* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, August 5, 2010

နှလုံးသားဝယ်ဘုရားတည်(၂)

Wednesday, 04 August 2010 14:38 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

တရားမမြင်၊ ဘုရားပင်၊ မမြင်ကွယ်ပျောက်ပါ။

တရားမြင်မှ၊ မြတ်ဗုဒ္ဓ၊ မုချမြင်နိုင်ပါ။

ဘုရားမမြင်၊ တရားပင်၊ မမြင်ကွယ်ပျောက်ပါ။

ဘုရားမြင်မှ၊ မြတ်ဓမ္မ၊ မုချ မြင်နိုင်ပါ။

ဘုရားမမေ့၊ တရားမွေ့၊ ကြုံတွေ့သာသနာ။

တရားမြင်သော်၊ သံဃာတော်လည်း၊

မြင်ရမြဲ၊ ထူးကဲရတနာ။

နှလုံးသားဝယ်၊ဘုရားတည်၊

တကယ်စွမ်းတဲ့ လူသားပါ။

လောကဟာ လူနောက်ကို မလိုက်ပါဘူး၊ လူကသာ လောကနောက်ကို မောနေအောင် လိုက်နေရပါတယ်။ လောကဆိုတာကလည်း စည်းသေ အောင်ခတ်ထားခြင်းမရှိ၊ ပေါ်လိုက် ပျောက်လိုက်၊ မြင့်လိုက် နိမ့်လိုက်၊ တက်လိုက်၊ ကျလိုက်၊ အေးလိုက် ပူလိုက်၊ တိုးလိုက် ဆုတ်လိုက်၊ ဘာကိုမှ ပုံသေ ဆုပ်ကိုင်ထားလို့မရ။

လူကသာ လောကကို ပိုင်ဆိုင်ချင်တယ်။ လောကက လူကို ဘာတစ်ခုမှ အပိုင်မပေး၊ အမြဲတမ်း ပြက်ရယ်ပြု ပြောင်လှောင်နေတယ်၊ ပြုံးလိုက် မဲ့လိုက်၊ ရယ်လိုက် ငိုလိုက်နဲ့ လူက လောကနောက် ဒရွက် တိုက်လိုက်နေရတယ်။ နောက်ဆုံးတော့ အပူလုံးကြွပြီး ချုံးချပိုပွဲ ဆင်လိုက်ရတယ်။ နော်ကဆုံးဘာတစ်ခု မှ ကိုင်စရာ မရှိတော့ လူကလောကကို လုံးဝအရှုံးပေးလိုက်ရ တော့တယ်။

ဒါကြောင့် လောကကို ဘောင်ခတ်ပေးနိုင်တဲ့ တရားဆိုတာ ဧကန်လိုအပ်လာတယ်။ လောကကို နိုင်တဲ့ အရာဟာ တရားတစ်ခုပဲရှိတယ်။ အဲဒီတရားကို ဖေါ်ထုတ်ပေးဖို့ ဗုဒ္ဓပေါ်လာရတာပါ။ ဗုဒ္ဓက တရားကို ဟောကြားပေးခဲ့တယ်၊ တရားကြောင့်ပဲ ဗုဒ္ဓဟာ အရှိန်အ၀ါကြီးရတယ်၊ တရားကို ရှေ့ဆုံးက လက်တွေ့ ကျင့်သုံးလိုက်နာရင်း မပျောက်အောင် စောင့်ရှောက်ပေးရတဲ့ သံဃာဆိုတာလဲ ပေါ်လာရတယ်၊ အချုပ်အား ဖြင့်တော့ လူနှင့်တက သတ္တ၀ါအားလုံး အပူငြိမ်းပြီး ချမ်းသာကြဖို့ ရတနာသုံးပါး ပေါ်ပေါက်လာရခြင်းပါ။

စိတ်ထဲမှာ အမြဲထားပြီး မြတ်နိုးလေးစား ထိုက်လို့ ဗုဒ္ဓ ဓမ္မ သံဃာကို ရတနာလို့ခေါ်ပါတယ်။ အမျိုးမှန် တဲ့ အဖိုးတန်လဲဖြစ်၊ အတူလဲမရှိနဲ့၊ တွေ့ကြုံဖို့လည်း ခက်ခဲ၊ အထက်တန်းစားပုဂ္ဂိုလ်များရဲ့ အသုံးအဆောင်လည်းဖြစ်၊ တကယ် အားရှိစရာ ပျော်စရာလည်းဖြစ်၊ ဒါကြောင့်လည်း ရတနာဖြစ်ပါတယ်။ ရတနာဟာ ရတနာလို့ အခေါ်ခံ ထိုက်လောက်အောင် စွမ်းရည်ပြည့်စုံမှသာ ရတနာ ဖြစ်လာတာဖြစ်လို့ ရတနာဟာ ရတနာလိုပဲ အားကိုး ရတာအမှန်ပါ။

မိမိတို့ နေ့စဉ် မရိုးနိုင် မ၀နိုင်အောင် ဆိုနေကြတဲ့ သရဏဂုံ(၃)ပါးမှာ အလယ်က “ဓမ္မံ သရဏံ ဂစ္ဆာမိ” ဆိုတာ သာသနာကို ပြတယ်၊ မဂ်ဖိုလ် နိဗ္ဗာန် ဓမ္မက္ခန်ဆိုတဲ့ တရား(၁၀)ပါးပါ။ ဓမ္မက္ခန်ဆိုတာ ပရိယတ်ကို ပြောတာပါ။ မဂ်ဖိုလ် နိဗ္ဗာန်ကတော့ ပဋိဝေဓပါ၊ ပရိယတ်နှင့်ပဋိဝေဓကို ဆက်သွယ်ပေးတဲ့ ပဋိပတ် ဆိုတာ ကလည်း ပါသွားပါပြီး၊ သိအောင်လေ့လာခိုက် ပရိယတ်ပါ၊ လက်တွေ့ကျင့်ခိုက်မှာတော့ ပဋိပတ်ဖြစ် သွားပါ တယ်။ ချိုတဲ့ပန်းသီးလို့ သိပြီးနောက် တကယ်စားတော့ တကယ် ချိုသလိုပါပဲ၊ စာသိ-ကျင့်သိ-ထိုးထွင်းသိလို့ ပေါင်းလိုက်ရင် အသိ(၃)ပါး မြတ်တရားပါပဲ။

သာသနာဆိုတာ မြန်မာလိုတော့ အဆုံးအမ လမ်းညွှန်ပါ သာသနာဆိုတာ လူတွေထားရမယ့် ရည်ရွယ်ချက် လူတွေသွားရမယ့် လမ်းကြောင်း လူတွေ လုပ်ရမယ့် စည်းကမ်းမှုဘောင်ကို သပ်သပ် ရပ်ရပ် ပြတ်ပြတ်သားသား သတ်မှတ်ပြတယ်၊ ရည်ရွယ်ချက်မပါ၊ လမ်းကြောင်းမရျိ အစီအစဉ်မပါဘဲ ကြုံသလို သွားနေ သူဟာ မိမိရဲ့ အဖိုးတန်လှတဲ့ လူ့ဘ၀ကို ဖြုန်းပစ်နေ သူပါ။

ရည်ရွယ်ချက်ဆိုတာ ပဋိဝေဓ(မဂ်ဖိုလ်နိဗ္ဗာန်)လမ်းကြောင်းဆိုတာ ပဋိပတ်(သိက္ခာသုံးပါး ကောင်းမှုတရား) စည်းကမ်းမှုဘောင်ဆိုတာ ပရိယတ်(အချိန်တိုင်း အဖိုးတန်အောင် လုပ်ငန်းတိုင်း စွမ်းရည် ပါအောင် တိကျတဲ့ လမ်းညွှန်ချက်) ပါပဲ။ ပရိယတ်ဆိုတာ ခရီသည် လမ်းစဉ်ပြ မြေပုံကားချပ်ကြီးပါ။

လူ့အလုပ်အားလုံး လူ့စွမ်းရည်ပါဝင် စေချင်ရင် လူ့အပူငြိမ်းချင်ရင် (“ဓမ္မံ သရဏိ ဂစ္ဆာမိ”)ဆိုတဲ့ သာသနာ လမ်းကြောင်းပေါ် တက်ပေးပါ။ လူ့အလုပ်အားလုံး တရားနှင့် ပေါင်းမိရင်လည်း “ဓမ္မံ သရဏိ ဂစ္ဆာမိ” လမ်းကြောင်းပေါ်ပဲတက်ရမယ်။ “ဓမ္မံ သရဏိ ဂစ္ဆာမိ” ပြတ်သားသူအတွက် စားဝတ်နေရေး-လူမှုရေး အလုပ်အားလုံး အပူထုပ်မဟုတ်တော့ဘဲ အံ့သြစရာကောင်း လောက်အောင် နိဗ္ဗာန်ရောက်ကြောင်း တရား ကောင်းတွေ ဖြစ်သွားမှာပါ။

“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ”မှာပါတဲ့ ဗုဒ္ဓက သာသနာဖေါ်ထုတ်ပေးတဲ့ ပုဂ္ဂိုလ်ကိုပြတယ်၊ သာသနာကို ပစ္စေကဗုဒ္ဓါ သာဝကများ ဖေါ်ထုတ်နိုင်စွမ်း မရှိပါဘူး၊ တရားလုံးစုံ အကုန်သိမြင် ဗုဒ္ဓဘုရားရှင်တို့ရဲ့ အရာသာ ဖြစ်ပါတယ်။

ဘုရားရှင်ဟာ အကြောင်းလုံလောက်ပြည့်စုံအောင်-

(၁) သတ်မှတ်ချက်အားလုံး ပြည့်စုံရေး

(၂) သတ်မှတ်ချက် စေ့စပ်သေချာရေး

(၃) သတ်ချိန် ပြီးစီးရေး

(၄) သတ်မှတ်ချက် အရည်အသွေး ပြည့်ဝရေးအတွက် အသက်ခန္ဓာကိုတောင် အရေအတွက် မထားဘဲ ကောင်းတာအားလုံး စွန့်လွှတ်အနစ်နာခံနိုင်တဲ့ အကြောင်းကောင်း ပြည့်စုံမှုကြောင့် (၁)ဉာဏ် (၂) အပူကင်းမှု(၃) စွမ်းရည်(၄)တင့်တယ်မှုဆိုတဲ့ အကျိုးကောင်းများ တုဘက်မရှိ ပြည့်စုံခဲ့ပါတယ်။ ဒါကြောင့်လည်း အများကောင်းကျိုးအတွက် ဆောင်ရဗွက်တဲ့နေရာမှာ အံ့သြဖွယ်ကောင်းလောက်အောင် ပြည့်ဝ တိကျသေချာလွန်းလှပါတယ်။

“သံဃံ သရဏံ ဂစ္ဆာမိ” မှာပါတဲ့ သံဃာဆိုတာ သာသနာစောင့်ရှောက်သူကို ပြတယ်။ သာသနာဟာ သူ့ဟာသူ အလိုအလျောက်တည်တာမဟုတ်ဘဲ စောင့်ရှောက်သူရှိမှ တည်ပါတယ်။ မုချအားဖြင့် အရိယာ သံဃာ၊ ဥပစာအားဖြင့် ကလျာဏပုထုဇသ် ဆိုတဲ့ သမ္မုတိသံဃာက သာသနာ မပျောက် အောင် စောင့်ရှောက်ပေးတယ်၊စောင့်ရှောက်တော့လည်း မကွယ် ပျောက်ရုံလေးထိုင်ပြီး စောင့်ရှောက်နေတာ မဟုတ်ပါ။ ကိုယ်တိုင်လည်း ကျင့်ကြံကြိုး ကုတ် ပွားများအား ထုတ်တယ်၊ ကိုယ်တိုင်လည်း ကျင့်ကြံ ကြိုးကုတ် ပွားများ အားထုတ်တယ်၊ ကိုယ်သိတဲ့အတိုင်း အများသိအောင်လည်း ဂုဏ်ပကာသန လာဘ်ဘာဘ ဘာမျှ မမျှော်လင့်ဘဲ မေတ္တာကရုဏာ စစ်စ်စနဲ့ ဟောပြောပို့ချ လမ်းညွန်ဖြန့်ဝေပေးတယ်၊ တန်ဖိုးမဖြတ်နိုင်တဲ့ တရား များကို လောကပစ္စည်းနဲ့ မလဲလှယ်ဘဲ တန်ဖိုးမဖြတ်နိုင်တဲ့ မေတ္တာကရုဏာနဲ့သာ ဖြန့်ဝေပေးကြပါတယ်။

ပြီးတော့ အလယ်က “ဓမ္မ သရဏံ ဂစ္ဆာမိ” မှာပါတဲ့ ဓမ္မဟာ ဘုရားမရှိတဲ့နောက် ဗုဒ္ဓနှင့် သံဃာ မပျောက်အောင် အသက်ဂုဏ်သွင်ပေးပါတယ်။ အလယ်ကနေပြီး ရှေ့က ဗုဒ္ဓနှင့် နောက်က သံဃာကို ချိန်ခွင် ပမာ ချင့်ချိန် ချိန်တွယ်ပေးတယ်၊ အလင်းရောင်ညှိထွန်းပေးတယ်၊ နှလုံးသား ဘုရားတည်တတ်အောင် လမ်းညွှန်ပေးပါတယ်။

စေတီဆိုတာ (၄)မျိုးရှိတယ်။

(၁) ပရိဘောဂစေတီ

ဘုရားသက်တော်ထင်ရှား ရှိတော်မူစဉ်က အသုံးပြုတော်မူခဲ့တဲ့ ဗောဓိပင်၊ ပြီးတော့ အုတ်ကျောင်းလို့ ခေါ်တဲ့ အုတ်စေတီတော် စသည်ပေါ့။

(၂) ဓာတုစေတီ

ဘုရားရဲံ အရိုးဓာတ်တော် စသည်တွေ

(၃) ဥဒ္ဒိဿစေတီ

သက်တော်ထင်ရှား ဘုရားဂုဏ်ကို ရည်ရွယ်အာရုံပြုပြီး ပူဇော်ထုလုပ်ထားတဲ့ ရုပ်ပွား ဆင်းတုတွေ၊

(၄) ဓမ္မစေတီ

“ဓမ္မံ သရဏံ ဂစ္တာမိ”မှာပါတဲ့ ဓမ္မ၊ ပဓာနအားဖြင့် လမ်းညွှန် ပရိယတ္တိပါ၊ ပရိယတ္တိလမ်းညွှန်ကြောင့် ကျင့်ကြံ အားထုတ်နည်းကို သိရတော့ လမ်းမှန်အတိုင်း ကျင့်နိုင်လို့ ပဋိပတ္တိ ပေါ်လာတယ်၊ ကျင့်ကြံအား ထုတ်နည်း မှန်တဲ့အတွက် မဂ်ဖိုလ်နိဗ္ဗာန် ပဋိဝေဓကိုရတယ်၊ ပြီးတော့ ဒီပရိယတ္တိလမ်းညွန်ကြောင့်ပဲ ပရိဘောဂ-ဓာတု- ဥဒ္ဒိဿ စေတီ(၃)မျိုးကို အသက်ဂုဏ်သွင်းပြီး ကိုးကွယ်ပူဇော် တတ်တယ်၊ နှလုံးသား ဘုရားတည်တတ်တယ်။ ဓမ္မစေတီမရျိရင် ကျန်စေတီ(၃)ပါး ပျောက်သွားမှာပါ။

ဓမ္မပျောက်သွားရင် စေတီအားလုံး အုတ်ပုံကြီးတွေ ဖြစ်သွားတော့မှာ၊ တိုးလာသမျှ အုတ်ပုံကြီးတွေပဲ တိုးတော့မှာ၊ ဆင်းတုအားလုံး အရုပ်တွေဖြစ် ကုန်တော့မှာ၊ အရုပ်တွေချည်းပဲ တိုးတော့မှာ၊ ရှေးဟောင်းပစ္စည်း အလှကြည့်နိုင်တော့မှာဖြစ်တယ်၊ ဘုရားအနေနဲ့ ကိုးကါယ်ပူဇော်တတ်မှာ မဟုတ်တော့ဘူး၊ ဓမ္မမပြတ်သားရင် ဗုဒ္ဓအပေါ် အမြင်မပြတ်သားတော့ဘူး။

အိမ်တစ်အိမ်မှာ မိခင်နှင့်သမီး သားအမိ နှစ်ယောက် ရှိကြတယ်။ မိခင်က သမီးကို နေ့တိုင်း ဘုရား ရေကပ်၊ ပန်းကပ် ၊ ဆွမ်းကပ်၊ ဆီမီးကပ်ဖို့ ပြောထားတယ်၊ သမီးက ဘုရားဆွမ်းတော်ကပ်တဲ့အခါ လက်ဖက်ရည် ပန်းကန်ငယ်ငယ်လေးထဲမှာ ဇွန်းသေးသေးလေးနဲ့ ဆွမ်းတစ်ဇွန်းစာထည့် ဇွန်းဖျားကလေးနဲပ ဟင်းကလေး နည်းနည်းစီ ထည့်ပြီးတော့ ရေလေးနည်းနည်း ရောထည့် ဘုရားရှေ့သွားပြီး ဆွမ်းတော်ကပ် လိုက်တယ်။

မိခင်ဖြစ်သူမြင်တော့ ပြောတယ်။ “သမီးရယ် ဘုရား ဆွမ်းတော်ကပ်တာ နည်းလှချည်လား၊ ဆွမ်းကလဲ ဇွန်းသေးသေးလေးနဲ့ တစ်ဇွန်းစာ၊ ဟင်းကလဲ ဇွန်းဖျားလေးနဲပ တို့ရုံ ထိရုံလေး၊ ဒီလောက် ကလေးနဲ့ ဘုရားက မျှတမှာတဲ့လား” ဒီတော့ သမီးက “ အမေရယ်.. ဘုရားက ဘုဉ်ပေးတာမှ မဟုတ်ဘဲ၊ အရုပ်ကြီးပဲ၊ နည်းနည်း လေးတောင် ကုန်အောင် မဘုဉ်းပေးနိုင်တာ အများကြီး ကပ်တော့ကော ဘာထူး မှာလဲ”တဲ့။

ဒီတော့ သူ့အဖြေရှင်းသွားပြိလေ၊ သူ ဘုရားကို ဆွမ်းကပ်တာမဟုတ်ဘူး၊ အရုပ်ကို ကပ်နေတာ သေချာ သွားပြီ၊ နှလုံးသားမှာ ဘုရားတည်နိုင်တဲ့ စွမ်းရည်သူ့မှာ မရှိတာလည်း သက်သေပြနေပြီ။

ဟုတ်ပါတယ်၊ ဓမ္မပျောက်ရင်တော့ ဗုဒ္ဓပျောက်မှာ သေချာပေါက်ပါ၊ စေတီတွေ ရုပ်ပွား ဆင်းတုတွေကို အသက်ဂုဏ်သွင်းပေးတာက ဓမ္မပါ၊ ဘုရားကို ဘုရားလို မြင်အောင် ပြပေးတာလည်း ဓမ္မပါ၊ ဓမ္မအမြင်ရှင်းသူ များဟာ နှလုံးသား ဘုရားတည်နိုင်ကြပါတယ်။ တကယ်တော့ တရားမြင်မှပဲ ဘုရားမြင်မျာပါ၊ စာသိ-ကျင့်သိ- ထိုးထွင်းသိဆိုတဲ့ အသိ(၃)မျိုးမှာ အနည်းဆုံး စာသိတရားတော့ရှိထားမှ ဘုရားမြင်အောင် ကြည့်တတ်မှာပါ။

တရားမြင်သလောက်သာ ဘုရားလက်ခံမှာပါ။

ပင်လယ်ရေကို ပေတံပေကြိုးနဲ့ ရေထဲချ တိုင်းသူဟာ ပေတံပေကြိုး ရှည်သလောက်သ ရေအနက်ကို သိရမှာပါ၊ ကိုယ့်မှာရှိတဲ့ ပေတံ ပေကြိုးရဲ့ အတိုင်းအတာထက်ပိုပြီး ပယ်လယ်ရေ အနက်ကို မသိနိုင်ပါဘူး၊ အဲဒါမျိုးလိုပဲ အသိဉာဏ် ပေကြိုးရှိသလောက်သာ ဘုရားမြင်နိုင်မှာပါ၊ အသိဉာဏ်ပေကြိုး ရှည်အောင် ဓမ္မနဲ့ ဆန့်တန်းတတ်ဖို့ လိုအပ်ပါတယ်။

ပြီးတော့ ဘုရားမြင်မှလည်း တရားမြင်မှာပါ၊ တရားကို တန်ဖိုးထားမှာပါ၊ ဘုရားလည်း မမေ့ တ၇ားလည်းမွေ့မှ သာသနာနှင့်တွေ့တယ် ခေါ်ပါတယ်၊ ပိဋကစာအုပ်ကြား သင်္ကန်းပုံကြား ဘုရားကျောင်းကန် ကြားထဲ သွားလာနေရုံနဲ့ သာသနာကို မတွေ့သေးပါဘူး၊ ဒါက သာသနာံအသုံး အဆောင်တွေပါ၊ ရဟန်း သာမဏေ သံဃာတွေကြားထဲ ၀င်နေရုံနှင့်လည်း သာသနာနှင့်တွေ့တယ် မဆိုနိုင်သေးဘူး၊ ဒါကလည်း သာသနာ ၀န်ထမ်းတွေကြားထဲ ၀င်နေတာပဲရှိသေးတယ်၊ နှလုံးသားဘုရား တရားရောက်မှပဲ သာသနာနှင့် တွေ့ခွင့်ရမှာဖြစ်တယ်။

“ဓမ္မံ သရဏံ ဂစ္ဆာမိ” ပြတ်သားမှပဲ သံဃာအပေါ် အမြင်ပြတ်သားမှာပါ၊ တရားမြင်မှ သံဃာမြင်မယ်၊ သမ္မုတိသံဃာအပေါ် အရိယာသံဃာရဲ့ ဂုဏ်သွင်းပြီး ကိုးကွယ် လှူဒါန်းပူဇော်တတ်ဖို့က တ၇ားအမြင်ရှင် ဖို့လိုတယ်၊ တရားအမြင် မပြတ်သားရင် ဆွေဘုန်းကြီး မျိုးဘုန်းကြီး ရင်းနှီးတဲ့ ဘုန်းကြီးလောက်ပဲ သဘော ထားပြီး သူငယ်ချင်း သာသာလောက်ပဲ မြင်မိတတ်တယ်၊ ဓမ္မပြတ်သားမှ သံဃာကို သံဃာလို ကိုးကွယ် လှူဒါန်း ပူဇော်တတ်လိမ့်မယ်၊ စာထဲမှာ ပြထားတဲ့ အကြောင်းအရာလေးတစ်ခုရှိတယ်။

နှလုံးသားမှာ ဘုရားတည်တတ်တဲ့ ဓမ္မအမြင် ပြတ်သားပြီး သဒ္ဓါတရားအလွန်ကောင်းတဲ့ ကျောင်းဒကာကြီးတစ်ယောက်ဟာ သံဃိကဆွမ်းအလှူ လှူချင်တဲ့ဆန္ဒ ဖြစ်လာသတဲ့ အရေအတွက်ကတော့ တစ်ပါးတည်းပဲ လှူချင်တာပါတဲ့၊ ကျောင်းကိုသွားပြီး ဆ၇ာတော်ကြီးထံ အလှည့်ကျ သံဃာတော် တစ်ပါးကို လွှတ်လိုက်တယ်၊ အလှည့်ကျ ရဟန်းက သီလလုံးဝမရှိတဲ့ နယ်ကျော် ပယ်ကျော် အကျင့်ပျက် ကိုယ်တော်ကြီးဆိုပဲ။

ကျောင်းဒကာကြီးက အိမ်မှာ ရဟန္တာကို ဆက်ကပ်မယ့်ပုံစံမျိုးနဲ့ သံဃာ့ဂုဏ် အာရုံပြုပြီး အကောင်းဆုံး အမွန်မြတ်ဆုံးဖြစ်အောင် ချက်ပြုတ် စီမံနေ တယ်၊ နေရာထိုင်ခင်း ကျကျနနခင်းပန်းတွေ ခင်းပြီး အားလုံး ကိစ္စပြီးလို့ အဆင်သင့်ဖြစ်တဲ့အခါ အိမ်ပေါက်ဝကနေ လက်အုပ်ချီပြီး သံဃာတစ်ပါး အလာကို စောင့်မျှော် ကြိုဆိုနေပါတယ်။

မကြာမီသီလမရှိတဲ့ ကိုယ်တော်ကြီး သင်္ကန်းရုံ ကြွလာတာမြင်တော့ ဒီကိုယ်တော်ကြီးအကြောင်း ကောင်းကောင်း သိထားပေမယ့် သဒ္ဓါလည်း မပျက် မျက်နှာလည်း မပျက်ဘူး၊ စိတ်ထားလည်း မပြောင်းဘူး၊ တကယ့် ရဟန္တာကြီး ကြွလာသလို ပြုံးပြုံး ရွှင်ရွှင် ကြည်ကြည်လင်လင် လှိုက်လှိုက်လှဲလှဲ ၀မ်းသာအားရ ဆီးကြိုတယ်။ “ကြွတော်မူပါဘုရား၊ ကြွတော်မူပါဘုရား”လို့ ကျကျနနပန်းခင်းထားတဲ့ လမ်းအတိုင်း လက်အုပ်ချီ ပင့်သွားတယ်၊ “ဒီနေရာ သိတင်းသုံးတော်မူပါဘုရား”လို့ လျှောက် သေသေချာချာ ဦးသုံးကြိမ် ချကန်တော့ပြီးတော့ မွန်မြတ်တဲ့ ဆွမ်းခဲဖွယ် ဘောဇဉ်ကို အရိယာ သံဃာ့ဂုဏ် အာရုံပြုပြီး ၀မ်းမြောက် ၀မ်းသာ လှူတယ်။ ဆွမ်းကပ်ပြီး ပြန်သွားတော့လည်း ဒီကိုယ်တော်ကြီးကို အိမ်ပေါက်ဝအထိ လက်အုပ်ချီ ကျကျနနလိုက်ပို့ပြီး အိမ်ထဲပြန်ဝင်ခဲ့တယ်။

ဒါကြောင့် တရားအမြင်ပြတ်သားမှလည်း သံဃာအပေါ် အမြင်ရှင်းမှာဖြစ်တယ်၊ နှလုံးသားဘုရားတည် တတ်ရင် သံဃာလည်း တည်တတ်ပြီးသားပါ၊ ကောင်းမှုမျိုးစေ့ ကြဲချစိုက်ပျိုးရာ သံဃာအပေါ် အမြင် ပြတ်သားပြီး ဒါနကို ဒါနနဲ့ တူအောင်လုပ်တတ်မယ်၊ သီလ သမာဓိ ပညာကို လေးလေးနက်နက် အစစ် အမှန် ဖြစ်အောင် လုပ်တတ်မယ်၊ ဓမ္မအစွမ်းကြောင့် ရုပ်ပွားဆင်းတု စေတီ ကိုလည်း အသက်ဂုဏ်သွင်းတတ်တယ်၊ ဒုဿီလ ရဟန်းကိုတောင် သံဃာဂုဏ်သွင်းပြီး ကောင်းမှုရအောင် လိမ္မာပါးနပ်စွာ ယူတတ်ပါတယ်၊ တရား အမြင်ရှင်းသူတိုင်း လိမ္မာပါးနပ် ကျွမ်းကျင်စမြဲပါ။

ပညာကြီးလတ်၊ ဘုရားမြတ်၊ ဆည်းကပ်သူလည်း ဉာဏ်ကြီးပါ။

အပူကင်းစင်၊ ဘုရားရှင်၊ ဦးတင်သူလည်း အပူကွာ၊

တန်ခိုးကြီးငြား၊မြတ်ဘုရား၊ လေးစားသူလည်း တန်ခိုးဖြာ။

ရုပ်ဆင်းသပ္ပာယ် အံသြဖွယ်၊ ကိုးကွယ်သူလည်း အေးချမ်းပါ။

နှလုံးသားဝယ်၊ ဘုရားတည် တကယ်စွမ်းတဲ့ လူသားပါ။

လူ၏စွမ်းအား၊ မြတ်တရား၊ စိတ်ထားကောင်းဖို့ လိုရင်းပါ။

တိပိဋကဓရ ယောဆရာတော် ဘဒ္ဒန္တသိရိန္ဒာဘိဝံသ

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP