသည်။ "Right is Might" သည် လူသားများအတွက် ထားလိုလျှင် ထားနိုင်သော အယူအဆတစ်ရပ်ဖြစ်သော်လည်း လူတို့သည် တိရစ္ဆာန်များထက် ပို၍ အတ္တကြီး၊ လောဘကြီး၍ အများစုက မထားခဲ့ကြ၊ တိရစ္ဆာန်များက တစ်ဝမ်းစားရလျှင် ကျေနပ်စိတ်ဖြင့် တင်းတိမ်နိုင်ကြသော်လည်း လူတို့က အတ္တစိတ်များသဖြင့် ရုပ်ဝတ္ထု ချမ်းသာမှုတို့အတွက် အတောမသတ် လောဘထားတတ်ကြသည်။ တိရစ္ဆာန်တို့ထက် အဆများစွာပို၍ ဖောက်ပြန်တတ်သော သတ္တ၀ါလည်းဖြစ်သည်။ ပရိယာယ်ပိုသော သတ္တ၀ါလည်းဖြစ်သည်။ လူတို့တွင် တင်းတိမ်စိတ် အလျဉ်းမရှိတတ်ကြ၊ အတ္တ၊ လောဘတို့က ထူးသောအသိကို တလွဲသုံးစေရန် လှုံ့ဆော်နိုင်သောကြောင့် ဖြစ်သည်။ အသိထူးရနိုင်ခွင့် ရှိကြသော်လည်း ပညာအဖြစ်သို့ မပြောင်းနိုင်လျှင် လူသည် လောကတွင် ကြောက်စရာ အကောင်းဆုံး သတ္တ၀ါအဖြစ်သို့ ရောက်တော့သည်။ တချို့ က အသိတစ်ခုကို ပညာသို့ ရောက်ပြီဟု ယူဆကြသည်။ တကယ်ပညာအဖြစ်သို့ မရောက်သောအခါ အနုတ်သဘောဆောင်သော ရလဒ်တို့ကို ရတော့သည်။
မြန်မာပညာရှိတို့က ပညာတတ်မှုနှင့် ပညာရှိမှုကို ကြွက်(၄)မျိုးနှင့် ဥပမာပြုခဲ့သည်။
(၁) တွင်းတူးလျက် မအောင်းသောကြွက် (စာတတ်သော်လည်း အမှန်မသိသူ)
(၂) အောင်းလျက် မတူးသောကြွက် (စာမတတ်သော်လည်း အမှန်သိသူ)
(၃) တူးလည်းတူး၊ အောင်းလည်း အောင်းသောကြွက် (စာလည်းတတ်၊ အမှန်လည်းသိသူ)
(၄) တူးလည်းမတူး၊ အောင်းလည်း မအောင်းသောကြွက် (ဘာမှမသိ၊ ဘာမှမတတ်သူ)
လောကတွင် အမှားကို အမှန်ဟုထင်မြင်၊ ခံယူထားကြသောသူများ အများအပြားရှိသည်။ နောက်လိုက်ဘ၀တွင် သူတို့၏အမှားကြောင့် ၀န်းကျင်အတွက် မထောင်းသာလှသော်လည်း၊ ခေါင်းဆောင်တို့တွင် ဤလွဲမှားသော အရည်အချင်း ကပ်ငြိပါက လောကအတွက် အန္တရာယ်ကြီးသည်။ တစ်ချိန်က ဂျာမနီမှ ဟစ်တလာ၊ အီတလီမှာ မူဆိုလီနီတို့သည် ဤမှာယွင်းသော အယူအဆများကို အမှန်ဟုယုံကြည်မှု ထားရှိခဲ့ကြသူများဖြစ်သည်။
ဒေါက်တာနေဇင်လတ်
(ဆက်လက်ဖော်ပြပေးသွားပါမည်။)



0 comments:
Post a Comment