အရှင်ဘုရား အချိန်ရရင် ဟုတ်မဟုတ် ဖြေပေးပါဘုရား။ ( by Reiko crystal )
လှိုင်မြို့နယ်၊ ရန်ကုန်တွင် ရှိသော လှိုင်မဟာစည်ဆရာတော်ဘုရားမှ ပုတီးမစိပ်ရန် ညွှန်ကြားပြသ ထားပါ သည်။ ဆရာတော်ဘုရားသည် အများနားလည်အောင် နာရီ၊ မိနစ်နှင့် ဆုံးမထားသည်။ ထိုညွှန်ပြချက် အားကျွန်မနားလည်သလို အဘိဓမ္မာနည်းဖြင့် ပြန်လည်ရေးပြထားပါသည်။
၁-မိနစ် ဂုဏ်တော်ပွားမည်ဆိုပါစို့။
၁-မိနစ် = ၆၀-စက္ကန့်
၆၀-စက္ကန့် = ၂၈၈၀-မျက်တောင်ခတ် (၁-စက္ကန့် = ၄၈-မျက်တောင်ခတ်)
၂၈၈၀-မျက်တောင်ခတ် = ၂ ၈၈၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀-စိတ် ( မျက်တောင် ၁-ခတ်= နာမ် ကုဋေ ၁-သိန်း)
၂၈၈၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀-စိတ် = ၁၆၉ ၄၁၁ ၇၆၄ ၇၀၅ ၈၈၃-ဝီထိ ( ၁၇-စိတ် = ၁-ဝီထိ)
၁၆၉၄၁၁၇၆၄၇၀၅၈၈၃-ဝီထိ = ၁၁၈၅၈၈၂၃၅၂၉၄၁၁၈၁- ဇော ( ၁-ဝီထိ = ဇော ၇-ကြိမ်)
ထို့ကြောင့် ၁-မိနစ်တွင် ဇော ပေါင်း ၁၁၈၅၈၈၂၃၅၂၉၄၁၁၈၁-ကြိမ် စောပါသည်။
တစ်မိနစ် အတွင်းဖြစ်သော စိတ်တိုင်းသည် အကြောင်းစိတ်ချည့် မဟုတ်ပါ။ ဇော စိတ်တစ်မျိုးတည်း သာ အကြောင်းစိတ် ဖြစ်ပါသည်။
ထို ၁-မိနစ်တွင် ခါတိုင်းပုတီးစိပ်သကဲ့သို့ စိတ်ထဲမှ အာရုံယူ၍ ဂုဏ်တော်ပွားလျှင် ဖြစ်သမျှ ဇောတို့သည် ကုသိုလ်ဇောချည့် စောပါသည်။
ပုတီးစိပ်လျှင် မည်သို့ပင် ဈန်ဝင်ပါသည်ဆိုစေကာမူ- ဂုဏ်တော် တစ်ခုအပြီး ပုတီးကိုအာရုံပြောင်း ရသော စိတ်၊ ပုတီးစေ့တိုင်း ရည်တွက်ရသော စိတ်၊ ပုတီးပတ်တိုင်း ရည်တွက်ရသောစိတ် တို့သည် ပုံမှန်ဖြစ်လာရပါမည်။
ထိုစိတ်တို့၌ပါသော ဇောတို့သည် ကုသိုလ်ဇော ဆက်တိုက်စောခွင့် မရအောင် ကြားဖြတ်ဝင်ကြမည့် လောဘနွယ်သော အကုသိုလ်ဇောများသာဖြစ်သည်။
တချို့ TV ကြည့်ရင်း ပုတီးစိပ်၊ စကားပြောရင် ပုတီးစိပ်ကြသော မည်ကာမတ်တတ်ပုတီးစိပ်သူများအဖို့ ပြောဖွယ်ရာမရှိတော့။
ကုသိုလ်ဇောတို့ ကြားမှ ဖြတ်နိုင်ပါလေစွ။
ဆရာတော်၏ အဆုံးအမ၌ ဝိပဿနာလုပ်ရင် ပုတီးစိပ်စရာမလို ဟုဆိုလိုရင်းမဟုတ်ပါ။
လောကီကိစ္စ အဖုံဖုံတို့တွင် တောင့်တကြောင့်ကြများစွာ ဖြင့်ကျင်လည်ကြသော ကျွန်မတို့ လူဝတ် ကြောင်များ အဖို့ ကောင်းမှုပြုမိလိုက်သော မိနစ်ပိုင်း၌ ကုသိုလ်ဇောတို့သာ မပြတ် စောစေချင်သည်။
တရားမထိုင်နိုင်၍ ဂုဏ်တော်ပွားလျှင် ၅-မိနစ်ဖြင့် ၅-မိနစ်၊ ၁၅-မိနစ်ဖြင့် ၁၅-မိနစ် အာရုံယူ၍ သေသေချာချာ ပွားများရန်ဖြစ်သည်။
ဝိပဿနာ၊ သမ္မထ ခွဲခြားခြင်း မဟုတ်ပါ။
အမှားပါလျှင် ခွင့်လွှတ်ပါ။ ကုသိုလ်ဇောတို့ မပြတ်စောနိုင်ကြပါစေ။(ရှင်းလင်းချက်ကို နောက်တွင်ရှု)

0 comments:
Post a Comment