* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, November 4, 2010

လူတိုင်းအတွက် ပဋ္ဌာန်း(အဆက်)

Tuesday, 02 November 2010 22:59 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

သဟဇာတ၊ အညမည၊ နိဿိဿယ (၂)Resized_IMG_0829

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

ဒေသနာတော် ဟောစဉ် အရတော့ သဟဇာတ၊ အညမည၊ နိဿယလို့ အစဉ်အတိုင်း ရှိပါတယ်။ ဒီပစ္စည်း သုံးမျိုးနဲ့ ပတ်သက်လို့ ပဋ္ဌာန်းအကျော် ဆရာတော်ကြီး နှစ်ပါးတို့ရဲ့ အဆိုအမိန့် အဆုံးအမ များကို အရင်တစ်ပတ်က ပြောခဲ့ပါတယ်။ တစ်ပါးက အသံရဲ့အနက်ကို ကောက်ယူ ဆုံးမတော်မူတာ၊ တစ်ပါးက အဓိပ္ပါယ် အနက်နဲ့ ခံယူ(ခံစား)နက်ကို ကောက်ယူ ဆုံးမတော် မူတာဖြစ်ပါတယ်။

အခုတစ်ခါ ဒေသနာတော်မှာလာတဲ့ အတိုင်းကျေးဇူးပြုပုံကို နည်းနည်းဆက်ပြောချင်ပါသေးတယ်။ ဒီလိုပြောတဲ့အခါမှာ ဒေသနာတော်လာ အစဉ်အတိုင်းမဟုတ်ဘဲ ကျေးဇူးပြုပုံ ဧရိယာအကျဉ်းအကျယ်အလိုက် အညမညပစ္စည်းကစပြီး ပြောပါမယ်။

“အညမညပစ္စည်း”

“အညမည”ဆိုတာ အချင်းချင်း(ဝါ)အပြန်အလှန် လို့ အဓိပ္ပါယ်ရပါတယ်။ သက်ရှိသတ္တဝါလို့ သတ်မှတ်ခံရတဲ့ သတ္တဝါ အနန္တတွေ ထဲမှာ ရုပ်ချည်း သက်သက် တည်နေတဲ့ အသညသတ်ဘုံသားသတ္တဝါတွေနဲ့ နာမ်တရားချည်းသက်သက်တည်နေတဲ့ အရူပဘုံသား သတ္တဝါ တွေကလွဲလို့ ကျန်တဲ့ လူတွေçနတ်တွေçရူပဗြဟ္မာတွေပါ အားလုံးတို့မှာရုပ်တရားနဲ့ နာမ်တရားဆိုပြီး အခြေခံတရားနှစ်ပါးရှိပါတယ်။

သဘောအကျဉ်း သိသာရုံလောက် မှတ်ထားဖို့ကတော့ ရုပ်တရားတွေဆိုတာ သိစရာအာရုံ တရားများသာဖြစ်ပြီး နာမ်တရားဆိုတာ ကတော့ သိတတ်တဲ့အစွမ်းရော သိစရာအာရုံသဘောပါ အစွမ်းသတ္တိနှစ်မျိုးရှိပါတယ်။ ဝိပဿနာတရားပြဆရာ အချို့ကတော့ ယောဂီများ မှတ်သားရလွယ်ကူအောင်ဆိုပြီး သိစရာက“ရုပ်” ၊ သိတာက“ နာမ်”လို့ ပြောလေ့ရှိပါတယ်။ ဒါက အကြမ်းဖျင်းသိလွယ်ရုံ ပြောတာပါ။

နာမ်တရားက သိတတ်တဲ့သဘောကော၊ သိစရာအာရုံသဘောပါ နှစ်မျိုးလုံးဖြစ်နိုင်တယ်။ အတွေးအာရုံထဲက စိတ်ကူးယဉ် အတွေးတွေထဲမှာ ဘယ်လိုစိတ်ဓာတ်မျိုးတွေမွေးမြူမယ်၊ ဘယ်လိုအသိပညာတွေ လေ့လာသင်ယူမယ်လို့ တွေးကြံတဲ့အခါ အဲဒီအတွေးရဲ့အာရုံဖြစ်တဲ့ စိတ်ဓာတ်တို့၊ အသိပညာတို့၊ ဗဟုသုတတို့ဆိုတာတွေဟာ နာမ်အာရုံ တွေဖြစ်ပါ တယ်။ဒါက နောက်နောင်မှာ သံသယကင်းအောင်လို့ စကားကုန်ပြော လိုက်တာပါ။ တိုရှင်းလိုရင်းအနေနဲ့တော့ သိတာက“နာမ်” ၊ သိစရာက “ရုပ်” ဆိုတာလောက်ကို သဘောပေါက်ထားရင်ပဲ မဆိုးတော့ပါဘူး။

အဲဒီသိတာက “ နာမ်” လို့ဆိုတဲ့ စကားထဲမှာ “သိတယ်” ဆိုတာ သိမှုသက်သက်ကလေး သီးသန့်ဖြစ်တာ မဟုတ်ပါဘူး။ “သိတယ်” လို့ဆိုနိုင်တဲ့ အဆင့် အထိ ပီပြင်အောင် သိဖို့အတွက် ခံစားမှုဝေဒနာအစု၊ မှတ်သားမူသညာအစု၊ နှလုံးသွင်းဆင်ခြင်စဉ်းစားမှု သင်္ခါရအစု၊ သိမှု “ဝိဥာဏ်” အစု ဆိုပြီး အစုအဝေးလေးခုတို့ စုပေါင်းပုံဖော်ပေးမှ “ သိမှု”ဆိုတဲ့ နာမ်တရားဖြစ်ပါတယ်။

ဒါကြောင့် “သိတတ်တယ်” ဆိုတဲ့ နာမ်တရားမှာ “ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ”ဆိုတဲ့ အစုအဝေးလေး ခုပါဝင်ပါတယ်။ အဘိဓမ္မာမှာ “နာမက္ခန္ဓာလေးပါး” လို့ခေါ်ပါတယ်။

ဒီနာမ်တရားအစုအဝေးလေးခုတို့ဟာ တစ်ခုနဲ့တစ်ခု သီးခြားစီကင်းကွာပြီး လုံးဝဖြစ်နိုင်စွမ်းမရှိကြပါဘူး၊ လေးပါးလုံး ဖြစ်လည်း အတူတူ၊ ချုပ်ပျောက်တော့လည်း အတူတူ၊ အာရုံပြုတော့လည်း အတူတူ၊ ရုပ်ဝတ္ထုကိုတည်မှီကြတော့လည်း အတူတူ” ဆိုတဲ့ တူညီမှုလေးမျိုးနဲ့ ပူးပေါင်းဖြစ်ပျက်ကြရတာပါ။ အဲဒီလို တူညီမှုလေးမျိုးနဲ့ နာမ်တရားအစုအဝေးလေးခုတို့ ဖြစ်ကြ၊ ပျက်ကြရာမှာ အချင်းချင်းတစ်ပါးက ကျန်သုံးပါးကို၊

ကျန်သုံးပါးက တစ်ပါးကို၊ နှစ်ပါးက နှစ်ပါးကို အပြန်အလှန်ကျေးဇူးပြုပေးနေတဲ့ သဘောကိုပဲ “အညမည” ဖြစ်ကြတယ်၊ အညမညပစ္စည်းနဲ့ ကျေးဇူးပြု ပေးတယ်လို့ခေါ်ပါတယ်၊ ဒါက နာမက္ခန္ဓာလေးပါးတို့ အချင်းချင်းကျေးဇူးပြုတာပါ။ နာမ်တရားတို့ဟာ အစုအဝေးလေးခု စုပေါင်းဖြစ်ပျက်ကြရသလိုပဲ ရုပ်တရားများဟာလည်း အခြေခံတည်မှီရာ ဓာတ်ကြီးလေးပါးဆိုတာရှိပါတယ်။ “ မြေဓာတ်၊ ရေဓာတ်၊ မီး၊ လေဓာတ်ဟု၊ လေးရပ်ဘုတ်ကြီး၊ ပွားစီးအနက်”လို့ လယ်တီဆရာတော် ဘုရားကြီးက လင်္ကာလေးနဲ့ ရေးထားခဲ့ပါတယ်။

အဲဒီဓာတ်ကြီးလေးပါးတို့ဟာလည်း တစ်ပါးစီသီးခြား ရပ်တည်နိုင်စွမ်းမရှိကြပါဘူး၊ အချင်းချင်းအမှီပြုပြီး ဖြစ်၊တည်၊ ပျက် နေကြရတာပါ၊ ဒါလည်း အညမညပါပဲ။

ပြီးတော့ ခန္ဓာငါးပါးရှိတဲ့ ပဉ္စဝေါကာဘုံသား သတ္တဝါတွေမှာ ဘဝသစ်တစ်ခု စတင်ဖြစ်ရတဲ့ အခိုက်ကလေးမှာကတည်းက နာမ်မျိုး စေ့ဖြစ်တဲ့ ပဋိသန္ဓေနာမ်တရားနဲ့ ရုပ်မျိုးစေ့ဖြစ်တဲ့ ကမ္မဇရုပ်တွေတစ်ပြိုင်နက်ဖြစ်ကြပါတယ်၊ အဲဒီရုပ်တွေထဲမှာလည်း ပဓာနအနေနဲ့ကတော့ နောင်တစ်ချိန်မှာ “နှလုံးသား” ရယ်လို့ဖြစ်လာမယ့် “ဟဒယဝတ္ထု” ရုပ်ပါပဲ။ အဲဒီ ဟဒယဝတ္ထုရုပ်နဲ့ ပဉ္စဝေါကာရပဋိသန္ဓေနာမ်တရားတို့ဟာလည်း အချင်းချင်း ကျေးဇူးပြုပေးလို့ ဖြစ်ခွင့်ရကြတာပါ။ ဒါလည်း အညမညတစ်မျိုးပါပဲ။

အားလုံးချုပ်လိုက်ရင်တော့ (၁)နာမ်ခန္ဓာလေးပါးအချင်းချင်းရယ်၊ (၂)မဟာဘုတ်ရုပ်ကြီးလေးပါးအချင်းချင်းရယ်၊(၃)ပဉ္စဝေါကာရပဋိသန္ဓေနာမ်ခန္ဓာနဲ့ ဟဒယဝတ္ထုတို့ အချင်းချင်းရယ်ဆိုပြီး သုံးမျိုးပြားပါတယ်။ လောကမှာ ပြောဆိုနေကြတဲ့ “ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ”ဆိုတာတို့၊ မိဖနဲ့သားသမီး၊ ဆရာနဲ့တပည့်၊ နိုင်ငံနဲ့နိုင်ငံသားတို့စတဲ့ အပြန်ပြန်အလှန်လှန် ကျေးဇူးပြုတတ်တဲ့သဘော မျိုးတွေဟာလည်း အညမညပစ္စည်း သဘောမျိုးနဲ့ အလားတူပါတယ်။

အဋ္ဌကထာဆရာတော်များကတော့ အညမညပစ္စည်းရဲ့ ကျေးဇူးပြုပုံဟာ “ လွင်တီးခေါင်မှ သစ်သားသုံးချောင်းတို့ အရင်းကား အဖျားစုပြီး အချင်းချင်းအမှီပြုရပ်တည်နေပုံနဲ့တူတယ်” လို့ ဥပမာပေးပါတယ်။ တစ်ခုပေါ်တစ်ခု အမှီပြုရပ် တည်နေရတာဖြစ်လို့ တစ်ခုမရှိရင် ကျန်နှစ်ခုတို့လည်း ထောင်လျက်ရပ်တည်မနေနိုင်တော့ဘဲ လဲကျမှာပါ။ အချင်းချင်း အပြန်အလှန်သဘောဖြစ်လို့ ကျေးဇူးပြုပုံဟာ လောကအလိုအရ ကျဉ်းမြောင်း သလိုထင်ရပေမယ့် သိပ်သိပ်သည်းသည်း စုစုစည်းစည်း ရှိတယ်လို့တော့ ဆိုနိုင်ပါလိမ့်မယ်။

“သဟဇာတပစ္စည်း”

“သဟဇာတ”ဆိုတာ အတူတူဖြစ်ဖော်ဖြစ်ဖက် အဖြစ်ကျေးဇူးပြုတာပါ။ အထက်မှာ ပြောခဲ့တဲ့ အညမညပစ္စည်း ကျေးဇူးပြုပုံဟာလည်း အတူတူဖြစ်ဖော်ဖြစ်ဖက်ချင်း အပြန်အလှန်ကျေးဇူးပြုတာပဲဖြစ်လို့ အညမညပစ္စည်းတိုင်းဟာ သဟဇာတပစ္စည်းလည်းဖြစ်ပါတယ်။

ဘာထူးသလဲဆိုတော့ အညမညပစ္စည်းက အပြန်အလှန်ကျေးဇူးခံ၊ ကျေးဇူးစားဆိုသလိုဖြစ်တဲ့ တရားချင်းသာ ကျေးဇူးပြုတယ်။ သဟဇာတကတော့ အတူတကွဖြစ်ဖက်တရားမှတ်သမျှကို အပြန်အလှန်ကျေးဇူးတုံ့ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကျေးဇူးပြုပေးပါတယ်။ ဥပမာ ... ကုသိုလ်စိတ်တစ်ခုခု ဖြစ်လာတယ်ဆိုပါစို့၊ ကုသိုလ်စိတ်နဲ့အတူ ဆိုင်ရာယှဉ်ဖက် စေတသိက်တရားတွေလည်း ဖြစ်တူ၊ ပျက်တူ၊ အာရုံတူ၊ မှီရာတူ အနေနဲ့ စုပေါင်းဖြစ်ပါတယ်။ ခန္ဓာအရပြောမယ်ဆိုရင် နာမက္ခန္ဓာတရားလေးပါး ဖြစ်ပါတယ်။ အဲဒီ ကုသိုလ်တရားစု တွေဟာ စိတ်ကြောင့်ဖြစ်တဲ့ စိတ္တဇရုပ်တွေကိုလည်းဖြစ်စေနိုင်တဲ့ သတ္တိရှိတဲ့အတွက် ကုသိုလ်ကြောင့်ဖြစ်တဲ့ စိတ္တဇရုပ်တွေလည်း အသစ် ဖြစ်လာပါတယ်။ အကုသိုလ်စိတ်ဖြစ်တဲ့အခါမှာလည်း အလားတူပါပဲ။ အကုသိုလ်ကြောင့်ဖြစ်တဲ့ စိတ္တဇရုပ်တွေဖြစ်တာပါပဲ။

ဒီစိတ်စေတသိက်ဆိုတဲ့ နာမ်တရားတွေဟာ “နှလုံးသား”လို့ခေါ်တဲ့ ဟဒယဝတ္ထုကိုမှီပြီးဖြစ်ရတဲ့တရားတွေ ဖြစ်လေတော့ မှီပြီးဖြစ်တဲ့ နာမ်တရားက ကြည်လင်အေးမြခြင်းသဘောရှိတဲ့ ကုသိုလ်တရားတွေဖြစ်ခဲ့ရင် တည်မှီရာဖြစ်တဲ့ နှလုံးသားဟာ လည်းကြည်လင်အေးမြပါတယ်။ နှလုံးသားကြည်လင်အေးမြတဲ့အတွက် နှလုံးသားဗဟိုပြု တည်မှီလည်ပတ်နေတဲ့ နှလုံးသွေးများ လည်းကြည်လင်အေးမြတယ်။ နှလုံးသွေးများ ကြည်လင်အေးမြတော့ နှလုံးသွေးလည်ပတ်ပျံ့နှံ့ရာ တစ်ကိုယ်လုံးမှာရှိတဲ့ ရုပ်တွေလည်းကြည်လင်အေးမြတဲ့ ရုပ်သစ်တွေဖြစ်ရပါတယ်။ အဲဒါစိတ္တဇရုပ်သစ်တွေဖြစ်တာပါပဲ။ တခြားနေရာတွေမှာ မသိသာလှပေမယ့် “မျက်နှာ” မှာတော့ အတော်ကိုသိသာထင်ရှားပါတယ်။ စိတ်ကောင်း စိတ်ကြည်လေးတွေဖြစ်နေချိန်မှာ မျက်နှာပြင်ရုပ်တွေဟာလည်း ရုပ်ကောင်းçရုပ်ကြည်ရုပ်အေးလေးတွေ ဖြစ်ပေါ်တဲ့အတွက် ကိုယ်တိုင်လည်း အေးမြချမ်းသာ တယ်။ မြင်ရသူတွေကိုလည်း အေးမြချမ်းသာစေပါတယ်။ “ဓာတ်ကူးတယ်”ဆိုတာ ဒီသဘောပဲ ဖြစ်မယ်ထင်ပါတယ်။

အကုသိုလ်တရားတွေဖြစ်ချိန်မှာလည်း ဒီအတိုင်းပါပဲ။ ဒေါသဖြစ်နေချိန်မှာ မျက်နှာကြီးတစ်ခုလုံး နီမြန်းပုပ်သိုး အရုပ်ဆိုးနေတာကို တွေ့ကြရမှာပါ။ အဲဒါဟာ အကုသိုလ်ကြောင့်ဖြစ်တဲ့ စိတ္တဇရုပ်တွေပါ။ ကိုယ်တိုင်ပူလောင်ဆင်းရဲရသလို မြင်ရသူတွေကိုလည်း ပူလောင်ဆင်းရဲစေတဲ့ရုပ်မျိုးပါ။

“မြတ်စွာဘုရားရှင် ပဋ္ဌာန်းဒေသနာတော်ကြီးကို သုံးသပ်ဆင်ခြင်တော်မူတဲ့အခါ ရောင်ခြည်တော်ခြောက်သွယ်တို့ ကွန့်မြူးတယ်”ဆိုတာ အားလုံးကြားဖူးကြမယ် ထင်ပါတယ်။

မြတ်စွာဘုရားရှင်က သဗ္ဗညုတဥာဏ်တော်ကြီးကို ရရှိတော်မူပြီးတဲ့အခါ လောကသုံးပါးမှာရှိတဲ့ ချေချွတ်ဟောကြား ရမယ့် လူ၊ နတ်၊ ဗြဟ္မာအားလုံးကို ကြည့်ရှုဆင်ခြင်လိုက်တော့ ဟောကြားရမယ့်တရားက ပါးပါးလေးပဲ ရှိတယ်။ သဗ္ဗညုတဥာဏ်တော်ရဲ့အစွမ်းက အဆမတန်အားကြီးနေတဲ့အတွက် ဉာဏ်တော်မကွန့်မြူးသာလောက်ဘဲ ဖြစ်နေတယ်။ “ ဥာဏ်တော်မကွန့်မြူးသာဘူး” ဆိုတာ အခုခေတ် လိုပြောရရင်တော့ “ ဒီလောက်ဝေနေယျတွေ အကျွတ်တရား ရဖို့ လောက်ဟောရမှာကတော့ ပျင်းတောင်ပျင်းသေးတယ်” ဆိုတဲ့ သဘောမျိုး ဖြစ်နေတာပါ။

အဲဒီတော့ ဘုရားရှင်က ဝေနေယျတို့ရဲ့ စရိုက်ဝါသနာပါရမီဓာတ်ခံတွေနဲ့ အသိဥာဏ်ဓာတ်ခံတွေကို လုံးဝမငဲ့ကွက်ဘဲ ဥာဏ်တော်ကို အစွမ်းကုန်ဖြန့်ကျက်ပြီး ပဋ္ဌာန်းဒေသနာတော်ကြီးကို ဆင်ခြင်သုံးသပ်တော်မူလိုက်တဲ့အခါ အဋ္ဌကထာ ဆရာတော်ပြောတဲ့ ဥပမာအတိုင်း ပြောရမယ်ဆိုရင် “ ပင်လယ်ပျော်ငါးကြီးတွေဟာ မြစ်ချောင်း၊ အင်းအိုင်ထဲရောက်နေတဲ့အခါ မလူးသာမလွန့်သာ ပျင်းရိငြီးငွေ့နေရာက အလွန်ကျယ်ဝန်းနက်ရှိုင်းတဲ့ သမုဒ္ဒရာကြီးထဲရောက်တဲ့အခါမှာတော့ စိတ်ရှိတိုင်း ကျက်စား လူးလွန့်ကူးခပ် လှုပ်ရှားပျော်မြူးသွားသလိုပါပဲ” တဲ့။

သဗ္ဗညုတဥာဏ်တော်ကြီးဟာလည်း ပညာအရာမှာဧတဒဂ်ရတဲ့ အရှင်သာရိပုတ္တရာလို ဝေနေယျတို့ပင် မှန်းဆလို့မမြင်မသိနိုင် လောက်အောင် နက်နဲကျယ်ဝန်းလှတဲ့ ပဋ္ဌာန်းဒေသနာတော်ကြီးကို သုံးသပ်ဆင်ခြင်လိုက်တဲ့အခါကျမှ ဥာဏ်တော်ဟာအစွမ်းကုန်လူးလွန့် ကျက်စားခွင့်ရတဲ့အတွက် ဥာဏ်တော်ကွန့်မြူးသွားသတဲ့။ ကွန့်မြူးတယ်ဆိုတာ ဥာဏ်တော် အစွမ်းကုန်ပျော်ရွှင်ပြီး အစွမ်းကုန်ကြည်လင် သွားတယ်လို့ပဲ ဆိုရမှာပေါ့။

ဥာဏ်တော်က အစွမ်းကုန်ကြည်လင်ကွန့်မြူးတဲ့အခါ ဥာဏ်တော်ရဲ့တည်မှီရာ ဟဒယနှလုံးအိမ်ဟာလည်း အစွမ်းကုန် ကြည်လင်သွားတယ်။ နှလုံးအိမ်ကကြည်လင်တော့ နှလုံးအိမ်မှာတည်မှီလည်ပတ်တဲ့ နှလုံးသွေးများဟာလည်း အစွမ်းကုန်ကြည်လင်သွားတယ်။

နှလုံးသွေးလည်ပတ်ပျံ့နှံ့ရာ တစ်ကိုယ်လုံးသာမက ခန္ဓာကိုယ်နဲ့ဆက်စပ်နေတဲ့ ဆံတော်၊ မုတ်ဆိတ်တော် သွားတော်စသည်တို့ပါ အစွမ်းကုန် ကြည်လင်တောက်ပပြီး ညိုတဲ့နေရာက ညိုတဲ့ရောင်ခြည်တွေ၊ နီတဲ့နေရာ၊ ဖြူတဲ့နေရာစသည်တို့ကလည်း ညိုတဲ့ရောင်ခြည်၊ နီတဲ့ရောင်ခြည်စတဲ့ ရောင်ခြည်တော်ခြောက်သွယ်တွေ ကွန့်မြူးထွက် ပေါ်လာကြတာပါ။ အဲဒါတွေအားလုံးဟာ သဗ္ဗညုတဥာဏ်တော်နဲ့ ယှဉ်တွဲဖြစ်ပေါ်တဲ့ စိတ် စေတသိက်တရားတွေကြောင့်ဖြစ်ရတဲ့ စိတ္တဇရုပ်တွေကနေ ထွက်ပေါ်တဲ့အရောင်တွေဖြစ်ပါတယ်။

နာမက္ခန္ဓာတရားတွေဟာ အချင်းချင်းလည်း ခန္ဓာတစ်ပါးက သုံးပါးကို၊ သုံးပါးက တစ်ပါးကို၊ နှစ်ပါးက နှစ်ပါးကို အပြန်အလှန် (အညမည) အနေနဲ့လည်းကျေးဇူးပြုတယ်၊ အတူဖြစ်ဖက်(သဟဇာတ)အနေနဲ့လည်းကျေးဇူးပြုတယ်၊ စိတ္တဇရုပ်တွေကိုကျတော့ အပြန်အလှန်သဘောမျိုးမရှိပေမယ့် အတူဖြစ်ဖက်အဖြစ် သဟဇာတသတ္တိနဲ့ ကျေးဇူးပြုပေးပါတယ်။ လောကအလိုပြောရရင်တော့ သဟဇာတကအညမည ထက် သဘောထားကြီးတယ်လို့ ဆိုရမှာပေါ့။

မဟာဘုတ်တရားတွေလည်း အလားတူပါပဲ၊ အညမညပစ္စည်းက မဟာဘုတ်လေးပါး အချင်းချင်းကိုပဲ အပြန် အလှန် ကျေးဇူးပြုတယ်၊ သဟဇာတ ပစ္စည်းကျတော့ အပြန်အလှန်မဟုတ်ပေမယ့် မိမိတို့ကိုမှီတွယ်ပြီးဖြစ်တဲ့ ဥပါဒါရုပ်တွေကိုလည်း ကျေးဇူးပြုပေးပါတယ်။

အညမညပစ္စည်းက အချင်းချင်းအပြန်အလှန်အပေးအယူ အားကိုးအားထား ပြုရတဲ့ဆွေမျိုးမိတ်ဆွေအချင်း ရိုင်းပင်းကူညီတာနဲ့ တူတယ်။ သဟဇာတပစ္စည်းက ဆွေမတော်မျိုးမတော် မိတ်ရင်းဆွေရင်းမဟုတ်ပေမယ့် တစ်ရပ်တည်းနေ၊ တစ်ရေတည်းသောက်များဖြစ်လို့ အရေးရှိတဲ့အခါ ကိုယ်အသိနဲ့ကိုယ် ကူညီ ရိုင်းပင်းတာနဲ့တူတယ်လို့ ဥပမာပေးနိုင်မယ် လို့ထင်ပါတယ်။

လောကစကားမှာတော့ “အကြောင်းနဲ့အကျိုး”လို့ပြောလိုက်ရင် အကြောင်းကအရင်ဖြစ်ပြီးတော့ အကျိုးကနောက်မှ ဖြစ်တယ်လို့ပဲသိကြတာများတယ်။ ပဋ္ဌာန်းဒေသနာတော်ကြီးကို လေ့လာကြည့်တော့မှ “အကြောင်းနဲ့အကျိုး” ဆိုရာမှာ အကြောင်းကအရင် အကျိုးကနောက်မှ ဖြစ်တာရှိသလို၊ အကြောင်းနဲ့အကျိုး တစ်ပြိုင်နက်ဖြစ်တာလဲရှိတယ်၊ အကျိုးကအရင်ဖြစ်နှင့်ပြီး အကြောင်းကနောက်မှ ဖြစ်ရတာလည်းရှိတယ်လို့ သိလာရတယ်။

အဲဒီသုံးမျိုးထဲမှာ သဟဇတပစ္စည်းဆိုတာ “ မီးတောက်ကြောင့် အလင်းရောင်ဖြစ်တယ်” ဆိုတဲ့ ကိစ္စမျိုးလိုပဲ အကြောင်းနဲ့အကျိုးတစ် ပြိုင်နက်ဖြစ်ပြီး ကျေးဇူးပြုတဲ့ပစ္စည်းမျိုးဖြစ်ပါတယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP