* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, July 13, 2010

အခြေခိုင်လျှင် မယိုင်

ဘုန်းဘုန်းဘုရား… တပည့်တော်ရဲ့ သူငယ်ချင်းတွေ ရှိတဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်းကို မကြာမကြာတော့ အလည်သွားဖြစ်ပါတယ်။ ခရစ်ယာန် သူငယ်ချင်းတွေကလည်း သူတို့ ဘုရားရှိခိုးကျောင်းကို အလည်လိုက်ဖို့ ခေါ်တော့ တပည့်တော်လည်း အမြဲလိုလို သွားဖြစ်ပါတယ်။ သူငယ်ချင်းတွေ ပိုပြီး များလာချင်တဲ့ ရည်ရွယ်ချက်နဲ့ သူငယ်ချင်းရဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်းကို သွားတာပါ။ သူတို့ ဘုရားရှိခိုးတိုင်း တပည့်တော်လည်း သူတို့ဘာသာအတိုင်း ရှိခိုးမိပါတယ်။ အဲဒါ အပြစ် ဖြစ်၊ မဖြစ် ကို သိချင်လို့ပါ ဘုန်းဘုန်းဘုရား
အင်တာနက် Gtalk ကနေ စာရေးသူကို လှမ်းပြီး မေးလျှောက်လိုက်တာ ကတော့ ထိုင်းနိုင်ငံမှာ ကျောင်းတက်နေတဲ့ မြန်မာနိုင်ငံက ကျောင်းသူ သမီးငယ်လေး တစ်ဦးပါ။ သိချင်တာကို ရဟန်းသံဃာတွေဆီ မေးလျှောက်ဝံ့တဲ့ သမီးငယ်ကိုတော့ စာရေးသူ လေးစားမိပါတယ်။ ကျောင်းသူ သမီးငယ် မေးလျှောက်လိုက်မှ စာရေးသူအတွေးထဲ ဆောင်းပါးတိုလေး တစ်စောင်ရေးဖို့ အကြောင်း ဖန်လာရပေတော့တယ်။

လူငယ်အများစုက ဘာသာရေးနဲ့ ဝေးနေလေတော့ အယူဝါဒတွေ လွဲမှားသွားမှာကို စာရေးသူ စိုးရိမ်မိတာကတော့ အမှန်ပါ။ သူငယ်ချင်းတွေ ပေါများချင်လို့ ဘာသာခြား ဘုရားရှိခိုးကျောင်းကို သွားသည်မှာ ပြဿနာ မရှိ။ ဒါပေမဲ့ ဘာသာခြားတွေရဲ့ အယူဝါဒတွေ ကူးစက်ခံရရင်တော့ ပြဿနာ ရှိတာပဲ။
အယူဝါဒ မှားနေရင် မိမိလုပ်သမျှဟာ အကုသိုလ် ဖြစ်နေတတ်တယ်။
ဒါကြောင့် အယူဝါဒ မှားရင် အပြစ်ဖြစ်တယ် လို့ ပြောရမှာပဲ။

သောတာပန် ပုဂ္ဂိုလ်ဟာ မှားယွင်းတဲ့ အယူဝါဒ ဒိဋ္ဌိနဲ့ ဓမ္မကို ယုံမှားသံသယ ၀ိစိကိစ္ဆာ မရှိတော့ဘူး။ အဲဒီမှာ အယူဝါဒ ဒိဋ္ဌိ မှန်မှ သောတာပန် ဖြစ်မယ် ဆိုတာ ဗုဒ္ဓမြတ်စွာဘုရားက အတိအလင်းကို ဟောကြားထားတာ။ ဒါကြောင့် မဂ္ဂင်ရှစ်ပါးက ပထမဦးဆုံးမှာ သမ္မာဒိဋ္ဌိ ဆိုပြီး ရှိနေတယ်။
ဗုဒ္ဓဘာသာ အကြောင်းကို ဂဃနဏ မသိကြသေးတဲ့ လူငယ်တွေကတော့ ဘာသာခြားတွေရဲ့ စည်းရုံးမှု နောက်ကို ရောယောင်ပြီး ပါသွားတတ်ကြတယ်။
အခြေမခိုင်တော့လည်း ယိုင်ကုန်တော့တာပဲ။ လူငယ်တွေကလည်း ဗုဒ္ဓဘာသာ အခြေခိုင်အောင် မိမိဘာသာရဲ့ အနှစ်သာရကို ပိုင်ပိုင်နိုင်နိုင် သိရှိထားကြဖို့ လိုတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ဘာသာခြားတွေရဲ့ စည်းရုံးရာနောက်ကို ယိုင်ကုန်ကြလိမ့်မယ်။
ဘာသာခြားတွေဟာ သူတို့ရဲ့ ဘုရားရှိခိုးကျောင်းတွေကို လာလည်ဖို့ ဖိတ်ခေါ်တာဟာ အဓိက ကတော့ သူတို့ရဲ့ ဘာသာအတွက် စည်းရုံးခြင်းပါပဲ။ ဘာသာခြားတွေရဲ့ စည်းရုံးခြင်းကို ခံလိုက်ရတဲ့ လူငယ်တွေ မြန်မာပြည်မှာ တော်တော်များများ ရှိလာကြပြီ။
အိန္ဒိယ၊ ဒေလီ တက္ကသိုလ်မှာ ဖိလစ်ပိုင်က ခရစ်ယာန် လူငယ်တစ်ယောက်က စာရေးသူကို ကျောင်းဝင်ခွင့် လျှောက်လွှာ ဖြည့်ပုံ ဖြည့်နည်းလေး လာမေးတော့ ကူညီပေးလိုက်တယ်။ ပြီးတော့ ချက်ချင်းပဲ အဲဒီ လူငယ်က သူ့ရဲ့ ကျောပိုးအိပ် အထဲကနေ အိပ်ဆောင် ဘာသာရေး စာအုပ်လေး တစ်အုပ်နဲ့ လက်ကမ်း စာစောင်လေးတွေ စာရေးသူကို ပေးတယ်။ စာရေးသူလည်း သိလိုက်ပြီ။
ငါ့ ကို စည်းရုံးရေး လာဆင်းနေတာပဲ” လို့လေ။
အခုမှ စတွေ့တာ ပဲ ရှိသေးတယ် ချက်ချင်းကို စည်းရုံးရေးဆင်းတာပါပဲလား။
ဒါနဲ့ ချက်ချင်းပဲ စာရေးသူကလည်း ဖိလစ်ပိုင် လူငယ်လေးကို ပြောလိုက်တယ်။
မင်း ပေးတဲ့ စာအုပ်နဲ့ စာရွက်တွေကို ဖတ်ဖို့ ငါ့မှာ အချိန် မရှိဘူးဟ။ အဲဒီတော့ ငါ့ကို အဲဒီ စာရွက်အထဲက ပါတဲ့ အကြောင်းအရာတွေကို နည်းနည်း ပြောပြပါလား? ငါ မသိတာ ဆိုရင်လည်း မင်းကို ချက်ချင်းပြန်မေးမယ်။ မင်း ပြောပြပြီသွားရင် ငါလည်းပဲ င့ါရဲ့ ဗုဒ္ဓဘာသာ အကြောင်းလည်း မင်းကို ပြန်ပြောပြရဦးမယ်။ မင်းလည်း ငါပြောပြတဲ့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တာကို မရှင်းတာ ရှိရင် ပြန်မေးပေါ့ကွာ
စာရေးသူကလည်း ဒီလို ဆိုလိုက်ရော ဖိလစ်ပိုင် လူငယ်လေးလည်း ပြုံးစိစိနဲ့ နှုတ်ဆက်ပြီး ထွက်သွားတော့တယ်။
တစ်ခါကလည်း အိန္ဒိယမှာ ရထားစီးတုန်း ရထားတွဲရဲ့ မျက်နှာချင်းဆိုင် ထိုင်ခုံမှာ အတူကျနေတဲ့ ခရီးသည် တစ်ဦးနဲ့ တွေ့ကြုံဖူးတယ်။ ရထားက ညရထား ဆိုတော့ နံဘေးက ခရီးသည်တွေနဲ့ စကားပြောဖို့ အချိန်မရှိဘူး။ နံနက် မိုးလင်း ရထားခရီးစဉ် ပြီးဆုံးခါနီးလေး မှာမှ အဲဒီ ခရီးသည်နဲ့ စကား ပြောဖြစ်ခဲ့တယ်။
ပထမတော့ သူက ခင်မင်ကြောင်း မိတ်ဖွဲ့တယ်။ ပြီးတာနဲ့ သူတို့ရဲ့ ဘာသာအကြောင်း ဟောတော့တာပဲ။ စာရေးသူကို ဗုဒ္ဓဘာသာ ရဟန်းတစ်ပါးမှန်းလည်း အသိသား။ ဒါပေမဲ့ သူတို့ရဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်းကို အလည်လာဖို့နဲ့ တကယ်လို့ အလည်လာခဲ့ရင် သူကိုယ်တိုင်ကပင် ကားဖြင့် လာရောက်ကြိုမယ် ဆိုတာ ပြောတော့တယ်။
နောက်တော့မှ စာရေးသူ သိရတာက အဲဒီ ပုဂ္ဂိုလ်ဟာ ခရစ်ယာန် ဓမ္မဆရာ ဖြစ်နေတယ်။ အဲဒီ ပုဂ္ဂိုလ်က သူတို့ရဲ့ ဘာသာအကြောင်း စာရေးသူကို ဟောတော့တာပဲ။ သူဟောတာကို နားထောင်ပြီး စာရေးသူကလည်း ပြန်မေးတာ အဲဒီ ပုဂ္ဂိုလ် ပြန်ဖြေစရာတောင် အဖြေမရှိ ဖြစ်သွားတယ်။ ပြီးတော့ စာရေးသူကပဲ ဗုဒ္ဓရဲ့ အဘိဓမ္မာကို အခြေခံပြီး သူကို အချက်ကျကျ အဖြေ ပြန်ပေးလိုက်တယ်။
ဗုဒ္ဓ၀ါဒဟာ လက်တွေ့ကျတဲ့ ၀ါဒ၊ အဝေဖန် ခံနိုင်တဲ့ ၀ါဒ၊ အစမ်းသပ် ခံနိုင်တဲ့ ၀ါဒ၊ သဘာဝတရားတွေကို ဖော်ထုတ်ထားတဲ့ ၀ါဒပါ။ ဒါကြောင့် စာရေးသူ ပြန်ပြောပြတဲ့ အကြောင်းအရာကို အဲဒီ ဓမ္မဆရာ ပြန်ပြီး မေးခွန်း ထုတ်နိုင်စွမ်း မရှိတော့ပါဘူး။
ဗုဒ္ဓဘာသာ တွေဟာ မိမိဘာသာရဲ့ အနှစ်သာရကို မသိရှိကြတော့ ယောင်ဝါးဝါး ဖြစ်နေကြပြီး ဘာသာခြားတွေရဲ့ အလွယ်တကူ စည်းရုံးသိမ်းသွင်းလို့ ရအောင် ဖြစ်သွားကြရတယ်။ အခုခေတ် လူငယ်တွေလည်း သတိရှိကြဖို့၊ အခြေခိုင်ဖို့ သိပ်ကို လိုအပ်လှပါတယ်။ ဒါမှ မယိုင်နိုင်မှာ။
ဒါကြောင့် ဗုဒ္ဓဘာသာဝင်တိုင်း ဗုဒ္ဓရဲ့ တရားတော်တွေကို ကျင့်ကြံပွားများ အားထုတ်ပြီး မယိုင်အောင် အခြေခိုင်အောင် လုပ်ထားကြဖို့ လိုအပ်လှပေစွ…..

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP