* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, November 4, 2010

ဓမ္မမှတ်ကျောက်(၁)


ယခုလိုအချိန်ခါမျိုးမှာ တရားအလုပ်အားထုတ်နေကြတဲ့သူတွေအနေဖြင့် တရားစစ်တရားမှန်နဲ့ ထိတွေ့ခွင့်ရဖို့ ကြားနာခွင့်ရဖို့ဟာ အင်မတန်မှ အရေးကြီးလှပါတယ်။ ဆရာတော်တွေအမျိုးမျိုး၊ ဂိုဏ်းဃနတွေအမျိုးမျိုး၊ အာဘော်တွေအမျိုးမျိုးနဲ့ ဟောပြောလာကြတဲ့အတွက် တရားနာသူတွေ၊ တရားအားထုတ်သူတွေအနေဖြင့် တရားစစ်တရားမှန်ဆိုတာကို ခွဲခြားသိနိုင်ဖို့ရန်အတွက်.. ကိုယ့်ဆီမှာ ဓမ္မမှတ်ကျောက်ဆိုတဲ့ စံပြုစရာ စံနှုန်းတစ်ခုအနေဖြင့် အတိအကျရှိသင့်လှပါတယ်။ တနေ့က သူငယ်ချင်းတစ်ယောက်မေးသလိုပါပဲ.. ဆရာတော်တွေအမျိုးမျိုး၊ အာဘော်တွေအမျိုးမျိုးနဲ့ဆိုတော့ ငါတို့က အကြောင်းရာတစ်ခုက အဓိပ္ပါယ်နှစ်မျိုး အာဘော်နှစ်မျိုး ကွဲပြားလာပြီဆိုရင် ဘယ်အရာကမှန်မမှန်ကို ဘယ်ဟာနဲ့နှိုင်းယှဉ်ပြီး တိုက်ဆိုင်စစ်ဆေးရမှာလဲဆိုတဲ့ အတွေးမျိုးပါ။ ဒီလိုအတွေးမျိုးဟာလည်း အင်မတန်မှ ရှိသင့်လှပါတယ်။ ဒီဆရာတော်က နာမည်ကြီးဆရာတော်ပဲ.. ဆရာတော်ပြောတာ အကုန်မှန်မှာပဲဆိုပြီး တစ်ခုထဲလက်ကိုင်ထားပြီး ဒါပဲအမှန်ထင်နေပြန်ရင်လည်း ဘုရားဟောနဲ့ မကိုက်ညီသေးပါဘူး။ အဲ့လိုအမှားဆွဲကိုင်ထားပြီး တကယ့်အမှန်ကိုချပြတဲ့အခါမှာ လက်မခံတတ်တာတွေ ရှိလာတတ်ပါတယ်။ ဒီလိုမှမဟုတ်ပဲ ကိုယ့်ကိုယ်တိုင် ဆရာတော်တွေဟောပြတာတွေကို အဓိပ္ပါယ်ကောက်လွဲပြီး တလွဲတွေးနေပြန်ရင်လည်း ဘုရားဟောတွေကို ယုံမှားသံသယတွေနဲ့ ဖြစ်နေတတ်ပါတယ်။ ဒီအတွက် တရားအားထုတ်သူတွေ၊ ဘုရားအဆုံးမကို လိုက်နာကျင့်ကြံနေကြတဲ့သူတွေအနေဖြင့် စံပြုစရာမှတ်ကျောက်တစ်ခုကတော့ အခိုင်မာကို လိုအပ်နေတာပါပဲ။

ဒီလိုဓမ္မမှတ်ကျောက်နဲ့ တိုက်ဆိုင်စစ်ဆေးတာဟာ ရွှေအစစ်နဲ့ရွှေအတုကို မှတ်ကျောက်တင်ကြည့်တာနဲ့ တူပါတယ်။ ဆရာတော်တစ်ပါး ဟောပြဆုံးမသလိုပါပဲ.. “ဘယ်သူကပဲ ရွှေစစ်ပါတယ်လို့ အော်နေပါစေ.. ရွှေအတုပါလို့သွားပြီး အမြင်နဲ့မငြင်းပါနဲ့.. ရွှေစစ်မစစ်ကို မှတ်ကျောက်ပေါ်တင်ပြီး ဆုံးဖြတ်ပါ” ဆိုတဲ့အတိုင်းပါပဲနော်.. တရားတော်တွေကို နာကြားတဲ့အခါမှာလည်း တရားတွေမှားနေလားဆိုတဲ့ သံသယတွေနဲ့ အရင်ဆုံးမနာယူပဲနဲ့ မှတ်ကျောက်လေးနဲ့သာ ချိန်ထိုးပြီး နာယူသင့်လှပါတယ်။ ဘယ်ဆရာတော်ဟောဟော ကြည်ညိုရာမှာများသံဃာဆိုတဲ့ သံဃာ့ဂုဏ်ကိုဦးညွတ်ပြီး ဟောပြဆုံးမပေးတာတွေကို တလေးတစား နာယူမှတ်သားသင့်လှပါတယ်.. သို့ပေမယ့် သံသရာမှလွတ်မြောက်ရေးအတွက် အဆုံးမကိုလိုက်နာကျင့်ကြံတော့မယ်ဆိုရင်ဖြင့် တရားစစ်တရားမှန်တွေကို ဘုရားဟောနဲ့ထပ်တူရှိမှသာ လိုက်နာကျင့်ကြံသင့်လှပါတယ်။ ဒီဆရာတော်ကတော့ မိဘတွေအစဉ်အဆက် ကိုးကွယ်ခဲ့တဲ့ဆရာတော်မလို့၊ ဒီဆရာတော်ကတော့ ဘွဲ့တွေ ဒီဂရီတွေရလို့၊ ဒီဆရာတော်ကတော့ နာမည်ကြီးလို့ဆိုတဲ့ ပုဂ္ဂိုလ်စွဲတွေဖြင့် ကိုးကွယ်နေမယ်ဆိုရင်တော့ ဘုရားအဆုံးမနဲ့ ဝေးနေပါဦးမယ်။ ဒီအတွက်ကြောင့် ဘုရားအဆုံးမတွေကို တကယ်ကျင့်ကြံလိုက်နာမည်ဆိုရင် ဘယ်သူ့မျက်နှာမှမကြည့်ပဲ ဘုရားမျက်နှာကိုသာကြည့်ပြီး ဓမ္မစစ်စစ်ကိုသာ လိုက်နာကျင့်ကြံသင့်လှပါပေတယ်။

ဘုရားရှင်ကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင်ကလည်း သူဟောကြားခဲ့တဲ့အဆုံးမတွေကို ရမ်းယုံမှန်းယုံနဲ့ ယုံတာမျိုးကို သာဓုခေါ်တော်မမူပါဘူး။ မြတ်စွာဘုရားရှင်လက်ထက်တော်အခါတုန်းက ဘုရားရှင်တရားဟောပြီး ထွက်အသွားမှာ ဘုရားပြန်လာဟောသလိုလိုနဲ့ မာရ်နတ်ကဘုရားဟန်ဆောင်ပြီး.. သူဟောခဲ့တဲ့တရားထဲမှာ အနတ္တသဘောဆိုတာမဟုတ်ဘူး.. အားလုံးဟာ အတ္တသဘောတွေပဲလို့ လိမ်ညာပြီး ပြန်ပြင်ဟောပါတယ်။ သို့ပေမယ့် ဘုရားတရားကိုနာကြားပြီး သောတာပန်တည်ထားတဲ့ပုဂ္ဂိုလ်ကတော့ ကိုယ်ပိုင်အသိဥာဏ်နဲ့ စဉ်းစားဆုံးဖြတ်ပြီး.. ဘုရားတို့မည်သည် မှားယွင်းသောစကားမျိုးကို ဘယ်သောအခါမှ မဟောကြားဘူးဆိုတာကို သိတော်မူတာကတစ်ကြောင်း၊ နောက်ပြီး ကိုယ်ပိုင်အသိဥာဏ်နဲ့ လေ့လာဆုံးဖြတ်ပြီး ဒါတွေဟာ အတ္တမဟုတ်ဘူး အနတ္တပဲဆိုတာကို ကိုယ်ပိုင် အသိဥာဏ်နဲ့လက်ခံယုံကြည်သဖြင့် သင်ဟာ ဘုရားမဟုတ်ဘူး.. မာရ်နတ်ပဲဆိုပြီး အိမ်ထဲကမောင်းချခဲ့ပါတယ်။ အဲ့ဒီ့အတွက်ကြောင့်လည်း ဘုရားရှင်က သာဓုခေါ်တော်မူခဲ့ပါတယ်။ ဒါဟာ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင် သူဟောခဲ့တဲ့အဆုံးမတွေကို ကိုယ်တော်တိုင်လာပြီး အမှန်ကို အမှားလုပ်နေပါက လက်မခံသင့်ကြောင်းနဲ့ သူ့ရဲ့အဆုံးမတွေကို ဘယ်လောက်ထိတန်ဖိုးထားတော်မူတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ..။ ဒီတော့ ကျွန်တော်တို့တွေအနေဖြင့်လည်း ဘယ်သူ့မျက်နှာမှမကြည့်ပဲ တရားစစ်တရားမှန်ကိုသာ ကိုယ်ပိုင်အသိဥာဏ်နဲ့ ဝေဖန်ပိုင်းခြားပြီး ကိုးကွယ်သင့်လှပါပေတယ်။

ဒီလိုဘုရားအဆုံးမကို ကိုယ်ပိုင်အသိဥာဏ်နဲ့ ထပ်တူညီရွေးချယ်နိုင်ရန်အတွက် ဓမ္မမှတ်ကျောက် ဆိုတာလေးကိုတော့ သိထားရပါမယ်။
(၁) ဘယ်သူကပဲ ဒီတရားဟာ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဆီက တိုက်ရိုက်နာခဲ့တဲ့တရားပဲ၊ တရားစစ်ပဲ၊ ဘုရားဟောပဲလို့ ဘယ်လောက်ကြီးပဲပြောနေပါစေ.. မှားမမှား မှန်မမှန်ကို အရင်မဆုံးဖြတ်သင့်ပါဘူး။ အရင်ဆုံး ပိဋိကတ်တော်တွေထဲက ဘုရားဆုံးမခဲ့တဲ့အဆုံးမတွေနဲ့ တိုက်ဆိုင်စစ်ဆေးသင့်လှပါတယ်။ ဒါကတော့ စာတတ်ဖို့ လိုအပ်ပါတယ်။ သို့ပေမယ့် ကိုယ်ကိုယ်တိုင် စာမတတ်ခဲ့ရင်လည်း တကယ့်စာတတ်ပေတတ်၊ သီလ၊ သမာဓိ၊ ပညာပြည့်ဝတဲ့ ဆရာတော်တွေထံချဉ်းကပ်မေးမြန်းပြီး မှန်မမှန်ကို ကိုယ်ပိုင်အသိဥာဏ်နဲ့ လေ့လာဆုံးဖြတ်သင့်လှပါတယ်။ ပိဋိကတ်တော်ထဲကအဆုံးမတွေနဲ့ ကိုက်ညီနေရင် လက်ခံပါ။ မကိုက်ညီဘူးဆိုရင်တော့ ပယ်ပါ။
(၂) ဒီတရားကတော့ သံဃာတွေအများစုကလက်ခံတဲ့ တရားပဲ၊ တရားမှန်ပဲလို့ ဘယ်သူကပဲပြောနေပါစေ။ မှန်မမှန်ကို အရင်ဆုံး မဆုံးဖြတ်သင့်ပါဘူး။ သံဃာတွေအများစုဟောပြတဲ့ တရားတော်တွေပင် ဖြစ်လင့်ကစား.. ဘုရားဟော ပိဋိကတ်တော်နဲ့ မကိုက်ညီရင်ပယ်ပါ။
(၃) ဒီအချက်ကတော့ ဘယ်ကျောင်းတိုက်ကဆရာတော်၊ ဘယ်ကျောင်းတိုက်က စာတတ်ပေတတ်ဆရာတော်ကြီးတွေ ဟောပြတဲ့တရားပဲ.. တရားမှန်တွေပဲလို့ ပြောလာခဲ့ရင်လည်း လက်မခံပါနဲ့ဦးတဲ့။ ဘယ်လောက် စာတတ်ပေတတ်ပါတယ်ပြောပြော ဘုရားဟော ပိဋိကတ်တော်တွေနဲ့ မကိုက်ညီရင် ပယ်ပါတဲ့။
(၄) ဒီဆရာတော်ကတော့ နာမည်ကြီးဆရာတော်ပဲ၊ ဘွဲ့တွေဒီဂရီတွေလည်း အများကြီးရထားတယ်၊ ကျော်ကြားထင်ရှားတဲ့ဆရာတော်တွေပဲဆိုပြီး ဘယ်လိုနာမည်ကြီးပြီး ကျော်ကြားတဲ့ဆရာတော်ကြီးတွေပဲ ဖြစ်နေပါစေ။ ဘုရားဟောပိဋိကတ်တော်တွေထဲက အဆုံးမတွေနဲ့ မကိုက်ညီရင် ပယ်ပါတဲ့။

ဒီအထက်ဖော်ပြပါလေးချက်ဟာ အင်မတန်မှပဲမှတ်သားသင့်ပြီး ကိုယ်ပိုင်အသိဥာဏ်နဲ့ ဆုံးဖြတ်သင့်တဲ့အချက်တွေပါ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုယ်တော်တိုင် နှစ်သက်တော်မူတဲ့ အဆုံးမတွေဖြစ်တဲ့အတွက် ဘုရားအဆုံးမကို အမှန်တကယ်မြတ်နိုးတဲ့ ဆရာတော်ကြီးတွေအနေနဲ့ ဒီလိုဆုံးဖြတ်ပြီး ကိုးကွယ်မှုမျိုးကို အင်မတန်မှ သဘောကျတော်မူကြပါတယ်။ ဒါမှလည်း အတုနဲ့အစစ်ဆိုတာကို ခွဲခြားသိရှိနိုင်ပြီး သံဃာစစ်သံဃာမှန်တွေကို ကြည်ညိုတတ်လာကြမှာဖြစ်သလို.. ဓမ္မစစ်ဓမ္မမှန်နဲ့လည်း ထိတွေ့ခွင့်ရကြမှာဖြစ်ပါတယ်။ ဓမ္မစစ်ဓမ္မမှန်ကို ထိတွေ့ကျင့်ကြံနိုင်ကြမှလည်း မဂ်ဖိုလ်နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်မှာဖြစ်ပါတယ်။ ဒီလို မဂ်ဖိုလ်နိဗ္ဗာန်ရရှိရေးအတွက် တရားဓမ္မတွေကို လေ့လာမှတ်သားကျင့်ကြံတဲ့အခါမှာ ပုဂ္ဂိုလ်စွဲကိုမကြည့်ပဲ ဓမ္မကိုကြည့်ပြီး ဆုံးဖြတ်တာဟာ အင်မတန်မှ ဖြစ်သင့်လှပါတယ်။

ဒီလိုမှမဟုတ်ရင် င့ါဆရာတော်ပြောတာမှအမှန်၊ သူ့ဆရာတော်ပြောတာက အမှားဆိုရင်ဖြင့် ခြားထဲက တရားစစ်တရားမှန်ကို ပုဂ္ဂိုလ်ကဖုံးသွားနိုင်ပါတယ်။ ဒ့ါကြောင့်လည်း ဒီအထက်ဖော်ပြပါလေးချက်ဟာ ကိုယ်ကိုယ်တိုင် စဉ်းစားဆုံးဖြတ်နိုင်တဲ့ ကိုယ်ပိုင်အသိဥာဏ်ရှိဖို့ လိုအပ်သလို.. ပိဋိကတ်တော်တွေကိုလည်း နှံ့နှံ့စပ်စပ်သိထားဖို့ လိုအပ်လှပါတယ်။ ဒီလိုမှမဟုတ်ရင်ဖြင့် တရားစစ်တရားမှန်ကို ခွဲခြားဆုံးဖြတ်နိုင်ဖို့ဟာ မလွယ်ကူသေးပါဘူး။ ဒါပေမယ့် ဒီအချက်တွေကိုလည်း လက်လွှတ်ထားလို့ မဖြစ်ပါဘူး။ အဆုံးမကို လေ့လာသင်ယူတဲ့နေရာမှာ.. အဆုံးမကိုပဲကြည့်ပြီး မှန်မမှန်ကို ဆုံးဖြတ်ခြင်းဟာ သဘာဝအကျဆုံးပါပဲ။ဘယ်ဆရာတော်ကိုပဲ ဆည်းကပ်ကိုးကွယ်နေရပါစေ.. သံဃာ့ဂုဏ်ကိုဦးညွတ်ပါ.. သို့သော် အဆုံးမကိုနာယူကျင့်ကြံမယ်ဆိုရင်ဖြင့် ကိုယ်ပိုင်အသိဥာဏ်ဖြင့် ခွဲခြမ်းစိတ်ဖြာပြီး အမှန်တရားကို ရှာဖွေပါလို့ ပြောလိုပါတယ်။

နောက်ဆုံးအနေဖြင့် ဒီအချက်လေးချက်အပြင် ကိုယ့်သန္တန်မှာဖြစ်တဲ့အခြေအနေတွေနဲ့ တိုင်ဆိုင်ရမယ့်အချက်လည်း ရှိနေပါသေးတယ်။ ဒီကိုယ့်သန္တန်မှာဖြစ်တဲ့ အခြေအနေတွေနဲ့ တိုက်ဆိုင်စစ်ဆေးရမယ့် ဓမ္မမှတ်ကျောက်ကတော့ အဓိကအချက်ပါပဲ။ ဒါကတော့ ပိဋိကတ်တော်တွေ သေချာသိဖို့မလိုပေမယ့်.. မိမိကိုယ်ကို မလိမ်မညာတမ်း၊ အမှန်အတိုင်း သိမြင်နိုင်ဖို့တော့ အဓိကကျလှပါတယ်။ ကိုယ့်သန္တန်မှာ ဖြစ်ပေါ်လာတဲ့စိတ်ထားတွေနဲ့ နှိုင်းယှဉ်ပြီး လေ့လာသုံးသပ်ရမယ့်အချက်တွေကိုတော့ ဓမ္မမှတ်ကျောက်(၂)မှာ ဆက်လက်ဖြော်ပပေးသွားပါမယ်။ ဓမ္မမိတ်ဆွေများ ဓမ္မစစ်ဓမ္မမှန်ကို ကျင့်ကြံလိုက်နာခြင်းဖြင့် မိမိရည်မှန်းရာပန်းတိုင်သို့ ဆိုက်ရောက်နိုင်ကြပါစေ…။

မှတ်ချက်။ ။ ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ၏ ဓမ္မမှတ်ကျောက်တရားတော်ကို မှီငြမ်းကိုးကား၍ ရေးသားထားပါသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP