* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, October 7, 2010

မဟောသဓာဇာတ် (အပိုင်း-၈)

0005052Kph0.jpg

ငမည်းကွနှင့် ငကျောရှည် အမှု

တစ်ခါသော် ငမည်းကွ (ဂေါတကာဠ) အမည်ရှိသော ယောက်ျားပျိုတစ်ယောက် ရှိသည်။ သူသည် အရပ်ကလည်း ပုကွသည်။ အသားကလည်း မည်းသည်။ ထို့ကြောင့် 'ငမည်းကွ' ဟု အမည်တွင်ခြင်း ဖြစ်သည်။

သူသည် ရွာနီးချင်းမှ လယ်လုပ်သူ တစ်ဦး၏ သမီးကို မေတ္တာရှိသည်။ ထိုအမျိုးသမီးမှာ ထန်းပင်ကဲ့သို့ မြင့်သွယ်သော ကိုယ်ဟန်ရှိသဖြင့် မအိမ်ထန်း(ဒီဃတာလာ) ဟု အမည်တွင်သည်။

ငမည်းကွသည် မအိမ်ထန်း၏ မိဘတို့အား သမီးကို ထိမ်းမြားပေးပါရန် တောင်းခံသည်။ မအိမ်ထန်း၏ မိဘများက မိမိတို့၏ အိမ်၌ ၇-နှစ် အလုပ်လုပ်လျက် ကျွန်ခံလျှင် ထိမ်းမြားပေးမည်ဟု ဆိုသည်။ ငမည်းကွလည်း လက်ခံကာ ၇-နှစ်တိုင် ကျွန်ခံသည်။ ၇-နှစ် စေ့သောအခါ မအိမ်ထန်း၏ မိဘများကလည်း ကတိအတိုင်း ပေးထိမ်းမြားသည်။ မိမိတို့အိမ်မှာပင် နေစေသည်။

ငမည်းကွသည် ယောက္ခမအိမ်၌ နေရာမှ တစ်နေ့တွင် ထိုအိမ်၌ မနေလို။ မိဘရပ်ထံ သွားရောက်နေလိုသော ဆန္ဒဖြစ်လာသည်။ ထို့ကြောင့် မအိမ်ထန်းအား သူ၏ မိဘရပ်ထံ သွားရောက်နေထိုင်လိုကြောင်း ပြောသည်။ မအိမ်ထန်းက ၃-ကြိမ်တိုင် တားမြစ်သည်။ မရ။ နောက်ဆုံးတွင် ငမည်းကွနောက်သို့ လိုက်ပါသွားသည်။

လမ်းခရီးတွင် မြစ်တစ်ခုသို့ ရောက်လာသည်။ သူတို့နှစ်ဦးလုံး ရေကြောက်သူများ ဖြစ်ကြသဖြင့် မြစ်ကို မကူးဝံ့။ ကမ်းပါးတွင် ရပ်လျက် တစ်ဖက်ကမ်းကို မျှော်လျက်နေကြသည်။

ထိုအခိုက် သူတို့အနီးသို့ ယောက်ျားတစ်ယောက် ရောက်လာသည်။ သူသည် ကျောကုန်း ရှည်လှသည်။ ထို့ကြောင့် ငကျောရှည် (ဒီဃပိဌိ) ဟု အမည်တွင်သည်။

ငမည်းကွက "အဆွေ- ဤမြစ်သည် ရေနက်သလော။ ရေတိမ်သလော" ဟု ငကျောရှည်ကို မေး၏။ ငကျောရှည်က "ဤမြစ်ကား အလွန်ပင် ရေနက်၏။ ငါး၊ လိပ်၊ မကန်း၊ မိကျောင်း၊ လင်းပိုင်တို့လည်း ရှိ၏" ဟူ၍ လိမ်ညာပြော၏။ ငမည်းကွက "ဤသို့ဆိုလျှင် သင် မည်သို့ကူးမည်နည်း" ဟု မေး၏။ ငကျောရှည်က "ဤမြစ်၌ ငါသည် ကျင်လည်နေသဖြင့် မိကျောင်း၊ လင်းပိုင်တို့သည် ငါနှင့် ယဉ်ပါးနေသည်။ ငါ့ကို ရန်မပြုကြပါ" ဟူ၍ လိမ်ညာပြောပြန်၏။

ငမည်းကွလည်း ငကျောရှည်စကားကို ယုံကြည်ကာ မိမိတို့ကို တစ်ဖက်ကမ်းသို့ ပို့ပေးရန် တောင်းပန်၏။ ငကျောရှည်လည်း လက်ခံသည်။ မအိမ်ထန်းကို ပခုံးပေါ်မှာ ထမ်းလျက် အလျင်ပို့၏။ မြစ်ထဲသို့ အတန်ငယ် ဆင်းမိသောအခါ ရေနက်သည်ဟု ထင်စေရန် ဆောင့်ကြောင့်ထိုင်၍ သွားလေသည်။

မြစ်လယ်သို့ရောက်သောအခါ ငကျောရှည်သည် မအိမ်ထန်းအား ချစ်ကြိုက်စကားပြောသည်။ မအိမ်ထန်းကလည်း သဘောတူသည်။ တစ်ဖက်ကမ်းသို့ရောက်သောအခါ နှစ်ယောက်အတူ ထွက်ပြေးကြလေသည်။

ထိုအခါ ငမည်းကွသည် လိုက်ရန်အတွက် အသက်စွန့်၍ မြစ်ထဲသို့ဆင်းသည်။ ရေမနက်။ ရေတိမ်မှန်း သိသွားသည်။ အမြန်လိုက်ရာ ငကျောရှည်တို့ကို မှီလေသည်။

ငမည်းကွက "ဟယ် သူယုတ်မာ၊ ငါ့မိန်းမကို အဘယ်သို့ ခိုးယူသွားမည်နည်း" ဟုဆို၏။ ငကျောရှည်ကလည်း "ဟယ် သူယုတ်သား ငကွ၊ ငါ့မယားနှင့်ငါ ခရီးသွားရာ အဘယ့်ကြောင့် ငါ့ကို မယားခိုးဟု စွပ်စွဲပါသနည်း" ဟု ဆိုကာ တွန်းပစ်၏။

ယင်းသို့ အငြင်းအခုံဖြစ်ရာမှ ထိုအမှုသည် မဟောသဓာထံ ရောက်လာသည်။ မဟောသဓာလည်း ရှေးဦးစွာ ငကျောရှည်ကို ခေါ်ယူ၍ သူ၏အမည၊် မယားအမည်၊ မယားရွာအမည်၊ မယားမိဘအမည် စသည်တို့ကို မေးသည်။ ငကျောရှည်သည် မိမိအမည်မှ တစ်ပါး အခြား အမည်တို့ကို မှန်အောင် မပြောတတ်။ ရမ်းဆ၍သာ ပြော၏ ထိုစကားတို့ကို မဟောသဓာသည် ပရိသတ်အား မှတ်သားစေသည်။

ထို့နောက် ငမည်းကွကို ခေါ်သည်။ ငကျောရှည်နည်းတူ မေးမြန်းသည်။ ငမည်းကွက မိမိအမည်၊ မယားအမည်၊ မယားရွာအမည်၊ မယားမိဘအမည် စသည်တို့ကို ဟုတ်တိုင်းမှန်ရာ ပြောပြသည်။ မဟောသဓာသည် ထိုစကားတို့ကိုလည်း ပရိသတ်အား မှတ်သားစေသည်။

ထို့နောက် မအိမ်ထန်းကို အထက်ပါအတိုင်း စစ်မေးပြန်သည်။ မအိမ်ထန်းလည်း မိမိအမည်၊ မိမိရွာအမည်၊ မိမိ မိဘအမည် စသည်တို့ကို ဟုတ်တိုင်းမှန်ရာ ပြောနိုင်သည်။ လင်အမည်ကိုကား မပြောနိုင်။ ငကျောရှည်အမည်ကို မသိသဖြင့် ရမ်းဆ၍ ပြောလိုက်သည်။ မမှန်။ မဟောသဓာသည် ထိုစကားကိုလည်း ပရိသတ်အား မှတ်သားစေသည်။

ပြီးသော် ပရိသတ်အား "အချင်းတို့၊ ဤမိန်းမ ထွက်ဆိုသော စကားသည် ဤလူကျောရှည်စကားနှင့် ညီသလော၊ သို့မဟုတ် ဤလူကွစကားနှင့် ညီသလော" ဟု မေးသည်။ ပရိသတ်က "ဤမိန်းမစကားသည် ဤလူကွစကားနှင့်သာ ညီတော့သည်။ အရှင့်သား၊ ဤ လူကွသည် ဤ မိန်းမ၏ လင်တည်း။ ဤလူကျောရှည်ကား မယားခိုးတည်း" ဟူ၍ တညီတညွတ်တည်း ဆိုကြ၏။

ငကျောရှည်လည်း မငြင်းသာ။ မယားခိုးကြောင်း ဝန်ခံရလေသည်။ ငမည်းကွလည်း မဟောသဓာအား ချီးကျူးစကားဆိုပြီးလျှင် မအိမ်ထန်းကို မိမိ၏ မိဘအိမ်သို့ ခေါ်သွားလေသည်။

မဟောသဓာနှင့် ဖွားဖက်တော်တို့လည်း ငကျောရှည်အား ဆုံးမ၍လည်းကောင်း၊ ဒဏ်ပေး၍လည်းကောင်း လွှတ်လိုက်၏။

ဤအကြောင်းကို အမတ်သိလျှင် အလုံးစုံကို စာရေး၍ ဝိဒေဟရာဇ်မင်းကြီးအား လျှောက်စေသည်။ မင်းကြီးက မဟောသဓာအားခေါ်မည် ပြုပြန်သည်။ သေနကအမတ်က တားမြစ်ပြန်သည်။ ဤတွင် မင်းကြီးသည် မဟောသဓာကို မခေါ်ဖြစ်ပြန်။ "ထပ်မံစုံစမ်းလေဦး" ဟု အမတ်ထံ စေလိုက်ရပြန်လေသည်။

(မဟောသဓာဇာတ် အပိုင်း-၉ "ရထားခိုးမှု" ဆက်တင်ပါမည်)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP