ဝေဿန္တရာဇာတ် (အပိုင်း-၅၊ ၆၊ ၇ )
ဝေဿန္တရာမင်းကြီးလည်း ဖြစ်ပျက်ပုံ အလုံးစုံကို ပြောပြသည်။ ထိုအခါ ဆွေတော်မျိုးတော်တို့က "အရှင်မင်းကြီး၌ အပြစ်မရှိပါ။ အလိုရှိရာ အမိန့်ရှိပါ။ ကျွန်ုပ်တို့ ကောင်းစွာ ဧည့်ဝတ်ပြုပါရစေ။ သည်အတွင်း အရှင့်ခမည်းတော် သိဉ္စည်းမင်းကြီးထံသို့ ကျွန်ုပ်တို့ သွားမည်။ အရှင့်အား ပြည်တော်သို့ ပြန်ခေါ်ရန် တောင်းပန် လျှောက်ထားပါမည်" ဟူ၍ ဆိုကြသည်။
ထိုအခါ ဝေဿန္တရာမင်းကြီးက "ကျွန်ုပ်ကို တိုင်းပြည်မှ နှင်ထုတ်ခြင်းမှာ ခမည်းတော်၏ သဘောသက်သက် မဟုတ်ပါ။ ပြည်သူတို့၏ ဆန္ဒအရ ဖြစ်ပါသည်။ အကယ်၍ ကျွန်ုပ်ကို တိုင်းပြည်မှ နှင်မထုတ်လျှင် ခမည်းတော်ကိုပင် မင်းအဖြစ်မှ ဖယ်ရှားကြပါလိမ့်မည်။ ခမည်းတော်သည် ပြည်သူတို့၏ အလိုကို မလွန်ဆန်နိုင်ပါ။ ချစ်လျက်နှင့်ပင် ကျွန်ုပ်ကို နှင်ထုတ်ရခြင်း ဖြစ်ပါသည်။ သင်တို့သွား၍ တောင်းပန်လျှောက်ထားသော်လည်း အခွင့်ရလိမ့်မည် မဟုတ်ပါ" ဟူ၍ ရှင်းလင်းပြောပြ၏။
ဆွေတော်၊ မျိုးတော်တို့က "ယင်းသို့ဖြစ်လျှင် ဤစေတတိုင်း၌ မင်းလုပ်တော်မူပါ" ဟူ၍ ဆိုကြ၏။
ဝေဿန္တရာမင်းကြီးက "ကျွန်ုပ်သည် တိုင်းပြည်မှ နှင်ထုတ်ခံထားရသူ ဖြစ်သည်။ မင်းလုပ်လိုသော ဆန္ဒမရှိပါ။ အကယ်၍ ဤပြည်၌ မင်းပြုလျှင်လည်း သိဝိတိုင်းသားတို့ လိုလားကြမည် မဟုတ်။ သင်တို့နှင့် စိတ်ဝမ်းကွဲကာ မသင့်မတင့် ဖြစ်ကြပေတော့မည်။ ကျွန်ုပ်တစ်ယောက်အတွက် အများပြည်သူတို့ကို မထိခိုက်စေလိုပါ။ ဝင်္ကပါတောင်သို့သာ ကျွန်ုပ် သွားပါအံ့" ဟု ဆို၏။
ဤသို့လျှင် ဝေဿန္တရာမင်းကြီးက လက်မခံသဖြင့် ဆွေတော် မျိုးတော်တို့သည် ဝေဿန္တရာတို့ မိသားစုအား အထူးပြုစုကြသည်။ ဝေဿန္တရာတို့လည်း ထိုဇရပ်၌ပင် တစ်ညအိပ်သည်။ နောက်တစ်နေ့ စောစောတွင် ခရီးဆက်ကြသည်။ ဆွေတော်မျိုးတော်တို့က ခရီးလမ်းကို ညွှန်ကြားလိုက်ကြလေသည်။
နောက်ဆုံးတွင် ဝေဿန္တရာ၊ မဒ္ဒီဒေဝီနှင့် သားတော်၊ သမီးတော်တို့သည် ဝင်္ကပါတောင်ဝှမ်းသို့ ရောက်ရှိလာကြသည်။ သိကြားမင်းသည် သာယာသော နေရာတစ်ခု၌ ကျောင်းသင်္ခမ်း နှစ်ဆောင်ကို အသင့်ဖန်ဆင်းပေးထားသည်။ ရသေ့ ပရိက္ခရာတို့ကိုလည်း အသင့်ပြင်ထားသည်။
ဝေဿန္တရာမင်းသည် ကျောင်းသင်္ခမ်းသို့ ရောက်သောအခါ ရသေ့ရဟန်းပြုသည်။ မဒ္ဒီဒေဝီလည်း ရသေ့အသွင် ဝတ်သည်။ သားတော်ဇာလီနှင့် ကဏှာဇိန်တို့ကိုလည်း ရသေ့ငယ်ကလေးများအသွင် ဝတ်ပေးသည်။ ကျောင်းသင်္ခမ်းတစ်ခုတွင် ဝေဿန္တရာမင်းကြီးက သီးခြားနေသည်။ အခြားကျောင်းသင်္ခမ်းတွင် မဒ္ဒီဒေဝီနှင့် သားတော်သမီးတော်တို့ နေသည်။
မဒ္ဒီဒေဝီက ဝေဿန္တရာမင်းကြီးအား "အရှင်၊ ကျောင်းသင်္ခမ်း၌သာ သားတော်သမီးတော်တို့နှင့် နေတော်မူပါ။ အကျွန်ုပ်သည် နေ့စဉ် သစ်သီးရှာဖွေ၍ လုပ်ကျွေးပြုစုပါမည်" ဟု လျှောက်ထား၏။ ဝေဿန္တရာကလည်း လက်ခံတော်မူ၏။
ထိုနေ့မှစ၍ မဒီဒေဝီသည် နေ့စဉ် စောစောထသည်။ သောက်ရေ၊ သုံးရေ ခပ်သည်။ မင်းကြီးအား မျက်နှာသစ်ရေ၊ တံပူတို့ကို ပေးသည်။ ကျောင်းသင်္ခမ်းကို တံမြက်လှည်းသည်။ ထို့နောက် သားတော် သမီးတော်တို့ကို မင်းကြီးထံထား၍ တောသို့ သစ်သီးရှာ ထွက်လေသည်။ ညနေချမ်းအခါသို့ ရောက်သောအခါ မဒ္ဒီဒေဝီသည် သစ်သီးများကို ယူဆောင်၍ ပြန်လာသည်။ ရင်သွေးများကို ရေချိုးပေးသည်။ ထို့နောက် သူတို့သည် ကျောင်းသင်္ခမ်းတံခါးဝ၌ သစ်သီးတို့ကို အတူစားကြသည်။ စား၍ ပြီးသောအခါ မဒ္ဒီဒေဝီသည် ရင်သွေးများကို ခေါ်ကာ မိမိကျောင်းသင်္ခမ်းသို့ သွားရောက်နေထိုင်သည်။
ဤသို့လျှင် သူတို့သည် ဝင်္ကပါတောင်၌ အေးငြိမ်းစွာ နေလာကြသည်မှာ ၇-လမျှ ကြာခဲ့လေပြီ။
ထိုအချိန်၌ ကလိင်္ဂတိုင်းဒုန္နိဝိဌ အမည်ရှိသော ပုဏ္ဏားရွာ၌ ဇူဇကာအမည်ရှိသော ပုဏ္ဏားသည် သားမယားမရှိ၊ တစ်ဦးတည်းနေထိုင်၏။ သူသည် အလှူလှည့်လည်ခံသဖြင့် အသပြာတစ်ရာ ရ၏။ ထိုအသပြာတစ်ရာကို ပုဏ္ဏားတစ်ဦးထံ အပ်နှံထားလေသည်။
ထိုနောက် နှစ်အတန်ကြာမှ ပြန်တောင်းသောအခါ ငွေကို သိမ်းထားသော ပုဏ္ဏားသည် ပြန်မပေးနိုင်တော့ပေ။ ထို့ကြောင့် အမိတ္တာပုံ အမည်ရှိသော သမီးကို ဇူဇကာပုဏ္ဏားအား ပေးလိုက်လေသည်။
ဇူဇကာပုဏ္ဏားကား သက်ကျားအိုဖြစ်သည်။ ရုပ်ရည်ကြမ်းတမ်းသည်။ အမိတ္တာပုံကား ငယ်ရွယ် နုပျိုသည်။ လှပသည်။ ဇူဇကာပုဏ္ဏားသည် ဝမ်းမြောက်ဝမ်းသာဖြင့် အမိတ္တာပုံကို ခေါ်လျက် မိမိရွာသို့ ပြန်လာလေသည်။
အမိတ္တာပုံသည် ဇူဇကာပုဏ္ဏားအား ချစ်မြတ်နိုးစွာဖြင့် ကောင်းစွာ လုပ်ကျွေးပြုစုသည်။ အမိတ္တာပုံ၏ ဝတ္တရား ကျေပွန်ပုံတို့ကို မြင်သောအခါ အခြားပုဏ္ဏားငယ်တို့သည် မိမိတို့၏ မယားတို့ကို မကျေမနပ် ဖြစ်လာကြ၏။
"အမိတ္တာပုံသည် အဆင်းလည်းလှ၊ အရွယ်လည်း နုပျိုသည်။ သို့ပါလျက် သက်ကျားရွယ်အို ဇူဇကာကြီးအား ကောင်းစွာပြုစု လုပ်ကျွေးပေသည်။ သင်တို့ကား ထိုသို့မဟုတ်။ ငါတို့နှင့် အရွယ်တူ မျှပါလျက် ဘာကြောင့် မပြုစုကြပါသနည်း" ဟူ၍ ဆူပူကြိမ်းမောင်း ကြ၏။
ထိုအခါ ထိုရွာရှိ ပုဏ္ဏေးမတို့သည် အမိတ္တာပုံကို မလိုလားကြ။ ရွာ၌ မနေနိုင်အောင် ပြုကြသည်။ သူတို့သည် ရေခပ်သွားရာ၌ အမိတ္တာပုံကို တွေ့လျှင် "သင်သည် အရွယ် ငယ်သော်လည်း သက်ကျားအိုကြီးနှင့် ပေါင်းသင်းနေရသည်။ သင့်မိဘတို့သည် ဘာကြောင့် သင့်ကို သက်ကျားအိုကြီးနှင့် ပေးစားရသနည်း။ သက်တူရွယ်တူ လင်ကို ရှာမရ၍လော။ လင်အိုကြီးနှင့် ပေါင်းနေရခြင်းထက် သေရသော်မှ ကောင်းသေး၏" စသည်ဖြင့် အမျိုးမျိုး ပြောဆိုကြ၏။
အမိတ္တာပုံလည်း လွန်စွာရှက်လှသဖြင့် ငို၍ ပြန်လာ၏။ ဇူဇကာအား အကြောင်းစုံ ပြောပြ၏။ ဇူဇကာက "ယနေ့မှစ၍ သင်ရေခပ် မသွားနှင့်တော့။ ငါပင် ရေခပ်မည်" ဟု ဆို၏။
အမိတ္တာပုံက "ကျွန်ုပ်တို့အမျိုးသည် လင်ကို စေခိုင်းသော အမျိုးမဟုတ်။ ခိုင်းစေရာ ကျွန်သာ ရှာပေးပါ။ ရှာမပေးနိုင်လျှင် သင်၏အိမ်၌ ကျွန်ုပ် မနေတော့ပြီ" ဟု ဆို၏။
ဇူဇကာက "ငါသည် ကျွန်မွေးနိုင်လောက်အောင် ကြွယ်ဝချမ်းသာသူ မဟုတ်ပါ။ ငါ ကိုယ်တိုင်ပင် ကိစ္စကြီးငယ်ကို ပြုလုပ်ပေးပါမည်" ဟု ဆိုသည်။ အမိတ္တာပုံက "ဝေဿန္တရာမင်းကြီးသည် ဝင်္ကပါတောင်၌ နေသည်ဟု ကြားသည်။ မင်းကြီးထံသွား၍ ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့ကို အလှူခံပါချေ" ဟူ၍ ဆို၏။
ဇူဇကာလည်း အမိတ္တာပုံ၏ အကြံကို နှစ်သက်သွားသည်။ ဝေဿန္တရာမင်းကြီး၏ သားနှင့်သမီးကို အလှူခံ၍ ကျွန်ပြုစေခိုင်းမည်ဟု အကြံဖြစ်ပေါ်၏။ သို့ဖြင့် ဇနီးအား သတိဝီရိယဖြင့် နေထိုင်းရန် မှာကြားသည်။ ထို့နောက် သိဝိတိုင်း၊ စေတုတ္တရာပြည်သို့ ရှေးရှုထွက်ခွာသွားသည်။ စေတုတ္တရာပြည်မှ တစ်ဆင့် အခက်အခဲအမျိုးမျိုးကို ကျော်လွှားကာ ဝင်္ကပါတောင်သို့ အရောက်သွားလေသည်။
ဇူဇကာသည် ဝေဿန္တရာမင်းကြီးတို့ နေထိုင်ရာ ကျောင်းသင်္ခမ်းအနီးသို့ ရောက်သောအခါ ချက်ချင်းမသွားပေ။ 'ယခု မိုးချုပ်ပြီ၊ မဒ္ဒီဒေဝီသည် သစ်သီးရှာရာမှ ပြန်ရောက်နေလိမ့်မည်။ မိန်းမတို့သည် အလှူဒါနပြုရာ၌် အနှောင့်အယှက် ပေးတတ်သည်။ဝေဿန္တရာက ငါ့အား သား သမီးတို့ကို လှူလိုက်သော်လည်း မဒ္ဒီဒေဝီက နှောင့်ယှက်လျှင် ပျက်လိမ့်မည်။ သို့ဖြစ်၍ နက်ဖြန်ခါ မဒ္ဒီဒေဝီ သစ်သီးရှာထွက်မှ ကျောင်းသင်္ခမ်းသို့သွားမည်။ ဝေဿန္တရာမင်းကြီးထံ သားသမီးတို့ကို အလှူခံပြီး မဒ္ဒီဒေဝီ ပြန်မရောက်မီ ခေါ်ဆောင်သွားမည်' ဟူ၍ ကြံစည်၏။ သို့ဖြင့် ဇူဇကာသည် ကျောင်းသင်္ခမ်းနှင့် မနီးမဝေး တစ်နေရာ၌ အိပ်စက်နေ၏။
နံနက်သို့ရောက်သောအခါ မဒ္ဒီဒေဝီသည် နေ့စဉ်ပြုနေကျ ဝတ္တရားတို့ကို ပြုလုပ်သည်။ ထို့နောက် သား၊ သမီးတို့ကို ပွေ့နမ်းရှုပ်လျက် "သားတော်၊ သမီးတော်တို့၊ ညက မယ်တော် အိပ်မက်မကောင်းပါ။ သတိဖြင့် နေကြပါ" ဟု မှာကြားသည်။ ဝေဿန္တရာမင်းကြီးကိုလည်း "သားတော်၊ သမီးတော်တို့ကို ဂရုစိုက် စောင့်ရှောက်တော်မူပါ" ဟု မှာကြားသည်။ ထို့နောက် သစ်သီးရှာ ထွက်သွားလေသည်။
ဇူဇကာပုဏ္ဏားလည်း 'ယခုအချိန်တွင် မဒ္ဒီဒေဝီသည် သစ်သီးရှာ သွားလောက်ပြီ' ဟု ဆိုကာ ကျောင်းသင်္ခမ်းသို့ ချဉ်းကပ်သွား၏။ ဝေဿန္တရာမင်းကြီးသည် ဇူဇကာကို မြင်သော် ဝမ်းမြောက်ဝမ်းသာ ကြိုဆို၏။ မင်းကြီးအဖို့ ဤတောအရပ်၌ နေသည်မှာ ၇-လ ရှိပြီ။ လူစိမ်းသူစိမ်း ဟူ၍ တစ်ယောက်မျှ မမြင်တွေ့ရ။ ဇူဇကာကို မြင်ရသည်မှ ပထမဆုံး အကြိမ်ပင် ဖြစ်သည်။ ဇူဇကာအား ဧည့်ဝတ်ပြုကာ သစ်သီး စသည်တို့ကို ကျွေးမွေး၏။
ဇူဇကာက "အရှင်မင်းကြီး၏ သားတော်၊ သမီးတော်တို့ကို အလှူခံရန် လာပါသည်။ အကျွန်ုပ်အား အရှင့်သားတော်၊ သမီးတော်တို့ကို အခိုင်းအစေအဖြစ် ထားရှိရန် လှူတော်မူပါ" ဟူ၍ ဆို၏။
ဝေဿန္တရာလည်း အလှူပြုရမည်ဖြစ်သဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွား၏။ "ပုဏ္ဏားကြီး၊ သားတော်၊ သမီးတော်တို့ကို သင့်အား ငါလှူ၏။ သင် ခေါ်သွားပါ။ သို့ရာတွင် သူတို့၏ မိခင်သည် သစ်သီးရှာ သွားနေခိုက်ဖြစ်သည်။ ညနေချမ်း အချိန်ကျမှ ပြန်ရောက်လိမ့်မည်။ ယနေ့တစ်ည ဤသင်္ခမ်းကျောင်းမှာ အိပ်ပါဦး။ နက်ဖြန်နံနက်ကျမှ သားတော်၊ သမီးတော်တို့ကို ခေါ်ဆောင် သွားပါလော့" ဟူ၍ ဆို၏။
ဇူဇကာက "အရှင်မင်းကြီး၊ မိန်းမတို့မည်သည်ကား လှူဒါန်းမှု၌ အနှောင့်အယှက် ပြုတတ်၏။ သူတို့၏ မိခင်ပြန်မလာမီပင် ခေါ်ဆောင်သွားလိုပါသည်။ သားတော်၊ သမီးတော်တို့ကို ခေါ်ပေးတော်မူပါ" ဟူ၍ ဆို၏။
ဝေဿန္တရာမင်းကြီးက "ကောင်းပြီ၊ ယနေ့ပင် သားတော်၊ သမီးတော်တို့ကို သင်ခေါ်ဆောင်သွားပါ။ သူတို့ကို သူတို့၏ အဘိုးဖြစ်သူ သိဉ္စည်းမင်းကြီးထံ ပို့ပါ။ သူတို့အဘိုးသည် သင့်အား ဥစ္စာများစွာ ပေးလိမ့်မည်" ဟူ၍ ဆို၏။
ဇာလီနှင့်ကဏှာဇိန်တို့ မောင်နှမသည် အနီးတွင် ရှိကြသည်။ ပုဏ္ဏားကြီးက မိမိတို့ကို ကျွန်အဖြစ် ခိုင်းစေရန် ခေါ်သွားမည်ဟု ပြောဆိုသည်ကို ကြားရသောအခါ လွန်စွာထိတ်လန့် ကြောက်ရွံ့ကြသည်။ ကျောင်းသင်္ခမ်း နောက်ဖေးသို့ တိတ်တဆိတ် ထွက်ပြေးကြသည်။ ထို့နောက် ချုံပုတ်တစ်ခုထဲသို့ ပြေးဝင်ကာ ပုန်းကြသည်။ သို့ရာတွင် ချုံပုတ်မှာ မလုံမလဲဟု ယူဆကာ ရေကန်သို့ ပြေးကြပြန်သည်။ ရေကန်သို့ ရောက်သောအခါ မောင်နှမနှစ်ယောက်သည် ရေကန်ထဲသို့ ဆင်းကြသည်။ ကြာဖက်ကို ဆောင်းလျက် ရေထဲ၌ ပုန်းနေကြလေသည်။
ဇူဇကာပုဏ္ဏားသည် မောင်နှမနှစ်ယောက်ကို မမြင်သောအခါ ဝေဿန္တရာကို အထင်မှားသွားသည်။ မိမိသည် မောင်နှမနှစ်ယောက်ကို ဘိုးတော်ထံ ခေါ်မသွားဘဲ ကျွန်ပြုရန် ခေါ်သွားမည် ဆိုသဖြင့် မင်းကြီးက မထည့်လို၊ ထွက်ပြေးခိုင်းပြီး မသိဟန်ဆောင်နေသည်ဟု ထင်မှတ်သည်။ "အရှင်မင်းကြီးသည် သားတော်၊ သမီးတော်တို့ကို လှူမည်ဆိုသော်လည်း ယခုထွက်ပြေး ပုန်းရှောင် ခိုင်းထားသည်။ သင်မင်းကြီးလောက် ဖောက်လှဲဖောက်ပြန် မမှန်မကန်ပြုသူသည် လောကမှာ ရှိမည်မထင်" ဟူ၍ မခန့်လေးစား စော်ကား ပြောဆိုသည်။
ဝေဿန္တရာမင်းကြီးကား သည်းခံတော်မူသည်။ "ပုဏ္ဏားကြီး၊ မစိုးရိမ်လင့်၊ သားတော် သမီးတော်တို့ကို ခေါ်ပေးမည်" ဆိုကာ သွားရောက် ရှာဖွေသည်။ နောက်ဆုံး၌ ရေကန်ထဲသို့ ဆင်းသောခြေရာတို့ကို မြင်သွားသည်။
"ချစ်သားဇာလီ၊ ခမည်းတော်ထံ လာပါ။ ခမည်းတော်၏ ပါရမီကို ကူညီဖြည့်ပါ။ ပုဏ္ဏားကြီးက ခမည်းတော်ကို အထင်လွဲမှားနေပြီ။ ပုဏ္ဏားကြီး၏ စကားကြောင့် ခမည်းတော်၏ နှလုံးသား ပူလောင်နေပါသည်။ ခမည်းတော်၏ နှလုံးအေးမြအောင် ခမည်းတော်၏ စကားကို နားထောင်ပါ" ဟု လှမ်း၍ ပြောဆို၏။
ဇာလီသည် ခမည်းတော်၏ စကားကို ကြားသောအခါ "ပုဏ္ဏားကြီးသည် ငါ့ကို ပြုလိုရာ ပြုစေတော့။ ခမည်းတော့်စကားကို နားထောင်တော့မည်" ဆိုကာ ဦးခေါင်းကို ဖော်၍ ရေထဲမှ တက်လာသည်။ ခမည်းတော်၏ လက်ယာဘက် ခြေဖမိုးပေါ်တွင် မျက်နှာမှောက်လျက် ခြေမျက်စိကို ဖက်၍ ငိုကြွေးရှာလေသည်။
မင်းကြီးလည်း အလားတူပင် သမီးတော်ကဏှာဇိန်ကို ခေါ်ပြန်သည်။ ကဏှာဇိန်လည်း ရေထဲမှ တက်လာသည်။ ခမည်းတော်၏ လက်ဝဲဘက် ခြေဖမိုးပေါ်တွင် မျက်နှာမှောက်လျက် ခြေမျက်စိကို ဖက်ကာ ငိုကြွေးရှာလေသည်။
ဤသို့ သားတော်ဇာလီနှင့် သမီးတော်ကဏှာဇိန်တို့ ငိုကြွေးကြသောအခါ ဝေဿန္တရာမင်းကြီးသည် မျက်ရည်ကျမိလေသည်။ သို့ရာတွင် စိတ်ကို တင်းလိုက်သည်။ "ချစ်သားဇာလီ၊ ခမည်းတော်၏ ဒါနပါရမီကို ကူညီဖြည့်ဆည်းပါ" ဟူ၍ မေတ္တာရပ်ခံသည်။
ထို့နောက် "ချစ်သားဇာလီ၊ သင်တို့မောင်နှမကို ဤပုဏ္ဏားအား ကျွန်အဖြစ် လှူလိုက်သော်လည်း ထာဝရကျွန် လုပ်ရမည် မဟုတ်ပါ။ သင်ချစ်သားသည် ကျွန်အဖြစ်မှ လွတ်မြောက်လိုပါက ပုဏ္ဏားအား ရွှေစင်ပိဿာတစ်ထောင်ပေးလျှင် သင်သည် ကျွန်အဖြစ်မှ လွတ်စေ။ သမီးတော် ကဏှာဇိန်ကား ရုပ်ဆင်းလက္ခဏာ မြတ်သူ မိန်းကလေးဖြစ်သည်။ ရွှေစင်ပိဿာတစ်ထောင် ဟု တန်ဖိုးဖြတ်လိုက်လျှင် အမျိုးယုတ်သော သူတို့သည် ပုဏ္ဏားအား ရွှေစင်ပိဿာတစ်ထောင် ပေး၍ သမီးတော်ကို ရွေးနုတ်ယူလိမ့်မည်။ ထို့နောက် အမျိုးရောစပ်ခြင်းကို ပြုကြလိမ့်မည်။ သို့ဖြစ်၍ ဘုရင်တို့သာ ရွေးနုတ်ယူနိုင်သည့် တန်ဖိုးသတ်မှတ်ရမည်။ ဆင်၊ မြင်း၊ နွား၊ ကျွန်ယောက်ျား ကျွန်မိန်းမ၊ ရွှေစင်ပိဿာ အလုံးစုံ တစ်ရာစီ ငါသတ်မှတ်သည်။ ထိုတန်ဖိုးကို ဘုရင်မင်းများမှ တစ်ပါး မည်သူမျှ ပေးနိုင်လိမ့်မည် မဟုတ်။ သို့ဖြစ်၍ သမီးတော်ကဏှာဇိန်သည် ကျွန်အဖြစ်မှ လွတ်မြောက်လိုလျှင် ကျွန်ယောက်ျား တစ်ရာ၊ ကျွန်မိန်းမ တစ်ရာ၊ ဆင်တစ်ရာ၊ မြင်း တစ်ရာ၊ နွားလားဥသဘ တစ်ရာ၊ ရွှေစင်ပိဿာ တစ်ရာပေးက ကျွန်အဖြစ်မှ လွတ်စေ" ဟု ဆိုကာ တန်ဖိုးဖြတ်လိုက်လေသည်။
ထို့နောက် သားတော်၊ သမီးတော်တို့ကို ကျောင်းသင်္ခမ်းသို့ ခေါ်သွားသည်။ ကရားဖြင့် ရေကိုခပ်သည်။ "သားသမီးကို လှူသောအလှူသည် သဗ္ဗညုတဉာဏ်ရရှိရေးအတွက် အထောက်အပံ့ ဖြစ်စေသတည်း" ဟု ဆုတောင်းကာ ဇာလီနှင့် ကဏှာဇိန်တို့ကို ဇူဇကာပုဏ္ဏားအား ရေစက်သွန်းချ၍ လှူဒါန်းလိုက်၏။ ထိုအခါ မဟာပထဝီမြေကြီးသည် ပြင်းထန်စွာ တုန်ဟည်းလျက် ငလျင်ကြီး လှုပ်လေ၏။
(ဝေဿန္တရာဇာတ် အပိုင်း-၈ ဆက်တင်ပါမည်)



0 comments:
Post a Comment