* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, July 5, 2010

*ဖြူစင်မြင့်မြတ်ပြီးဂုဏ်သိက္ခာရှိသူ*

Written by တောသားလေး 0 အကြံပြုပါသည်။ Posted in:


မြတ်စွာဘုရားရှိတော်မူစဉ်က မြို့စားကြီးသောကာဒဏ္ဍနဲ့ မြတ်စွာဘုရားရှင်တို့တွေ့ဆုံတော်မူစဉ်မြတ်စွာ ဘုရားရှင်က မြို့စားကြီးကို ဘယ်လိုဂုဏ်အင်္ဂါတွေနဲ့ ပြည့်စုံတဲ့သူကို သူတော်သူမြတ်လို့ ခေါ်ပါသလဲလို့ မေးတော်မူပါတယ်။ သောကာဒဏ္ဍမြို့စားကြီးက ဂုဏ်အင်္ဂါငါးမျိုးနှင့် ပြည့်စုံရမယ်လို့ဖြေကြားပါတယ်။
မြို့စားကြီးဖြေကြားတဲ့ ဂုဏ်အင်္ဂါ(၅)မျိုးမှာ-
(၁) အမိဘက်၊ အဖဘက် နှစ်မျိုးလုံးသန့်စင်ရမယ်။
(၂)အဘိဓါန်(နိဂဏ္ဍု)ကျမ်း၊အလင်္ကာ(ကေဋ္ဋုဘ)ကျမ်း၊သဒ္ဒါ(အကရပ္ပဘေဒကျမ်း)၊ဣတိဟာသကျမ်း၊ပဒကျမ်း ဗျာကရုဏ်းကျမ်း၊လောကယတကျမ်း၊မဟာပုရိသလက္ခဏာကျမ်းစတဲ့ဝေဒကျမ်းတွေကိုတတ်မြောက်ရမယ်၊ တနည်းအားဖြင့်ဆိုသော် စာတတ်ပေတတ်ဖြစ်ရမယ်။
(၃) ရုပ်ရည်အဆင်းလှပတင့်တယ်ခြင်းရှိရမယ်။
(၄) အကျင့်သီလ မြဲမြံကောင်းမွန်သူဖြစ်ရမယ်။
(၅) အသိဥာဏ် “ပညာ” ရှိသူဖြစ်ရမယ်။
မြတ်စွာဘုရားရှင်က အဆိုပါဂုဏ်အင်္ဂါ(၅)ခုထဲမှ ပထမအချက်ဖြစ်သော မျိုးရိုးသန့်စင်ခြင်းဆိုတဲ့ ဂုဏ်အင်္ဂါ တစ်ခုချွတ်ယွင်းနေရင် အဲဒီသူကို မြင့်မြတ်တဲ့သူလိုခေါ်ဆိုနိုင်သလားလို့မေးပါတယ်။ မြို့စားကြီးကခေါ်ဆို နိုင်ပါတယ်လို့ဖြေပါတယ်။
ပထမအချက်အပြင် ဒုတိယဂုဏ်အင်္ဂါဖြစ်တဲ့ စာတတ်ပေတတ်ဖြစ်ရမယ်ဆိုတဲ့ ဂုဏ်အင်္ဂါချို့ယွင်းရင်ရော မြင့်မြတ်သူလို့ ခေါ်ဆိုနိုင်သေးရဲ့လားလို့ ဆက်လက်မေးပြန်ပါတယ်။ မြို့စားကြီးက ဒုတိယဂုဏ်အင်္ဂါချို့ ယွင်းနေလည်း ခေါ်ဆိုနိုင်သေးပါကြောင်းဖြေပါတယ်။
ဆက်လက်ပြီး မြတ်စွာဘုရားရှင်က ရုပ်ရည်အဆင်းလှပတင့်တယ်ခြင်းချို့ယွင်းပြီး၊ ရုပ်ဆိုးနေရင်ရောမြင့် မြတ်သူလို့ခေါ်ဆိုနိုင်ပါသလားလို့မေးသောအခါ မြို့စားကြီးက အရုပ်ဆိုးနေသော်လည်း အကျင့်သီလမြဲမြံ ကောင်းမွန်ခြင်းဆိုတဲ့ဂုဏ်အင်္ဂါနဲ့ အသိဥာဏ်ပညာရှိသူဖြစ်လျှင် ခေါ်နိုင်ပါတယ်လို့ဖြေပါတယ်။
မြတ်စွာဘုရားက မြို့စားကြီးကို အကယ်၍လူတစ်ဦးဟာ အသိဥာဏ်ပညာပြည့်စုံပြီး အကျင့်သီလမြဲမြံ ကောင်းမွန်ခြင်း ဆိုတဲ့ ဂုဏ်အင်္ဂါမပါလျှင်ကော မြင့်မြတ်တဲ့သူလို့ခေါ်ဆိုနိုင်ပါသလားလို့ မေးသောအခါ မြို့စားကြီးက-
“အရှင်ဘုရား မခေါ်ဆိုနိုင်ပါဘုရား။ ပညာကိုသီလနဲ့ ဆေးကြောရပါတယ်။ သီလကို ပညာနဲ့ဆေးကြောရပါ တယ်။သီလရှိသူမှာပညာရှိပြီး၊ ပညာရှိသူမှာသီလရှိပါတယ်။ အရှင်ဘုရား လက်တစ်ဖက်ဖြင့် အခြားလက် တစ်ဖက်ကို ဆေးကြောရသကဲ့သို့ ခြေတစ်ဖက်ဖြင့် အခြားခြေတစ်ဖက်ကို ဆေးကြောရသကဲ့သို့ပင်၊ ပညာကိုသီလဖြင့် ဆေးကြောရပါတယ်၊ သီလကိုလည်း ပညာဖြင့် ဆေးကြောရ ပါတယ်လို့” လျှောက်တင်တော်မူသောအခါ မြတ်စွာဘုရားရှင်က မှန်ကန်ကြောင်းထောက်ခံအတည်ပြုတော်မူပါတယ်။
အသိဥာဏ်ပညာရှိမှသာ အမှားအမှန်ကိုခွဲခြားသိမြင်ပြီး အကောင်းအဆိုးကိုဝေဖန်ပိုင်းခြားနိုင်မှာဖြစ်ပါတယ်၊ ကောင်းမြတ်တဲ့ အကျင့်သီလကိုလည်း စောင့်တည်နိုင်မှာဖြစ်ပါတယ်။ လောဘ၊ဒေါသ၊မောဟတွေဖုံးလွမ်း နေတဲ့သူမှာ အမှားအမှန်ကို ခွဲခြားဆုံးဖြတ်နိုင်တဲ့ ဥာဏ်ပညာမရှိနိုင်ပါဘူး။ ကိုယ်ကျင့်တရားကောင်းတဲ့သူမှာတော့ လောဘ၊ဒေါသ၊မောဟ အမှောင်တွေမဖုံးလွမ်းဘဲ စင်ကြယ်ဖြူစင် နေတဲ့အတွက် အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်တဲ့ ဥာဏ်ပညာရှိပါတယ်။ ပညာတွေမိုးထိအောင် တတ်နေသော်လည်း အကျင့်သီလမကောင်းရင် ဘယ်လိုမှကို မပြည့်စုံနိုင်သလို အဲဒီတတ်ထားတဲ့ပညာ တွေဟာလည်း အကျိုးမဖြစ်ဘဲ သဲထဲရေသွန်သလိုမျိုးဖြစ်တတ်ပါတယ်။
ထို့ကြောင့် မြတ်စွာဘုရားရှင် အလိုတော်အရလူတစ်ယောက်ရဲ့စစ်မှန်တဲ့ဂုဏ်သိက္ခာဟာ အကျင့်သီလနဲ့ အသိဥာဏ်ပညာဘဲဖြစ်ပါတယ်။ ကျွန်တော်တို့မှာ အဲဒီဂုဏ်အင်္ဂါနှစ်ရပ် မရှိရင်တော့ မြင့်မြတ်တဲ့သူလို့ မခေါ်ဆိုနိုင်သေးပါဘူး။ ကြိုးစားကြရပါအုံးမယ်။
မြင့်မြတ်တဲ့သူဖြစ်မှ ကိုယ့်အတွက်၊ မိသားစုအတွက်၊ တိုင်းပြည်အတွက်၊ အနာဂတ်မျိုးဆက်သစ်တွေကို
ဦးဆောင်နိုင်တဲ့သူဖြစ်ပြီး ကိုယ်ကနေလှပပြီး အဖိုးမဖြတ်နိုင်သောကျောက်ကောင်းလေးများကိုမွေးထုတ် ပေးနိုင်မှာဖြစ်ပါတယ်လို့ ပြောရင်းနိဂုံးချုပ်လိုက်ပါတယ်ခင်ဗျာ။
ကိုးကား။ ။ သောဏဒဏ္ဍသုတ် သီလက္ခန် ပါဠိတော်၊ ဒီဃနိကာယ်။

အားလုံးသောဓမ္မ မိတ်ဆွေသူတော်ကောင်းများ မြတ်မြင့်တဲ့သူများဖြစ်နိုင်အောင်ကြိုးစားနိုင်ကြပါစေ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP