ဘုန်းဘုန်းထံ ပေးစာ (၅)
မိတ်ဆက်
ကျောင်းအမ တစ်ယောက်၏ ဘာသာရေး လူမှု့ရေး ပတ်သက်သည့် ပေးစာများကို ဖော်ပြခဲ့ရာ ယခုဆိုရင် အပိုင်း (၅) ပင်ရောက်ခဲ့ပြီ။ ဤအပိုင်း (၅) တွင် တောင်ပေါ်ဒေသတွင် သီတင်းသုံးတော်မူကြသော ရဟန်းတော်များ ကိုရင်များနှင့် သူတော်စဉ်များအား နှစ်စဉ် ဆန် ဆီ ပဲ အစရှိသည့် အခြောက်အခြမ်းများကို လှူဒါန်းသည့် အစီအစဉ်လေးတစ်ခု ဖြစ်ပါသည်။ တောင်ပေါ်ဒေသများသည် ယေဘုယျအားဖြင့် မြေပြန့်ဒေသများထက် အစစ အရာရာ အခက်အခဲများ ရှိနေပါလိမ့်မည်။ ထိုအခက်အခဲများကို သိမ်ကြီးဈေးအေရုံ/ ဘီရုံဈေးသူဈေးသားတွေရက ဖြေရှင်းပေးခြင်းပဲ ဖြစ်ပါသည်။ ထိုအဖွဲ့တွင် လိုက်ပါဝင်ခဲ့သော ကျောင်းအမ၏ ပေးစာအတိုင်း ၀မ်းမြောက်နုမော် သာဓုခေါ်နိုင်ရန် တင်ပြလိုက်ပါသည်။
ဦးဇင်းလေးဘုရား
ဒီတစ်ခါတပည့်တော်မတို့ သိမ်ကြီးဈေးအေရုံ/ ဘီရုံဈေးသူဈေးသားတွေရဲ့ ၀ါတွင်းအလှူလေးတစ်ခုအကြောင်း
လျှောက်ထားချင်ပါတယ်ဘုရား။
(၃၀-၇-၂၀၁၀) သောကြာနေ့ ညချမ်းအချိန် ဗဟန်းကြားတောရလမ်းမှာရှိတဲ့ သိမ်ကြီးဈေး ဓမ္မာရုံမှာ လူစု လူဝေးနှင့် စည်းကားနေကြပါတယ်ဘုရား။ စည်ကားရတဲ့အကြောင်းရင်ကတော့ သိမ်ကြီးဈေး သူဈေးသားတွေက မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးဘုရားကြီးကို ရွှေကြာသင်္ကန်းကပ်ပွဲနှင့် ထိုတောင်တန်း အနီးတ၀ိုက်မှာရှိကြတဲ့ ဘုန်းတော်ကြီးကျောင်းများကို ၀ါတွင်းရိက္ခာများကို သွားရောက်လှူဒါန်းဖို့အတွက် စုရုံးရောက်ရှိနေကြခြင်းဖြစ်ပါတယ်ဘုရား။ တပည့်တော်တို့ သိမ်ကြီးဈေးအဖွဲ့သူအဖွဲ့သားများ ရဲ့ ယခု အလှူသည် (၂၈)ကြိမ်မြောက် ဖြစ်ပါတယ်ဘုရား။ ရှေးရှေးက ဈေးလူကြီးများ လက်ထက်ကစ ယခု မျိုးဆက်သစ်တွေ အထိ ယခုကဲ့သို့ လှူဒါန်းလာကြတာ ပါဘုရား။
လှူဒါန်းရန် လှူဖွယ်ပစ္စည်းများကို ကုန်တင်ကားကြီးများနှင့် သယ်ဆောင်ပြီး ကိုယ်တိုင်ကိုယ်ကျ သဟတ္ထိက အလှူ လှူလိုသော အလှူရှင်များကတော့ လေအိတ်ကား(၃)စီးနှင့် သွားကြပါတယ်ဘုရား။ အဖွဲ့အားလုံး တစုတဝေးတည်း ည(၉)နာရီမှာ ဓမ္မာရုံကနေ စတင်ထွက်ခွာလာကြပါတယ်ဘုရား၊
နောက်တနေ့ မနက်စောစော တောင်ပေါ်ကားလမ်းဖွင့်ဖွင့်ခြင်း ကုန်တင်ကားပေါ်မှ ပစ္စည်းများကို တောင်ပေါ်တက်ကားပေါ်သို့ တဆင့်ပြောင်းတင်ပြီး သယ်ယူရပါတယ်ဘုရား၊ လိုက်ပါကြသော အလှူရှင်တွေကလဲ တောင်တက်ကားများနှင့် ကျိုက်ထီးရိုးတောင်ပ်ါသို့ တက်ကြရပါတယ်ဘုရား။
တောင်တက်ကားတွေက ဘုန်းဘုန်းသိတဲ့အတိုင်း မိုးတွင်းကာလလဲဖြစ်ပြန် အန္တရာယ်များတဲ့ တောင်တန်းလဲ ဖြစ်တာကြောင့် ခက်ခက်ခဲခဲနှင့် တက်ခဲ့ရပါတယ်ဘုရား၊ အလွန်များတာကြောင့် ကြောက်စိတ်တွေရှိခဲ့ပေမဲ့ ထို ကြောက်စိတ်တွေကို နေ့စဉ် ရွတ်ဖတ်ထားတဲ့ မြတ်ဗုဒ္ဓ၏ ရွှေနှုတ်တော်မှ ထွက်လာသော စကားများကို တတွတ်တွတ်နဲ့ ရွတ်ရင်း အလှူကြီးတစ်ခုအတွက် ရင်ထဲကပီတိလေးနဲ့ဖြေဖျောက်ကာတောင်ပ်ါသို့ တက်လာကြရပါတယ်ဘုရား။ ကားမောင်းသမားတွေရဲ့ ကျွမ်းကျင်မှု့ကို ယုံကြည်ချက်လေးနှင့် ကြောက်စိတ်လေးတွေ နည်းသွားပါတယ်ဘုရား။ ဒီနှစ် တပည့်တော်တို့အဖွဲ့ အရမ်းကံကောင်းပါတယ်ဘုရား တောင်တက်ကော အဆင်းကော မိုးမရွာဘဲ ရာသီဥတု သာသာယာယာနဲ့မို့ ပျော်စရာအရမ်းကောင်းတယ်ဘုရား။ အရှင်ဘုရားပြောသလို ဘုန်းကံရှိတဲ့သူတွေက ဘုန်းကံရှိတဲ့အလုပ်တွေကို လုပ်နေတော့ တပည့်တော်မတို့ တရားကပဲ ပြန်စောင့်ရှောက်တယ် ထင်ပါတယ်။
ဘုရားရင်ပြင်ပေါ် ရောက်တော့မှ မြူတွေဆိုင်းနေတာကြောင့် တစ်ဦးနဲ့တစ်ဦး အနီးကပ်မှ မြင်ကြရတယ်လေ၊
အဲလိုမြူတွေဆိုင်းပြီး နေရတဲ့ အရသာလေးကတော့ တပည့်တော် အခုချိန် ကျိုက်ထီးရိုးအလှူ သွားတိုင်းခံစားရတဲ့ အကြိုက်ဆုံး ခံစားချက်လေးပေါ့ဘုရား။ တပည့်တော်မအနေနဲ့ အခု အခေါက်နဲ့ ဆိုရင် (၃)ခေါက်ရှိသွားပြီဘုရား။ နေ့လည်ခင်းပိုင်းမှာ သယ်ဆောင်လာခဲ့တဲ့လှူဖွယ်ပစ္စည်းတွေကို ကြည်ညိုဖွယ်ဖြစ်အောင် စနစ်တကျ စီစဉ်ကြပါသည်ဘုရား၊ အဲဒီလို ညီညီညွတ်ညွတ်နဲ့ အခန်းအနားပြင်ဆင်ကြရတာ အလွန်ကြည်နူးစရာ ကောင်းလိုက်တာဘုရား၊ ပျော်လည်းပျော်ကြပါတယ်ဘုရား။ ဘုရားတပည့်တော်တို့ သီတဂူဆရာတော်ကြီး မိန့်တော်မူဖူးတဲ့ ဘုရားလောင်း၏ ပါရမီဖြည့်စဉ်က လမ်းစဉ်ထဲက အဘိရတိဘာဝနာ- ပျော်ပျော်ကြီး ကောင်းမှုပြု ဆိုတဲ့ စကားလေးကိုလည်း အမှတ်ရသေးတယ်ဘုရား။
နောက်ပြီးတော့ အဲဒီဒေသ အနီးတ၀ိုက်မှာ နေကြတဲ့ ချို့တဲ့တဲ့သူတွေ မရှိနွမ်းပါးတဲ့သူတွေကို ဝေငှရန်အတွက် အ၀တ်အထည်၊ စားစရာများနှင့် စာသင်ကျောင်းတွေအတွက် စာရေးးကရိယာတွေကိုလဲ စနစ်တကျ ထုပ်ပိုးကြပြီး ညနေစာအတွက် အဖွဲ့ကပဲ ပြင်ဆင် ကျွေးမွေးတဲ့ အစားအစာများ တပျော်တပါး စားသောက်ကြပါတယ်ဘုရား။ ညနေစာ ပြီးတော့ တပည့်တော်တို့ ဘော်ဒါဆောင်က လိုက်ပါလာတဲ့ အမျိုးသမီးလေးတွေနဲ့ အတူ အဖွဲ့တော်သား အားလုံး ဆံတော်ရှင်ကျိုက်ထီးရိုး ဘုရားကြီး၏ရှေ့မှာ ပန်း၊ ရေချမ်း၊ ဆီမီးများ ပူဇော်ကြကာ ၀တ်ရွတ် ကုသိုလ်ပြုကြပါတယ်ဘုရား။
(၃၁-၇-၂၀၁၀) နေ့က ရန်ကုန်က နောက်တစ်သုတ် လိုက်ပါလာတဲ့ လေအိတ်ကား(၂)စီးကလဲ တောင်ခြေသို့ရောက်လာကြောင်း သတင်းရရှိပါသည်ဘုရား၊ မနက်ပိုင်းအာရုံမှာ အလှူခံဖို့ကြွရောက်လာတဲ့
ဘုန်းကြီးကျောင်းပေါင်း (၃၄) ကျောင်းမှ သံဃာတော်များကို မုန်းဟင်းခါးဆွမ်း ဆက်ကပ် လှူဒါန်းကြပါတယ်ဘုရား၊ အဲဒီနေ့ မနက်(၇)နာရီခွဲလောက်မှာ နောက်ကလိုက်ပါလာတဲ့ အလှူရှင် ဈေးသူ/သားတွေက တောင်ပေါ်သို့ရောက်လာကြပြီး အတူပေါင်းမိကာ မနက်(၈)နာရီမှာ ဆံတော်ရှင်စေတီတ်ေကြီးအား ရွှေကြာသင်္ကန်းကပ်လှူပွဲ အခန်းအနားကို စတင်လိုက်ပါတယ်၊ အခန်းအနားအစီအစဉ်မှာ ရွှေကြာသင်္ကန်းကို အမျိုးသားများက တစ်ဖက် အမျိုးသမီးများကတစ်ဖက်စီ ကိုင်ကာ ရင်ပြင်တော်ပေါ်တွင် ပဌာန်း(၂၄ပစ္စည်း)ကို သံပြိုင်ရွတ်ဆိုကာ လှည့်လည်ပြီး စေတီတော်ကြီးကို ရွှေကြာသင်္ကန်းနှင့် သစ္စာပန်းများကို ကပ်လှုပူဇော်ကြပါတယ်ဘုရား၊ ထိုကုသိုလ်အားလုံးကို အရပ် ၁၀ မျက်နှာရှိ ဝေနေယျတို့အား အမျှအတန်းဝေကာ ပထမပိုင်းအခန်းအနားအစီအစဉ်လေးတစ်ခု ပြီး ဆုံးလိုက်ကြတယ်လေဘုရား။
ဒုတိယပိုင်း အစီအစဉ်ကိုတော့ လှုဖွယ်ပစ္စည်းများစီတန်းထားသော ဆီမီးကိုးထောင်ဓမ္မာရုံ တွင်ဆက်လက်ကျင်းပ လှူဒါန်းကြပါတယ်ဘုရား။ ဓမ္မာရုံရှေ့တွင်မှာတော့ ပေးကမ်း ဝေငှမည့် ပစ္စည်းများကို အလှူခံရန်အတွက် ထိုဒေသရှိ အရွယ်စုံ လူစုံ ရောက်ရှိနေကြပါတယ်ဘုရား၊ တပည့်တော်တို့ အတွက်တော့ သီတဂူဆရာတော်ကြီး သာသနာပြု ၂ မျိုးထဲက ministry ပေါ့ဘုရား။
အိမ်အပြန်
တောင်ပေါ်အလှူများ အားလုံးပြီးစီးကြတော့ ရန်ကုန်ပြန်ရန်အတွက် တောင်ပေါ်မှ ကားများနှင့်ပြန်ဆင်းကာ တောင်အောက်တွင် အသင့်စောင့်နေသော လေအိတ်ကားများဆီသို့ ဦးတည်ကြပါတယ်ဘုရား၊ တောင်အောက်ရောက်တော့ အိမ်အပြန်လက်ဆောင်များကို ဒေသထွက် ယိုမျိုးစုံများဝယ်ကြသေးတယ်ဘုရား၊ သီတဂူကဦးပညာနဲ့ သီတဂူစတားတို့ကို လှူဒါန်းရန်အတွက်ကတော့ ရှောက်ယိုဗူးလေး ၀ယ်ခဲ့တယ်ဘုရား။ ဒါလေးကတော့ အိမ်အပြန် ပီတိလေးပေါ့ဘုရား။ မြေပပြန့်ရောက်တော့ လမ်းခရီးမှာ ပရဟိတဂေဟာအလှူနှင့် ဝေါမြို့ရဲ့ အလှူတော်များဖြစ်ပါတယ်။
ဂေဟာအလှူ
နောက်တစ်ခုအလှူလေးလဲရှိသေးတယ်ဘုရား။ သိမ်ကြီးဈေးသူ/သားတွေရဲ့ အလှူတွေထဲမှာ အလှူတစ်လှူ ဖြစ်တဲ့ ကျိုက်ထိုမြို့မှာရှိတဲ့ ဆိတ်ဖူးတောင် ပရဟိတဂေဟာကိုလဲ ၀င်ရောက်ကာ မိဘမဲ့နေတဲ့ အရွယ်စုံ ကလေးတွေကို မိဘ သဖွယ်တာဝန်ယူပြီး ကျွေးမွေးစောင့်ရှောက်နေတဲ့ ဆရာတော်ကြီးကို ရှစ်ခိုးကန်တော့ပြီး ထိုဂေဟာအတွက် လိုအပ်နေသော ပစ္စည်းတွေကို ၀င်ရောက်လှူဒါန်းကြပါသေးတယ်ဘုရား။
ဂေဟာလေးအကြောင်းနဲနဲ ပြောပြမယ်ဘုရား၊
အဲဒီ့ဂေဟာကို ဆရာတော်ကြီးက ဦးဆောင်တည်ထောင်ထားသည်ဟု သိရပါသည်ဘုရား၊ မိဘမဲ့ နေကြတဲ့ ကလေးပေါင်း(၈၀၀)ကျော်ကို နေ့စဉ်တာဝန်ယူပြီး ဂေဟာ ကလေးတွေရဲ့ စားဝတ်နေရေးတွေအပြင် ပညာရေး၊ ကျန်းမာရေး အားလုံးအားလုံး အရေးတွေကိုလဲ ဆရာတော်ကြီးကပဲ စီမံနေရတာပါဘုရား။ ဂေဟာကိုရောက်လာတဲ့ မိဘမဲ့ကလေးတွေကို ကြီးစဉ်ငယ်လိုက် စောင့်ရှောက်ကြတာကို တွေ့ရပါတယ်ဘုရား။ ကျောင်းနေတဲ့အရွယ်ကျောင်းတက်၊ လက်မှု့ပညာတွေလဲ သင်ပေးနေပါတယ်ဘုရာ။ အဲဒီဂေဟာကနေပြီး ထူးချွန်ထက်မြက်တဲ့ လူတော်တွေအများင်္ကြီး ပေါ်ထွန်းလာခဲ့တာကို ကျောင်းရဲ့ဓမ္မာရုံ
မှာချိတ်ဆွဲထားတဲ့ ဓါတ်ပုံတွေက သာဓကပြနေတယ်ဘုရာ။ ပညာရေးတွင်မကဘူး အနုပညာတွေမှာပါ တော်ကြတယ်ဘုရား၊ တပည့်တော်တို့ကို ကရင်ဒုံးယိမ်းအကနဲ့ ကြိုဆိုနေကြတယ်ဘုရား၊
ဆိတ်ဖူးတောင်ဂေဟာမှာတော့ အလှူငွေ (၂၂)သိန်း ကျော်ကျော်လောက်တော လှူဒါန်းနိုင်ခဲ့ပါတယ်ဘုရား။
တပည့်တော်ရဲ့စိတ်ထဲမှာတော့ လှူတဲ့ငွေပမာဏ နည်းတယ်များတယ်ကပဓာနမကျဘဲ သူတို့လေးတွေလိုအပ်နေတဲ့ ကွက်လပ်ကလေးတွေကို ပရဟိတစိတ်လေးတွေနဲ့ ဖြည့်ဆည်းပေးလိုက်ရတဲ့ ပီတိကို ပိုခံစားမိရပါတယ်ဘုရား။
ပညာရေးအလှူ
နောက်တစ်ခု အလှူတော်က တပည့်တော်တို့အဖွဲ့ ရဲ့ အပြန်လမ်းခရီးမှာ ပဲခူးတိုင်း ဝေါမြို့ အဗျားကျေးရွာမှာရှိတဲ့ ပညာဒါနကျောင်းလေးကိုလဲ ၀င်ရောက်လှူဒါန်းခဲ့ပါသေးတယ်ဘုရား၊ အဲဒီ့ကျောင်းလေးကို ဦးဆောင်နေတဲ့ ဆရာတော်ကတော့ ဦးသုမင်္ဂလ ဟု ဘွဲ့အမည်တော်ရှိပါသည်ဘုရား၊ အဲဒီ့ဆရာတော်က နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)မှာ နည်းပြနှင့် အဆာင်မှူး တာဝန်ထမ်းဆောင်နေရင်း သူရဲ့ဇာတိမွေးရပ်မြေ အဗျားဗိုလ်တဲကျေးရွာလေးမှာ ပညာရှာနေကြသော ကျောင်းသားလူငယ် ကလေးတွေအတွက် ပညာဒါနနှင့် ရပ်ရွာတွင်း ဘာသာသာသနာအတွက်သူရဲ့ အစွမ်းနဲ့ ဖွံ့ဖြိုးတိုးတက်အောင် အားထုတ်နေပါတယ်ဘုရား။ အနီးပါတ်ဝန်းကျင်မှာရှိသော ကျေးရွာများတွင် ဘာသာရေး၊ ပညာရေးတွေကို ဖွံ့ဖြိုးတိုးတက်အောင် ပညာဒါနအလှူကို ပေးလှူနေတယ်ဘုရား၊တက္ကသိုလ်မှာ အချိန်ပိုင်းဘဲစာချပြီး ရပ်ရွာမှာ ကလေးတွေပညာရေးအတွက် အားထုတ်နေသူပါဘုရား။
ဆရာတော်က ပညာဒါနအလှူအဖြစ် ရန်ကုန်မှ ဆရာ/မများ အနီးတ၀ိုက်မှ ဆရာ/မများနှင့် လက်တွဲကာ ကျောင်းသားလူငယ်လေးတွေကို ပညာပါရမီဖြည့်ပေးနေကြပါတယ်ဘုရား။ တပည့်တော်တို့ သိမ်ကြီင်္းဈေးသူ/သားတွေကလဲ တဖက်တလမ်းက နိုင်တဲ့အားလေးတွေနဲ့ စာရေးကရိယာတွေနှင့် အလျူငွေ(၃)သိန်း တို့နဲ့ အားဖြည့်ပေးကာ အလှူဒါနလေးပါလုပ်ခဲ့ကြပါတယ်ဘုရား၊ နောင်နှစ်တွေမှာလဲ အဲဒီ့လို အလှူတွေကိုဆက်လက်လှူဒါန်းနိုင်အောင် ကြိုးစားပါ့မယ်လို့ ဈေးဥက္ကဋ္ဌက ဆရာတော်ကြီးအားလျှောက်ထားသံကို ကြားလိုက်ရတော့ တပည့်တော်တို့လဲ တာဝန်ပိုပြီးရှိလာကြပြီလို့ မှတ်လိုက်ကြပါတယ်ဘုရား။
အလှူအားလုံး
ဦးဇင်းလေးဘုရား စာတွေလည်း ရှည်သွားပြီထင်တယ်၊ နိဂုံးချုပ်ပြောပြတော့မယ်ဘုရား--
ဒီနှစ် ၂၀၁၀ မှာ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကြီးမှာ သိမ်ကြီးဈေးသူ/သားတွေ လှူဒါန်းနိုင်ခဲ့တဲ့ အလှူက သိန်း(၁၀၀)ကျော်ပါတယ်ဘုရား။ တပည့်တော်တို့ရဲ့ စုပေါင်းပြီး လှူဒါန်းလိုက်ရတဲ့ အလှူလေးကိုပြန်ပြီး ပီတိဖြစ်ကြရတယ်ဘုရား။ ၀ါတွင်းကာလအတွက် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကြီး အနီးပတ်ဝန်းကျင် ဘုန်းကြီးကျောင်းတွေကို လှုဒါန်းပွဲအခန်းအနားလေးပြီးတော့ ကြွရောက်လာကြတဲ့ သံဃာတော်များကို နေ့ဆွမ်းအဖြစ် ဒံပေါက်ဆွမ်းများ ဆက်ကပ်ကြပါတယ်ဘုရား။
လိုက်ပါလာသော အလှူရှင်များကိုလဲ ဒံပေါက်နဲ့ပဲ ဧည့်ခံကြပါတယ်ဘုရား။ဒီနှစ်ဝါဆို အလှူအပြန်လမ်းလေးမှာတော့ သာသနာပြုလုပ်ငန်းတွေကို ဆက်လက်ထမ်းဆောင်ရမဲ့ အရေးကိုကြိုပြီး သီတဂူဆရာတော်ကြီးရဲ့ သီတဂူအဓိဌာန်ကို ပြန်လည်ကြားယောင်ကာ ပီတိပွားများကာ အသက်ရှင်နေမျှ ကျန်းမာ ချမ်းသာစွာနဲ့ သာသနာပြုလုပ်ငန်းတွေကို စွမ်းစွမ်းတမံ လုပ်ဆောင်နိုင်ပါစေလို့ အကြိမ်ကြိမ်အခါအခါ ဆုတောင်းနေမိပါတယ်ဘုရား။
သီတဂူစန်းလပမာ ချမ်းမြသာယာရှိပါစေဘုရား၊
မပန်းစပယ် (လှဆန်းယဉ်)
ရန်ကုန်မြို့ သိမ်ကြီးဈေး အေရုံ/ဘီရုံ ဈေးသူ ဈေးသားများ၏ ကောင်းမှုကသိုလ် အ၀၀တို့ကို အားကျ ကြည်ညိုမိပါသည်၊ သာဓုလည်း အကြိမ်ကြိမ် ခေါ်မိပါသည်၊ ကောင်းမှုကုသိုလ်များကို ဝေငှ သတင်းပေးပို့သော ကျောင်းအမ မပန်းစပယ် (လှဆန်းယဉ်)အားလည်း အထူးကျေးဇူးတင်ပါသည်။
သာဓု သာဓု သာဓု
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၅-၈-၂၀၁၀


0 comments:
Post a Comment