* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, September 23, 2010

အခြေခံအသိတရား

Tuesday, September 21, 2010



ငယ်စဉ်အခါကလေးဘ၀တုန်းက ဆရာဆရာမတွေ အမြဲဆုံးမပေးတဲ့ စကားတစ်ခွန်းရှိပါတယ်။ စာတွေသင်ရင် အခြေခံတွေကောင်းအောင် သေချာလေ့လာရတယ် လေ့ကျင့်ရတယ်ဆိုပြီး အမြဲဆုံးမပေးခဲ့ပါတယ်။ ဒီလိုပါပဲ.. အသက်ရွယ်ကြီးလာလို့ လုပ်ငန်းခွင်တွေ ၀င်ရောက်လာတဲ့အခါကျတော့လည်း အောက်သက်ကျေအောင် အခြေခံတွေကအစ လေ့လာထားရမယ်.. လုပ်ငန်းအတွေ့အကြုံရှိအောင် လုပ်ငန်းဆောင်တာရဲ့အခြေခံတွေကို နားလည်ရမယ်ဆိုပြီး ကိုယ့်ထက်အကြီးကဲတွေက သွန်သင်ဆုံးမတာတွေ ရှိပါတယ်။ ဘယ်အလုပ်ပဲလုပ်လုပ် ဘယ်တာဝန်တွေပဲ ထမ်းဆောင်နေရနေရ ဘယ်နေရာပဲရောက်ရောက် အခြေခံသိရမယ့်အသိတွေဆိုတာတော့ လူတိုင်းလူတိုင်းအတွက် လိုအပ်နေပြန်တာပါ။ ဒီလိုပါပဲနော်.. လောကရေးရာ၊ ဓမ္မရေးရာတွေမှာလည်း အခြေခံသိထားသင့်တဲ့ အသိတရားတွေ၊ အသိစိတ်ဓါတ်တွေဆိုတာလည်း လိုအပ်ပြန်တာပါပဲ။ အခြေမခိုင်ရင် ဘယ်လောက်အမြင့်ရောက်ရောက် တစ်ချိန်ချိန်မှာပြိုကျသွားနိုင်ဖို့ဟာ အင်မတန်လွယ်ကူပါတယ်။ ဒါမို့လို့လည်း အဆောက်အဦးတွေဆောက်တဲ့အခါမှာ အခြေအမြစ်ခိုင်ဖို့.. အခြေအမြစ်တွေကောင်းမွန်ဖို့ကို အဓိကထားပြီး ဆောက်လုပ်ကြရတာ မဟုတ်ပါလား။ ဒီလိုပါပဲ.. ဓမ္မရေးရာဘက်မှာလည်း အခြေခိုင်စေဖို့အတွက် အခြေခံထားရှိသင့်တဲ့ အသိတရားတွေ အသိစိတ်ဓါတ်တွေကို ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဟောပြဆုံးမပေးခဲ့ပါတယ်။

ဘုရားရှင်ကိုယ်တော်မြတ်ကြီး လောကအလယ် ပွင့်ထွန်းတော်မူလာတဲ့ အဓိကရည်ရွယ်ချက်ကတော့ မအို၊မနာ၊မသေရာဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို လောကီလူသားတွေ ရရှိခံစားနိုင်ဖို့ဆိုတဲ့ မသေရာလမ်းကို ညွှန်ပြပေးဖို့အတွက်ပါ။ နိဗ္ဗန်ချမ်းသာဆိုတာကတော့ ဘုရားရှင်ဆုံးမခဲ့တဲ့အဆုံးမတွေနဲ့လျောက်လှမ်းရမယ့် အမြင့်မြတ်ဆုံး ပန်းတိုင်တစ်ခုပေါ့။ သို့ပေမယ့်.. နိဗ္ဗာန်တစ်ခုထဲ.. လောကုတ္တရာတစ်ခုထဲအတွက် ပွင့်ထွန်းတော်မူခဲ့တာ မဟုတ်ပါဘူး။ ပွင့်ထွန်းခဲ့ဖူးသော ဘုရားရှင်တိုင်းဟာ.. အလောင်းတော်ဘ၀တိုင်းမှာ ကျင့်စဉ်ကြီးသုံးခုကို ဦးထိပ်ထားပြီး ကျင့်ဆောင်ခဲ့ကြရတာပါ။ အဲ့ဒါတွေကတော့.. စရိယသုံးပါးဟုခေါ်သော
(၁) လောကတ္ထစရိယာ - လောကလူသား ကမ္ဘာသူကမ္ဘာသား သတ္တ၀ါအများ ကောင်းစားချမ်းသာရေးအတွက် ကျင့်တော်မူခြင်း၊ (၂) ဉာတတ္ထစရိယာ- ဆွေမျိုးတွေဘေးကင်းဖို့၊ ကြီးပွားချမ်းသာဖို့၊ ပညာရေးတိုးတက်ဖို့ စသည့်ကောင်းကျိုးများအတွက် ကျင့်တော်မူခြင်း။ (၃) ဗုဒ္ဓတ္ထစရိယာ - သတ္တ၀ါအများကို သံသရာဝဋ်ဆင်းရဲမှ ကယ်တင်နိုင်သော သဗ္ဗညုတ ဘုရားဖြစ်ရေးအတွက် ကျင့်တော်မူခြင်းဆိုတဲ့ စရိယသုံးပါးပဲဖြစ်ပါတယ်။ ဘုရား အလောင်းတော်များဟာ ဘ၀တိုင်းဘ၀တိုင်း ပါရမီဖြည့်ကျင့်တိုင်းမှာ ဤကျင့်စဉ်ကြီး သုံးရပ်ကို ဦးထိပ်ထားခဲ့ကြရပါတယ်။

စရိယာသုံးပါးမှာ ရှေ့ဆုံးနှစ်ခုဖြစ်တဲ့ လောကတ္ထစရိယာနဲ့ ဥာတတ္ထစရိယာဆိုတဲ့ နှစ်ချက်ဟာ လောကအကျိုး သတ္တ၀ါအားလုံးအတွက် အကျိုးစီးပွားတွေဖြစ်စေလိုတဲ့ စိတ်ထားတွေနဲ့ ဖြည့်ကျင့်ခဲ့ခြင်းဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုဖြစ်တဲ့ ဥာတတ္ထစရိယာဆိုတာကတော့ သတ္တ၀ါတွေကို အို၊နာ၊သေဘေးကနေ ကယ်တင်ပေးစေနိုင်မယ့် အဆုံးမတွေ ဆုံးမပေးဖို့အတွက် သဗ္ဗေညုတရွှေဥာဏ်တော်အတွက် ဖြည့်ကျင့်ခဲ့ခြင်းပါပဲ။ ဒါမို့လို့လည်း ဘုရားရှင်ဟောပြခဲ့တဲ့အဆုံးမတွေဟာ လောကီ၊ လောကုတ္တရာနှစ်လုံးအတွက် အကျိုးများစေခဲ့တာပါ။ လောကီမှာဘုရားအဆုံးမအတိုင်း လိုက်နာကျင့်ကြံမယ်ဆိုရင် သတ္တ၀ါတွေအားလုံးအတွက် ကောင်းကျိုးချမ်းသာတွေ မုချမသွေ ရရှိခံစားနိုင်မှာဖြစ်သလို.. လောကုတ္တရာဘက်မှာ ဆိုရင်လည်း မအို၊မနာ၊မသေရာ အမြတ်နိဗ္ဗာန်အထိတိုင်အောင် ဘုရားအဆုံးမတွေက ပို့ဆောင်ပေးနိုင်ပါသေးတယ်။ ဘယ်လောက်ထိ လောကသတ္တ၀ါတွေအတွက် အကျိုးများစေတဲ့ အဆုံးမတွေပါလဲ။ ဒီလိုအကျိုးများစေတဲ့ အဆုံးမတွေကို လိုက်နာကျင့်ကြံနိုင်ဖို့အတွက်ဆိုရင် အခြေခံလိုက်နာရမယ့် အသိတရားတစ်ခုရှိဖို့လိုအပ်ပါတယ်။ အဲ့ဒီ့အခြေခံအသိတရားဆိုတာကတော့ ကိုယ်ချင်းစာတရား၊ ကိုယ်ချင်းစာစိတ်ပါပဲ။


ဟုတ်ပါတယ်..။ ဘုရားရှင်ကိုယ်တြော်မတ်ကြီး ဟောပြဆုံးမပေးခဲ့တဲ့ အခြေခံအသိတရားဟာ ကိုယ်ချင်းစာတရားပါပဲ။ “ကိုယ်ချင်းစာတရားဆိုတာ ကိုယ်နဲ့နှိုင်းယဉ်ပြီး စာနာထောက်ထားငဲ့ညှာတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။” လွယ်လွယ်ပြောမယ်ဆိုရင်တော့ သူ့နေရာမှာငါသာဆိုရင်ဆိုတဲ့ စိတ်ကိုအရင်ဆုံးမွေးပြီး သူ့နေရာမှာ ကိုယ်တိုင်ဝင်ရောက်ခံစားကြည့်တဲ့ သဘောပါပဲ။ ဒီလိုသူ့နေရာမှာ ငါသာဆိုရင်ဆိုတဲ့စိတ်ကို မွေးမြူဖို့အတွက် ရှောင်ကျဉ်ရမယ့် အခြေခံငါးပါးကို ဘုရားရှင်ကိုယ်တြော်မတ်ကြီးက ဟောပြဆုံးမပေးခဲ့ပါတယ်။ ဒါမို့လို့လည်း ဗုဒ္ဓဘာသာဝင်တွေအတွက် အခြေခံစောင့်ထိန်းရမယ့်သီလဟာ ငါးပါးသီလဖြစ်နေတာပါ။ ကိုယ့်ကိုညှင်းပန်းနှိတ်စက်ပြီး သတ်ဖြတ်တာ မကြိုက်သလို သူများကိုလည်း မညှင်းပန်းမနှိတ်စက်ပါနဲ့.. ကိုယ့်ပစ္စည်းကို မတရားသိမ်းပိုက်တာ မတော်မတရားယူတာ မကြိုက်သလို သူတစ်ပါးဥစ္စာပစ္စည်းကိုလည်း မယူပါနဲ့.. ကိုယ့်အမေ၊ ကိုယ့်အစ်မ၊ ကိုယ့်နှမကို မတော်မတရားစော်ကားတာ မကြိုက်သလို သူတစ်ပါးဇနီး၊ သားသမီးကိုလည်း မတော်မတရားမပြုမူနဲ့.. ဆိုတဲ့စသည့် ငါးပါးသီလကို အခြေခံစောင့်ထိန်းလိုက်နာကျင့်ကြံရတဲ့ဝါဒဟာ ဗုဒ္ဓရဲ့အဆုံးမတွေပဲမဟုတ်ပါလား။ ကိုယ့်ကိုလိမ်ညာဖြီးဖြန်းပြီး မဟုတ်မမှန်ပြောဆိုတာမကြိုက်ရင် သူတပါးကိုလည်း မလိမ်မညာပါနဲ့ဆိုတာတွေဟာ ကိုယ်ချင်းစာစိတ်တွေထားဖို့ ဟောပြဆုံးမပေးခဲ့တာပါ။ ဘုရားဟောပြခဲ့တဲ့ အဆုံးမတွေဟာ သူသားတိုင်း နားလည်လက်ခံနိုင်တဲ့ မြင့်မြတ်တဲ့အဆုံးမတွေပါ။ ကိုယ့်ကိုအဲ့လိုပြုမူပြောဆိုတာမကြိုက်ရင် သူတစ်ပါးကိုလည်း အဲ့ဒီလိုမျိုးမပြုမူပါနဲ့ဆိုတာ ဘယ်လောက်တရားမျှတပါသလဲ။ ဒီလိုတရားမျှတတဲ့စိတ်တွေရှိဖို့အတွက် အခြေခံမွေးမြူရမယ့် စိတ်ဓါတ်ကတော့ ကိုယ်ချင်းစာစိတ်ပါပဲ။


ဒီလိုငါးပါးသီလနဲ့ပြည့်စုံမှလည်း ဗုဒ္ဓဘာသာဝင်တစ်ယောက်လို့ သတ်မှတ်လို့ရသလို.. ဒီလိုကိုယ်ချင်းစာတရားရှိမှလည်း ဗုဒ္ဓဘာသာဝင်တစ်ယောက်အဖြစ် အသိမှတ်ပြုနိုင်မှာပါ။ ဗုဒ္ဓဘာသာဝင်တစ်ယောက်လို့ အသိမှတ်ပြုလိုက်တာဟာ.. မှတ်ပုံတင်ထဲမှာ ရေးလိုက်ယုံနဲ့ ပြီးပြည့်စုံသွားတာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်ပါပြောပြီး ဗုဒ္ဓရဲ့အဆုံးမကို မလိုက်နာတာဟာ ဗုဒ္ဓဘာသာတစ်ယောက် မဟုတ်သေးပါဘူး။ အခြေခံကိုယ်ချင်းစာစိတ်မှ မရှိပြန်ရင်လည်း ဗုဒ္ဓဘာသာဝင်တစ်ယောက်လို့ မခေါ်ဆိုနိုင်ပြန်ပါဘူး။ ဒါမို့လို့လည်း ရှေးရှေးဆရာတော်ဘုရားတွေက ငါးပါးသီလလုံအောင်ထိန်းမှ ဗုဒ္ဓဘာသာကောင်းတစ်ယောက် ဖြစ်မယ်လို့ ဟောပြဆုံးမပေးခဲ့တာ ဖြစ်ပါမယ်။ သူ့နေရာမှာ ငါသာဆိုရင်ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေး အရင်မွေးမြူလိုက်မယ်ဆိုရင်ကို ငါးပါးသီလက အလိုလိုလုံခြုံသွားမှာပါ။ ငါးပါးသီလကိုထိန်းသိမ်းနိုင်ခြင်းဟာ ကိုယ်ချင်းစာတရားတွေကိုယ့်ရင်မှာ ပေါက်ပွားလာအောင် မွေးမြူနေတာဖြစ်သလို.. ဗုဒ္ဓဘာသာကောင်းတစ်ယောက်ဖြစ်အောင် ကျင့်ကြံနေထိုင်နေတာနဲ့ ထပ်တူကျနေပါတယ်။


ယခုလိုအချိန်ခါမှာ ဘုရားရှင်ဆုံးမခဲ့တဲ့ အခြေခံအသိတရားဖြစ်တဲ့ ကိုယ်ချင်းစာတရားတွေဟာ အင်မတန်မှ ခမ်းခြောက်လာကြပါတယ်။ ကိုယ်ချင်းစာတရားထားပါလို့ ပြောလိုက်တာဟာ အင်မတန်ကျယ်ပြန့်ပါတယ်။ ကိုယ်ချင်းစာတရားထားရတာဟာ ငါးပါးသီလလုံလလုံခြုံဖို့တစ်ခုထဲအတွက် မဟုတ်ပါဘူး။ သတ္တ၀ါအားလုံးအပေါ်မှာ ကိုယ်နဲ့နှိုင်းယှဉ်ပြီး စာနာတတ်တဲ့စိတ်ထားတွေ အမြဲမွေးမြူနိုင်ဖို့ပါ။ ကမ္ဘာပေါ်မှာ ငြိမ်းချမ်းရေးအတွက် အမျိုးမျိုးဆွေးနွေးကြတယ်၊ စစ်ပွဲတွေမဖြစ်ဖို့ အမျိုးမျိုးတားမြစ်ကြတယ်၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံမတရား မသိမ်းပိုက်ဖို့အမျိုးမျိုး ပြောဆိုနေကြပါတယ်။ ဘယ်လောက်ကြီးပဲပြောဆိုပြောဆို၊ ဘယ်လိုပဲတားမြစ်တားမြစ် မတရားမှုတွေကတော့ ဖြစ်နေကြတုန်းပါပဲ။ ငြိမ်းချမ်းရေးတွေ လုပ်နေပေမယ့် ငြိမ်းအေးလားဆိုတော့ မငြိမ်းအေးကြပါဘူး။ ဒါတွေဟာ ဘာလို့လည်းဆိုတော့ ကိုယ်နဲ့နှိုင်းယှဉ်ပြီး စာနာတတ်တဲ့ ကိုယ်ချင်းစာတရားတွေ ကိုယ်ချင်းစာစိတ်တွေ မရှိကြလို့ပါပဲ။


ကိုယ့်မိသားစုကျတော့ နွေးနွေးထွေးထွေးနဲ့ အေးအေးချမ်းချမ်းလေး နေချင်တယ်.. သူတစ်ပါးမိသားစုကျ ဘာဖြစ်ဖြစ်ဆိုတဲ့စိတ်ထားတွေ၊ ကိုယ့်နိုင်ငံတိုးတက်ဖွင့်ဖြိုးဖို့.. သူတစ်ပါးနိုင်ငံ ဘယ်လောက်မွဲပြာကျကျဆိုတဲ့ စိတ်ထားတွေ၊ ကိုယ့်ဘာသာကိုယ့်လူမျိုးကောင်းစားရေးအတွက် သူများဘာသာဝင်တွေကို ဘယ်လိုမတရားနည်းတွေနဲ့ သိမ်းပိုက်ရသိမ်းပိုက်ရဆိုတဲ့ စိတ်ထားတွေ၊ ကိုယ့်ဘာသာ ကိုယ့်လူမျိုးကျနည်းနည်းမှအထိမခံ၊ သူများဘာသာသူများလူမျိုးကျ လုပ်ချင်ရာလုပ်ကြတဲ့ စိတ်ထားတွေဟာ လောကငြိမ်းချမ်းရေးတွေ မဟုတ်ပါဘူး။ ဒီလိုနည်းနဲ့ဘယ်လိုမှ မငြိမ်းချမ်းနိုင်သလို ဘယ်လိုမှလည်း လောကကြီးသာယာဝပြောမလာနိုင်ပါဘူး။ သူ့လူမျိုးနေရာမှာ ငါ့လူမျိုးဆိုရင်ဆိုတဲ့ ကိုယ်ချင်းစာတဲ့စိတ်ထားတွေ၊ သူ့နိုင်ငံနေရာမှာ ငါ့နိုင်ငံသာဆိုရင်ဆိုတဲ့ ကိုယ်ချင်းစာတဲ့စိတ်ထားတွေ၊ သူ့ဘာသာဆိုတဲ့နေရာမှာ ငါ့ဘာသာသာဆိုရင်ဆိုတဲ့ ကိုယ်ချင်းစာစိတ်တွေ မရှိကြသ၍ ဘယ်တော့မှ စစ်မှန်တဲ့ ငြိမ်းအေးမှုကို မရရှိနိုင်ပါဘူး။ ကိုယ်ချင်းစာစိတ်တွေ မမွေးမြူပဲ ဘယ်လောက်ကြီးပဲ ငြိမ်းချမ်းရေးတွေလုပ်နေပါစေ.. ဘယ်တော့မှငြိမ်းချမ်းနိုင်ပါဘူး။


ဗုဒ္ဓဘာသာဝင်တွေအတွက်လည်း ကိုယ်ချင်းစာတရားနဲ့ ပတ်သက်လို့ ဆရာတော်ဦးသုမင်္ဂလ ဟောပြဆုံးမတာလေး သတိရမိပါတယ်။ "ဘယ်လောက်ကြီးပဲ ပါးစပ်က ဗုဒ္ဓဘာသာဝင်ပါလို့ အော်နေပါစေ.. ကိုယ်ချင်းစာစိတ်မှ မမွေးနိုင်ရင်တော့ ဒွန်းစဏ္ဏားဗုဒ္ဓဘာသာ (သူတောင်းစားဗုဒ္ဓဘာသာ)ပဲဖြစ်တော့မှာ" ဆိုတာပါပဲ။ ကိုယ့်ဆီက မတော်မတရားတောင်းတာ၊ မတော်မတရားယူတာမကြိုက်ရင် သူတစ်ပါးဆီကလည်း မယူဘူးဆိုတဲ့ စိတ်မျိုးမှ မမွေးမြူနိုင်ရင် သူတောင်းစားဘ၀ကကို တက်မှာမဟုတ်တော့ဘူး ဆိုတာပါပဲ။ အင်မတန်မှ မှတ်သားသင့်ပါတယ်။ သူတစ်ပါးကို လိမ်ရပတ်ရ၊ လူလည်ကျရတဲ့အချိန်တုန်းကတော့ ပြုံးပျော်လို့.. ကိုယ်လည်းခံရရော ယမ်းပုံမီးကျဖြစ်တာတွေဟာ ကိုယ်ချင်းမစာတတ်တဲ့ စိတ်ထားတွေကြောင့်ပါ။ ကိုယ့်ချင်းမစာတတ်တဲ့စိတ်တွေကြောင့်လည်း သူများမိုးခါးရေသောက်ရင် လိုက်သောက်မယ်ဆိုတဲ့လူတွေ များလာတာပါ။ ငါကောင်းစားပြီးရော သူတစ်ပါးဘာဖြစ်ဖြစ် ဆိုတဲ့စိတ်တွေ ၀င်လာတဲ့အတွက် တိရိစ္ဆာန်နဲ့တူညီတဲ့ ကြီးနိုင်ငယ်ညှင်း စိတ်ရိုင်းတွေ ဖြစ်လာကြရတာပါ။ ဒါမို့လို့လည်း မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးက.. “လောကကြီးမှာ ဘယ်သူမဆို ချမ်းသာချင်ကြတာပဲ။ သူများဆင်းရဲ ဒုက္ခရောက်မှ ကိုယ်ချမ်းသာရတာမျိုးတော့ မဖြစ်စေနဲ့.. မလုပ်အပ်ဘူး။ သူများဆင်းရဲအောင် မလုပ်ကြနဲ့။ အနစ်နာခံစရာ ရှိရင် ကိုယ်သာခံ။ ဒါလူ့သီလပဲ။” ဆိုပြီးဆုံးမပေးခဲ့တာပါ။ မှန်ပါတယ်.. အဓိကကတော့.. သူတစ်ပါးဆင်းရဲမှ ကိုယ်ချမ်းသာမယ့်အလုပ်မျိုးတွေ မလုပ်မိဖို့ပါပဲ။ ဘာတွေပဲလုပ်လုပ်၊ ဘာတွေပဲပြောပြော ဘာတွေပဲကြံကြံ.. သူ့နေရာမှာ ငါသာဆိုရင်ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေး အရင်ဆုံးနှလုံးသွင်းနိုင်ဖို့ပါပဲ။ လူသားတိုင်း လူသားတိုင်း.. ကိုယ်ချင်းစာတရားနဲ့ လောကကြီးကို အလှဆင်ပေးနိုင်ကြပါစေ…။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP