* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, November 14, 2010

ငြိမ်းချမ်းရေးစိတ်ဓာတ် (အဆက်)




နိဂုံး

အတတ်ပညာ တစ်ဟုန်ထိုး တိုးတက်လာသောကမ္ဘာကြီးသည် လူတို့၏ အတ္တအခြေခံစိတ်ကြောင့် မလှမပ ဖြစ်နေရသည်။ ထိုအတ္တစိတ်များ နည်းပါးသွားပါက ပိုင်ဆိုင်ထားသောအတတ်ပညာဖြင့် လောကကို ကောင်းစွာအလှဆင်နိုင်မည်ဖြစ်ပြီး မျိုးဆက်သစ်တို့အတွက်လည်း ကောင်းမွေကို ထားရစ်နိုင်မည်ဖြစ်သည်။

သံသရာခရီးနှင့်ယှဉ်လျှင် မျိုးဆက်တစ်ခု၏သက်တမ်းသည် ဘာမျှမရှိ၊ သို့သော်လည်း မျိုးဆက်ပေါင်းများစွာတို့၏ ကောင်းမွေ၊ ဆိုးမွေများဖြင့် လောကကြီး ပြုံးတစ်ခါ၊ ရယ်တစ်လှည့်ဖြင့် ရှင်သန်နေရပါသည်။ “မင်းကောင်း“တို့၏ လက်ထက်တွင် တိုင်းပြည်တစ်ခု သာယာဝပြောခဲ့ကြရသော်လည်း “မင်းဆိုး“တို့လက်ထက်တွင် လောကကြီး မလှမပ ဖြစ်ခဲ့ကြရသည်။ ကမ္ဘာ့သမိုင်းတွင် “မင်းကောင်း“အရေအတွက် အလွန်နည်းသည်။ မြန်မာ့သမိုင်းတွင်လည်း “မင်းကောင်း”အရေအတွက် လက်ချိုးရေ၍ပင်ရသည်။

လူသည်အတ္တကို သီးခြားဖိတ်ခေါ်စရာမလို၊ မွေးစကပါလာသော ဖွားဖက်တော်သာဖြစ်သည်။ ထိုအတ္တပါးလျစေရန် လောကမှရရှိသောပညာဖြင့် သင်းသတ်ရသည်။ ထိုအတ္တ ပါးလျမှသာလျှင် ငြိမ်းချမ်းရေးစိတ်ဖြစ်၍ အများကောင်းကျိုးအတွက် သယ်ပိုးနိုင်မည်ဖြစ်သည်။ အချို့ ကား ထိုစိတ်မျိုးရှိသော်လည်း ပညာမကြီးလျှင် လုပ်ခွင့်မရတတ်ကြ။ အခြေခံသည် “စေတနာ”သာဖြစ်၏။ ဒုတိယသည် “ပညာ” ဖြစ်၏။ ပညာတကယ်ဖြစ်လျှင်လည်း စေတနာကို ပြန်လည်မွေးဖွားနိုင်ပါသည်။ သို့သော် အများစုမှာ “အတတ်”ကို “အသိ”ဖြင့် မှားယွင်းတတ်ကြသည်။ ထိုမှားသောအသိဖြင့် ဘ၀ကိုရှင်သန်ကြသည်။ လောကအတွက် ဘာမှ လုပ်မပေးနိုင်ခဲ့ကြ။

လူသည်ဝမ်းရေးအတွက် အတ္တကိုအခြေခံလျှင် အပြစ်မဆိုသာ။ အခြေခံ စား၊ ၀တ်၊ နေရေးအတွက် အတ္တဦးစားပေးလျှင်လည်း အပြစ်ဆိုမည့်သူ မရှိသေး။ ပြည့်စုံလုံလောက်သော အခြေအနေတစ်ခုကို ပိုင်ဆိုင်ပြီးနောက် အကန့်အသတ်မရှိ၊ ပို၍ပြည့်စုံကုံလုံသော အခြေတစ်ခုအတွက် အတ္တကိုရှေ့ တန်းတင်လွန်းလာလျှင် ကောင်းသည်ဟု မဆိုသာတော့။ တိရစ္ဆာန်တို့ထက် ပို၍ထူးကဲသည်ဟု ပြော၍မရ။ Maslow ၏ လူသားလိုအပ်ချက်(၇)ဆင့်တွင် အားလုံးသည် ပိုမိုပြည့်စုံသော ဘ၀၊ အသိအမှတ်ပြုခံလိုသော အခြေအနေစသည်ဖြင့်သာ အတ္တကို အခြေခံထားကြောင်း တွေ့ရသည်။ နောက်ဆုံးအဆင့်ဖြစ်သော Self Actualization အဆင့်တွင်မှသာ အမှန်ကို သုံးသပ်မိသောအဆင့် ဖြစ်လာသည်။ သို့သော်လည်း အတ္တချသည်ဟုကား မဆိုသာသေး။

လူသည် အတ္တ၏သားကောင်ဖြစ်သော်လည်း၊ တစ်ဘက်က လောက၏သားကောင်လည်းဖြစ်သည်။ အတ္တကိုအခြေခံသော စား၊ ၀တ်၊ နေရေးအဆင့်အတွက် မဖယ်ရှားနိုင်ခြင်းကို အပြစ်မဆိုသာသော်လည်း ပြည့်စုံသောဘ၀တွင် အများအကျိုး၊ လောကအကျိုးအတွက် စောင်းငဲ့ကြည့်သင့်ပါသည်။ လောကကြီး ဆက်လက်တည်တံ့ရန် လူတိုင်းတွင် တာဝန်ရှိပါသည်။ အများအတွက် စိတ်၊ လောကအတွက်စိတ်သည် တစ်နည်းဆိုလျှင် ငြိမ်းချမ်းရေးစိတ်ဖြစ်သည်။ ထိုစိတ်မျိုးနှင့် ဝေးကွာလွန်းနေပါလျှင် ထိုသူသည် လူမှတစ်ပါး အခြားသတ္တ၀ါအုပ်စုများနှင့် ပို၍နီးစပ်သည့်သဘော ဖြစ်လာပါသည်။ လူတိုင်း ငြိမ်းချမ်းရေးစိတ် ထားသင့်သည်လည်းဖြစ်သည်။

ဒေါက်တာနေဇင်လတ်


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP