* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, September 5, 2010

သိ ပယ် ဆိုက် ပွား…

“သိ ပယ် ဆိုက် ပွား” ဤစကားလေးများသည် ဗုဒ္ဓဘာသာ၏ သစ္စာလေးပါးကို အထိမိဆုံး ဖော်ညွန်းပေးသည့် စကားလေးများဖြစ်၏။ “သိ”ဟူသည် ဒုက္ခသစ္စာကို ရည်ညွန်းပြီး “ပယ်”ဟူသည် သမုဒယသစ္စာကို ရည်ညွန်းကာ “ဆိုက်”ဟူသည် နိရောဓသစ္စာကို ရည်ညွန်းလျက် “ပွား”ဟူသည်ကား မဂ္ဂသစ္စာကို ရည်ညွန်းထား၏။ ဒုက္ခသစ္စာသည် သိထားရမည့် အမှန်သစ္စာဖြစ်ပြီး သမုဒယသစ္စာသည်ကား ပယ်ရမည့် အမှန်သစ္စာဖြစ်ကြောင်းနှင့် နိရောဓသစ္စာသည် မျက်မှောက်ပြု ဆိုက်ရောက်ရမည့် အမှန်သစ္စာဖြစ်ကာ မဂ္ဂသစ္စာသည်ကား ပွားများရမည့် အမှန်သစ္စာဖြစ်ကြောင်း ရည်ညွှန်းလိုရင်း ဖြစ်ပါ၏။

မြတ်ဗုဒ္ဓက တရားဦး ဓမ္မစကြာ ဒေသနာတော်တွင် သစ္စာလေးပါးကို အတိအလင်း ရှင်းတော်မူထား၏။ တရားဦး ဒေသတနာတော်တွင် ရှင်တော်မြတ်က “ရဟန်းတို့ ဤသည်ကား ဆင်းရဲဖြစ်သော အရိယာတို့၏ အမှန်တရားတည်း။ ပဋိသန္ဓေ တည်နေရခြင်းသည်လည်း ဆင်းရဲ၏၊ အိုရခြင်းသည်လည်း ဆင်းရဲ၏၊ နာရခြင်းသည်လည်း ဆင်းရဲ၏၊ သေရခြင်းသည်လည်း ဆင်းရဲ၏၊ မချစ်သော သူတို့နှင့် အတူနေရခြင်းသည်လည်း ဆင်းရဲ၏၊ ချစ်သောသူတို့နှင့် ကွေကွင်းရခြင်းသည်လည်း ဆင်းရဲ၏၊ လိုချင်ရာကို မရခြင်းသည်လည်း ဆင်းရဲ၏၊ အကျဉ်းအားဖြင့် စွဲလန်းရာ အာရုံဖြစ်သော ခန္ဓာငါးပါးတို့သည်လည်း ဆင်းရဲ၏” ဟူ၍ ဆင်းရဲကြောင်း အမှန်တရား ဒုက္ခသစ္စာကို လည်းကောင်း၊

“ရဟန်းတို့ ဤသည်ကား ဆင်းရဲခြင်း၏ အကြောင်းဖြစ်သော အရိယာတို့၏ အမှန်တရားတည်း။ အကြင်တဏှာသည် ဘ၀သစ်၌ ဖြစ်စေတတ်၏၊ နှစ်သက်ခြင်း၊ တပ်မက်ခြင်းနှင့်တကွ ဖြစ်၏၊ ထိုထိုအာရုံ၌ လွန်စွာ နှစ်သက်တတ်၏။ ထိုတပ်မက်မှု တဏှာဟူသည် အဘယ်နည်း.. ကာမဂုဏ်တို့၌ တပ်မက်မှု ကာမတဏှာ၊ သဿတဒိဋ္ဌိနှင့် တကွဖြစ်သော တပ်မက်မှု ဘ၀တဏှာ၊ ဥစ္ဆေဒဒိဋ္ဌိနှင့် တကွဖြစ်သော တပ်မက်မှု ၀ိဘ၀တဏှာတို့တည်း” ဟူ၍ ဆင်းရဲဖြစ်ခြင်း၏ အကြောင်း အမှန်တရား သမုဒယသစ္စာကို လည်းကောင်း၊

“ရဟန်းတို့ ဤသည်ကား ဆင်းရဲ၏ ချုပ်ရာဖြစ်သော အရိယာတို့၏ အမှန်တရားတည်း။ ယင်းဆင်းရဲချုပ်ငြိမ်းရာ ဟူသည် ထိုတပ်မက်မှု တဏှာ၏သာလျှင် အကြွင်းမဲ့ စွဲမက်မှု ကင်းပျောက်ချုပ်ငြိမ်းရာ၊ စွန့်လွှတ်ရာ၊ တစ်ဖန်စွန့်ပယ်ရာ၊ လွတ်မြောက်ရာ၊ မကပ်ငြိရာ (နိဗ္ဗာန်)ပင် ဖြစ်၏” ဟူ၍ ဆင်းရဲချုပ်ရာ အမှန်တရား နိရောဓသစ္စာကို လည်းကောင်း၊

“ရဟန်းတို့ ဤသည်ကား ဆင်းရဲ၏ချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယာတို့၏ အမှန်တရားတည်း။ ဤအရိယာမဂ်သည် အင်္ဂါရှစ်ပါးရှိ၏။ အင်္ဂါရှစ်ပါးဟူသော်ကား မှန်ကန်သော အမြင်၊ မှန်ကန်သော် ကြံစည်မှု၊ မှန်ကန်သော စကား၊ မှန်ကန်သော အလုပ်၊ မှန်ကန်သော အသက်မွေးမှု၊ မှန်ကန်သော အားထုတ်မှု၊ မှန်ကန်သော အောက်မေ့မှု၊ မှန်ကန်သော တည်ကြည်မှု” ဟူ၍ ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းအကျင့် အမှန်တရား မဂ္ဂသစ္စာကို လည်းကောင်း ရှင်းလင်းဟောကြားတော်မူပြီး

ထိုသစ္စာတရား လေးပါးတို့တွင် ဆင်းရဲကြောင်း အမှန်တရား ဒုက္ခသစ္စာသည် ထိုးထွင်းပိုင်းခြား၍ သိရမည့်တရား (တံခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ ပရိညေယျံ)၊ ဆင်းရဲခြင်း၏ အကြောင်းအမှန်တရား သမုဒယသစ္စာသည် ပယ်ရမည့်တရား (တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ ပဟာတဗ္ဗံ)၊ ဆင်းရဲချုပ်ရာ အမှန်တရား နိရောဓသစ္စာသည် မျက်မှောက်ပြု ဆိုက်ရောက်ရမည့်တရား (တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ သစ္ဆိကာတဗ္ဗံ)၊ ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းအကျင့် အမှန်တရား မဂ္ဂသစ္စာသည် ပွားများရမည့်တရား (တံ ခေါ ပနိဒံ ဒုက္ခနိရောဓ ဂါမိနီပဋိပဒါ အရိယသစ္စံ ဘာဝေတဗ္ဗံ) ဟူ၍လည်း သစ္စာလေးပါတို့၏ သိထားရမည့်တရား၊ ပယ်ရမည့်တရား၊ မျက်မှောက်ပြုရမည့် တရား၊ ပွားများရမည့် တရားများကို အကျိုးသင့် အကြောင်းသင့် ထပ်ဆင့်ရှင်းပြတော်မူ၏။

ဗုဒ္ဓအလိုတော်အရ ဒုက္ခသစ္စာသည် ပိုင်းခြားပြီးသိရမည့် အသိတရား၊ သမုဒယသစ္စာသည် ပယ်ရမည့် အပယ်တရား၊ နိရောဓသစ္စာသည် ဆိုက်ရောက်ရမည့် အဆိုက်တရားနှင့် မဂ္ဂသစ္စာသည် ပွားများရမည့် အပွားတရားများ ဖြစ်ကြောင်း နားလည်ထားနိုင်ပေ၏။ ဒုက္ခကို ဒုက္ခဟုသိကာ ဒုက္ခဖြစ်ခြင်း အကြောင်းတရားကို ပယ်၍ ဒုက္ခအားလုံးချုပ်ရာကို မျက်မှောက်ပြု ဆိုက်ရောက်စေလျက် ဒုက္ခချုပ်ရာ လမ်းစဉ်အကျင့်တရားကို ပွားများရမည့် သဘောပင် ဖြစ်ပါ၏။ အလွယ်ပြောရလျှင် သစ္စာလေးပါး မြတ်တရားတို့သည် သိ ပယ် ဆိုက် ပွား ကျင့်ကြံထားရမည့် တရားများပင် ဖြစ်ပါ၏။ ဤကား ဗုဒ္ဓအလိုတော်ကျ သစ္စာတရားများအပေါ် ကျင့်ကြံအားထုတ် ရမည့် သဘောများ ဖြစ်ပါ၏။

သို့သော် ပုထုဇင်များသည်ကား ထိုသဘောတရားများနှင့် လွဲချော်ကာ သိထားရမည့် တရားများကို ပယ်နေကြပြီး ပယ်ရမည့် တရားများကိုကား တွယ်နေကြ၏။ ဆိုက်ရောက်ရမည့် တရားများတွင် မဆိုက်ရောက်နိုင်ဘဲ ပွားများရမည့် တရားများတွင် အမှားများနေကြ၏။ သတ္တ၀ါတို့သည် ဒုက္ခကို ဒုက္ခဟု မသိဘဲ တွယ်တာနေတတ်ကြ၏။ ထို့ကြောင့်လည်း “ငါ ငါ့ဥစ္စာ၊ ငါ့သား၊ ငါ့သမီး၊ ငါ့ဇနီး၊ ငါ့ရွှေ၊ ငါ့ငွေ” စသည်ဖြင့် ဒုက္ခတရားများအပေါ် အတွယ်တာကြီး တွယ်တာနေကြကာ ထာဝရတည်တံ့ကာ မပျက်စီးတော့မည့် အရာများသဖွယ် တပ်မက်နေကြ၏။ စင်စစ် ထိုအရာများသည် အမှန်တည်သည့် အရာများ မဟုတ်ဘဲ ရုပ်နာခန္ဓာ အစုကြီးမျှသာ ဖြစ်နေပေ၏။ အသေအချာ တွေးကြည့်လျင် ထိုရုပ်အစု နာမ်အစုသည်လည်း ဒုက္ခကြီးပင် ဖြစ်၏။ ဤရုပ်နာမ်ခန္ဓာ ရှိနေသဖြင့်လည်း အိုခြင်း၊ နာခြင်း၊ သေခြင်းများ ဖြစ်ပေါ်နေကြရ၏။ ထိုကြောင့် ဒုက္ခအစုဖြစ်သည့် ဤရုပ်နာမ်အစုကို ဒုက္ခဟု အမှန်သိအောင် ကြိုးစားပြီး ယင်းဒုက္ခဖြစ်ခြင်း၏ အကြောင်းကို ပယ်သတ်ကြရမည်ဟု ဆိုခြင်းဖြစ်ပါ၏။

အချို့က ဒုက္ခ၏ သဘောအမှန်ကို မသိသဖြင့် လောကတွင် ဒုက္ခအမျိုးမျိုးနှင့် ကြုံတွေ့ကြသည့်အခါ ငါစွဲများဖြင့် “ငါရှိနေ၊ ငါအသက်ရှင်နေသမျှ ဒီလိုဒုက္ခတွေနဲ့ တွေ့နေဦးမှာပဲ၊ ငါမရှိရင်တော့ ဒါတွေပြီးသွားမှာပဲ”ဟု တစ်လွဲနားလည်ကာ မိမိကိုယ်ကို အဆုံးစီရင်သွားသူများ ရှိ၏။ မိမိကိုယ်ကို သတ်သေလိုက်ရင် ဒုက္ခငြိမ်းပြီဟု အထင်မှားပြီး တစ်နည်းနည်းဖြင့် သေကြောင်းကြံကာ ဘ၀ကို အဆုံးသတ်သွားတတ်ကြ၏။ စင်စစ် ထိုနည်းသည် မှန်ကန်သည့် နည်းလမ်းမဟုတ်ပေ။ ထိုသို့ မိမိကိုယ်ကို သတ်သေခြင်းဖြင့် ဒုက္ခအမှန် ငြိမ်းနိုင်မည်မဟုတ်ပေ။ ယခုဘ၀ ခန္ဓာကိုယ်ကြီး ပျက်သုဉ်းသွားသော်လည်း နောက်ထပ်တစ်ဖန် ဘ၀သစ်က ရှိနေပြန်သဖြင့် တစ်ဖန်ပြန်၍ ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းတရားများကို ရရှိနေကြဦးမည်သာ ဖြစ်၏။ အမှန်တကယ် ဒုက္ခငြိမ်းလိုပါက ထိုဒုက္ခများ ဖြစ်ပေါ်ရခြင်း၏ အကြောင်းတရားဖြစ်သည့် တရားခံကို ပယ်သတ်ရမည်သာ ဖြစ်ပါ၏။

ထိုအကြောင်းတရား တရားခံသည် တွယ်တာမှု သမုဒယပင် ဖြစ်ပါ၏။ ဗုဒ္ဓရှင်တော် မိန့်တော်မူသကဲ့သို့ ဒုက္ခဖြစ်ခြင်း၏ အကြောင်းတရားဖြစ်သည့် တွယ်တာမှု သမုဒယခေါ် တဏှာကို ပယ်သတ်နိုင်မှသာ ဒုက္ခအမှန်ငြိမ်းနိုင်မည် ဖြစ်၏။ ကာမဂုဏ်အာရုံများတွင် တပ်မက်တတ်သည့် တဏှာ၊ ငါငါ့ဥစ္စာဟု စွဲလမ်းတတ်သည့် တဏှာနှင့် ကုသိုလ်အကုသိုလ်ဟူသည် မရှိ၊ အရာရာသည် တစ်ဘ၀ပြီးလျှင် အကုန်ပြီးပြီဟု ထင်မှတ်တတ်သည့် တဏှာများကို အကြွင်းမရှိ ပယ်သတ်နိုင်မှသာ ဒုက္ခအမှန် ငြိမ်းနိုင်မည် ဖြစ်၏။ တဏှာကင်းလျှင် ဒုက္ခကင်းမည်ဖြစ်သဖြင့် တဏှာကို သတ်နိုင်မှသာ ဒုက္ခအမှန် ငြိမ်းနိုင်မည်ဖြစ်၏။ ထို့ကြောင့် ဒုက္ခအားလုံး၏ ဖြစ်ပေါ်ခြင်း အကြောင်းအမှန်ဖြစ်သည့် တဏှာကို ပယ်သတ်နိုင်အောင် ကြိုးစားကြရန် တိုက်တွန်းတော်မူခြင်း ဖြစ်၏။

ထိုသို့ တဏှာကို ပယ်သတ်နိုင်လျှင်ကား ဒုက္ခလည်း ချုပ်ငြိမ်းကာ နောင်ထပ်တစ်ဖန် ဘ၀သစ် ဖြစ်ပေါ်ခြင်းမရှိသည့် နိဗ္ဗာန်သို့ မျက်မှောက်ပြု ဆိုက်ရောက်နိုင်ကြမည် ဖြစ်၏။ ယခုဘ၀ အသက်ရှင်စဲမှာပင် ကိလေသာ တဏှာကို အကြွင်းမဲ့ ပယ်သတ်နိုင်လျင် အသက်ရှင်စဲမှာပင် ဒုက္ခငြိမ်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မည် ဖြစ်သကဲ့သို့ တဏှာကုန်ခမ်းပြီး ယခုဘ၀ ဇာတ်သိမ်းသွားလျှင်လည်း နောက်ထပ်တစ်ဖန် ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းများကင်းရာ နိဗ္ဗာန်သို့ ဆိုက်ရောက်သွားကြမည် ဖြစ်၏။ နိဗ္ဗာန်သို့ ဆိုက်ရောက်သွားလျင်ကား သံသရာဝဋ်မှ ထွက်မြောက်က ဘ၀ဇာတ်သိမ်း ချုပ်ငြိမ်းသွားသည်သာ ဖြစ်ပေတော့၏။ ထို့ကြောင့် ဒုက္ခဖြစ်ကြောင်း တဏှာကို ပယ်သတ်၍ တဏှာချုပ်ရာ နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်အောင် ကြိုးစားရန်လည်း လမ်းညွန်တော်မူခြင်း ဖြစ်ပါ၏။

သို့သော် ထိုတဏှာချုပ်ရာ နိဗ္ဗာန်သို့ မျက်မှောက်ပြုရန်မှာ မလွယ်လှပေ။ နည်းမှန်လမ်းမှန်ဖြင့် ကျင့်ကြံပွားများ အားထုတ်နိုင်မှသာ ဆိုက်ရောက်နိုင်မည် ဖြစ်၏။ ပြင်းပြင်းထန်ထန် ကျင့်ကြံအားထုတ်သော်လည်း နည်းစနစ် မမှန်ပါက အချိန်ကုန် လူပန်းပြီး လိုရာပန်းတိုင်ကို မရောက်နိုင်ဘဲ ဖြစ်တတ်၏။ ထိုသို့သော အလွဲအမှားများ မဖြစ်ပေါ်စေရန် မြတ်စွာဘုရားရှင်က ကျင့်ကြံပွားများရမည့် နည်းမှန်လမ်းမှန်ကို ညွန်ပြတော်မူခဲ့၏။ ဒုက္ခတရားများ၏ ချုပ်ရာနိဗ္ဗာန်သို့ သွားနိုင်မည့် လမ်းစဉ်များကို အချက်ရှစ်ချက်ဖြင့် ထင်ရှားပြသတော်မူခဲ့၏။ ဒုက္ခဖြစ်ကြောင်း တဏှာကို ပယ်သတ်ကာ နိဗ္ဗာန်ကို မျက်မှောက်ပြုလိုသူများ အနေဖြင့် အမြင်မှန်၊ အတွေးမှန်၊ အပြောမှန်၊ အလုပ်မှန်၊ အသက်မွေးမှုမှန်၊ ကြိုးစားအားထုတ်မှုမှန်၊ အောက်မေ့မှုမှန်၊ တည်ကြည်မှုမှန်ရန် လိုအပ်ကြောင်းနှင့် ဤအင်္ဂါရှစ်ပါးနှင့်အညီ လိုက်နာကျင့်သုံးနိုင်ပါလျှင် ဒုက္ခချုပ်ရာ လမ်းစဉ်မှန်ကို လျှောက်လှမ်းနေသူများသာ ဖြစ်ကြောင်း မိန့်တော်မူ၏။ ထို့ကြောင့် ဒုက္ခအမှန်ငြိမ်းရာ ဖြစ်သည့် ဤမဂ္ဂရှစ်ရပ် လမ်းသွယ်မြတ်သည် မပြတ်ပွားများအပ်သည့် မဖောက်မပြန် မှန်ကန်သည့် သစ္စာတရားပင် ဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါ၏။

ဆိုလိုသည်မှာ သိ ပယ် ဆိုက် ပွား ဟူသည် မြတ်စွာဘုရားရှင်၏ သစ္စာလေးပါး မြတ်တရား၏ ကျင့်ပွားရမည့် သဘောတရားပင် ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။ ဆင်းရဲကြောင်း တရားအမှန်ကို သိအောင်ကြိုးစားပြီး ထိုဆင်းရဲ ဖြစ်ပေါ်ခြင်း၏ အကြောင်းဖြစ်သည့် တရားအမှန်ကို ပယ်စေကာ ဆင်းရဲဖြစ်ရာအကြောင်း၏ ချုပ်ရာသို့ ဆိုက်ရောက်စေပြီး ဆင်းရဲချုပ်ရာသို့ ဆိုက်ရောက်စေမည့် အကျင့်လမ်းစဉ်ကို ပွားများကြရမည် ဖြစ်ကြောင်း သိစေလိုရင်း ဖြစ်ပါ၏။ စာစကားဖြင့် ပြောရလျှင် ဒုက္ခသစ္စာကို သိစေလျက်၊ သမုဒယသစ္စာကို ပယ်ကာ၊ နိရောဓသစ္စာသို့ ဆိုက်ရောက်စေပြီး မဂ္ဂသစ္စာကို ပွားများကြရမည် ဖြစ်ကြောင်းနှင့် ဤသစ္စာလေးပါး သဘောတရားကိုပင် သိ ပယ် ဆိုက် ပွား ဟုဆိုကြောင်း သိရှိစေလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် သစ္စာလေးပါး သဘောတရားများ ဖြစ်သည့် သိ ပယ် ဆိုက် ပွား မြတ်တရားကို အမှန်သိရှိကာ နိဗ္ဗာန်စခန်း တက်လှမ်းလိုသူ များထိုသူတို့သည် ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ မျက်မှောက်ပြုရန် လမ်းစဉ်မှန်ဖြစ်သည့် မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ကျင့်ကြံပွားများရာ တစ်ခုတည်းသော ကျင့်စဉ်ဖြစ်သည့် သတိကို အထူးပြုထိန်းပေးကြောင်း တရားအားထုတ်မှု ၀ိပဿနာ အလုပ်ကို ကြိုးစားအားထုတ်ရင်း မိမိတို့၏ ကျင့်ကြံမှုနှင့် အညီသာ သစ္စာလေးပါးကို အမှန်သိ၊ အမှန်ပယ်၊ အမှန်ဆိုက်၊ အမှန်ပွားနိုင်မည် ဖြစ်ပါသဖြင့် အချိန်ရှိခိုက် လုံ့လစိုက်ကာ တရားအလုပ် အားထုတ်ကြဖို့ သိ ပယ် ဆိုက် ပွား ဤဆောင်းပါးဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပါပေတော့၏။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP