* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, July 13, 2010

ဝါဆိုလနှင့် ၀ါဆိုသင်္ကန်း။


ပြီးခဲ့တဲ့ တနင်္ဂနွေနေ. ၁၁ရက်- ဇူလိုင် ၂၀၁၀ နေ.က စင်္ကာပူ နိုင်ငံ ဇယမင်္ဂလ ဗုဒ္ဓ၀ီဟာရ ဆရာတော် ဦးဝိစိတ္တ -ကျောင်း မှာ စင်္ကာပူမှာရှိတဲ့ မြန်မာ မိသားစု များက စုပေါင်းပြီး ၀ါဆိုသင်္ကန်း ကပ်လှူ ပူဇော်ပွဲ ကျင်းပ ပြုလုပ်ခဲ့ ကြပါတယ်။ ဒီဝါဆို သင်္ကန်း ကပ်လှူ ပူဇော်ပွဲကို အကြောင်းပြုပြီး ၀ါဆိုလနဲ့ ၀ါဆိုသင်္ကန်း ဆိုတဲ့ အကြောင်း အရာလေးကိုလည်း Bloger မောင်နှမများနဲ့ ကျွန်မရဲ့ မတောက်တစ်ခေါက် ပညာနဲ့ ရေးသားထားတဲ့ ဆောင်းပါးတွေကို စိတ်ရှည် သီးခံပြီး ဖတ်ရူနေတဲ့ စာဖတ်သူများ အား ၀ါဆိုလ၊ ၀ါဆိုသင်္ကန်းနဲ့ ပတ်သက်တဲ့ အကြောင်းလေးကို သိစေရန် ရည်ရွယ်၍ မျှဝေလိုက်ပါတယ်ရှင်။

မန်မာလ (၁၂) လ ရှိသည့် အနက် ၀ါဆိုလသည် စတုတ္ထ မြောက်လဖြစ်သည်။ ၀ါဆိုလသည် မြန်မာနိုင်ငံ၏ နွေရာသီနှင့်မုတ်သုံရာသီ ကာလ အပိုင်းအခြားတွင်ဖြစ်ပြီး၊ အင်္ဂလိပ်လ ဇွန်၊ ဇူလိုင်လအတွင်းတွင် ကျရောက်လျှက်ရှိသည်။ (၁၂) လရာသီ ရှိသည့်အနက်မှ ၀ါဆိုလပြည့်နေ့သည် အရေးပါသော နေ့တစ်နေ့ဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ အစိုးရ ရုံးပိတ်ရက် များတွင်လည်းပါဝင်သည်။

ဝါဆိုလ၏ ဆိုလိုရင်းမှာ ၀ါ သည်နေထိုင်ခြင်း ၊ ဆိုသည် ရွတ်ဆိုခြင်းဟု အနက်ဖွင့်ဆိုကြသည်။ မိုးတွင်း သုံးလပတ်လုံး ရဟန်းတော်များ သီတင်းသုံးရာ ကျောင်း၌ နေထိုင်ပါ မည်ဟု အဆိုပြုသောလကို ၀ါဆိုလ ဟုခေါ်ဆိုသည်။ တစ်နည်းအားဖြင့် ၀ါဆိုလကို ပုဂံခေတ်ဦးတွင် မယ်တာ ဟုရေးသား အသုံးပြုခဲ့ကြသည်။ ပုဂံခေတ် နှောင်းပိုင်းတွင် မယ်ာ မှ နွေတာဟု ပြောင်းလဲ ခေါ်ဆိုခဲ့ကြသည်။ မယ်တာဟူသော စကားလုံး၏ အဓိပ္ပါယ်မှာ မယ်သည် လယ်ယာ ၊ မိုး ၊ မြေ ကို ကိုယ်စားပြုပြီး ၊ တာ ဆိုသည်မှာ တိုင်းတာခြင်းဟု အနက်ဖွင့်ဆိုသည်။ ထို့ကြောင့် လယ်ယာမိုးမြေကို တိုင်းတာသောလ ဟုလည်း ဆိုနိုင်ပါသည်။ ၀ါဆို လ၏ ယေဘုယ နေထွက် ချိန်မှာ နံနက် ၄ နာရီ ၄၈ မိနစ်ဖြစ်ပြီး၊ နေ၀င်ချိန်မှာ ညနေ ၇ နာရီ ၁၂ မိနစ်ဖြစ်သည်။ ၁၂ လရာသီအ နက် ၀ါဆိုလသည် နေ့ တာ အရှည်ဆုံးလ ဖြစ်သည်။

ဝါဆိုလသည် မြန်မာလူမျိုးများ အတွက် ဘာသာရေးနှင့်ဆက်နွယ်သော အထွက်အမြတ်ထားရာလပင်ဖြစ်သည်။ ဘုရားအလောင်းတော်သည် တုသိတာ နတ်ပြည်မှ စုတေ၍ လူ့ပြည့်၌ပဋိသန္ဓေတည်သည်မှာ ၀ါဆိုလပြည့်နေ့ပင်ဖြစ်သည်။ နိမိတ်ကြီး လေးပါးကို မြင်၍ တောထွက်သည့် နေ့မှာလည်း ၀ါဆိုလပြည့်နေ့ ပင်ဖြစ်သည်။ ဘုရားဖြစ်တော် မူပြီးနောက် ဓမ္မစကြာ တရားဦးကို ဟောကြား တော်မူသည့် နေ့မှာလည်း ၀ါဆိုလပြည့် နေ့ပင်ဖြစ်သည်။ သာဝတ္ထိပြည် သရက်ဖြူပင် ခြေရင်း၌ တိတ္ထိတို့ကို နှိမ်နင်း၍ တန်ခိုး ပြာ ဋိဟာ ပြသောနေ့မှာလည်း ၀ါဆိုလပြည့်နေ့ပင် ဖြစ်ပါတော့သည်။ ထိုသို့ထူးခြားချက်များနှင့်ပြည့်စုံနေသောကြောင့် ဗုဒ္စဘာသာမြန်မာလူမျိုး တို့အနေဖြင့် ၀ါဆိုလပြည့်နေ့ကို အထွတ်အမြတ် ပြုကြသည်။ ထို.ကြောင့် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့က ဤ၀ါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားသို့ သွားရောက်၍ ၀ါဆိုပန်းများ ကပ်လှူခြင်း၊ ၀ါဆိုသင်္ကန်း လှူဒါန်းခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ် သရဇ္ဈာယ်ခြင်း အားဖြင့် ၀ါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့-ကို ဆင်နွှဲ ပြုလုပ် ကြပါသည်။ (ကျန်းကိုး- မောင်ထင်၏ ၁၂ လရာသီ)

ဝါဆိုသင်္ကန်း

ဝါဆိုသင်္ကန်း- ဆိုတာ ၀ါတွင်း ကာလ(မိုးကာလ)၌ မိမိတို့ ကျောင်းအသီးသီးတွင် သီတင်းသုံး နေထိုင်သည့် သံဃာတော် များအား လှူဒါန်းသည့် သင်္ကန်းလို့ ပြောနိုင်မယ် ထင်ပါတယ်။ ဘုရားရှင် ဟောကြားတဲ့ ပါဠိတော်များမှာ ၀ါဆိုသင်္ကန်းကို ၀ဿာဝါသိက သာဋိက-လို့ ဟောထား ပါတယ်။ ပါဠိ အင်္ဂလိပ် အဘိဓာန် မှာတော့ a cloak for use in the rainy season- လို့ဖွင့်ပြတယ်။ တိပိဋက ပါဠိ အဘိဓာန်က ၀ဿာဝါသိက- မိုးကာလ၌ နေလေ့ရှိသော ရဟန်း သာဋိက-အ၀တ်(သင်္ကန်း) - မိုးကာလ၌ မိမိတို့ကျောင်းတွင် နေလေ့ ရှိသော ရဟန်းတို့အား ပေးလှူအပ်သော သင်္ကန်းလို့ ဖွင့်ဆိုပါတယ်၊

ဒီနေ့ခေတ်မှတော့ များသောအားဖြင့် ၀ါမဆိုမီ ကာလမှာ ၀ါဆို သင်္ကန်းဆိုပြီး ကပ်လှူလေ့ ရှိတယ်။ ၀ါဆို သင်္ကန်း ကပ်လှူပွဲဆိုပြီး ဘုရားဟော ကျန်းဂန်များမှာတော့ တိုက်ရိုက် မလာပါဘူး။ ဆက်ဆပ် နှီးနွယ်လို့ ယူနိုင်တဲ့ story background လေးကတော့….

ဝိသာခါလို့ ပြောလိုက်ရင် ကျောင်းအမကြီးရဲ့ နာမည်လို့ ဗုဒ္ဓဘာသာဝင်တိုင်း သိကြပါတယ်။ ဘုရားရှင် ၂၅-၀ါတိတိ သီတင်းသုံးတဲ့ သာဝတ္ထိမြို့ အရှေ့ဘက်မှာ ပုဗ္ဗာရာမ-ပုဗ္ဗာရုံဆိုတဲ့ ကျောင်းကြီးကို ဆောက်လုပ် လှူဒါန်းခဲ့တဲ့ ကျောင်းအမကြီးပေါ့။ တစ်နေ့ ကျောင်းအမကြီး ၀ိသာခါက ဘုရား အမှူးရှိတဲ့ သံဃာတော်တွေကို ဆွမ်းစားပင့်တယ်။ အဲဒီနေ့ညမှာ မိုးကလည်း ရွာလိုက်တာ မပြောပါနဲ့တော့၊ သဲကြီးမဲကြီး ကို ရွာတာ။ ဘုရားရှင်က တပည့် ရဟန်းတွေကို “ ရဟန်းတို့ ဒီမိုးဟာ ဇမ္ဗူဒိပ် တစ်ကျွန်းလုံး ရွာတဲ့မိုး, မိုးရာသီမှာ နောက်ဆုံး ရွာတဲ့ မိုးလည်း ဖြစ်တယ်။ ဒါကြောင့် ရဟန်းတို့ မိုးရေ ချိုးကြလို့” မိန့်တော် မူတော့ ရဟန်းတော် တွေဟာ မိုးရေချိုး ကြတာပေါ့၊ ဒါပေမယ့် သူတို့ရဲ့ ခန္ဓာကိုမှာ ဘာသင်္ကန်းမှ မပါဘဲ ရေချိုး ကြတာလေ။

မနက်မိုးလင်း ကျောင်းအမကြီး ၀ိသာခါအိမ်မှာ ဆွမ်းတွေ ပြင်လို့ပြီးတော့ သူ့အိမ်က ကျွန်- မ တစ်ယောက်ကို ကျောင်းကို လွှတ်လိုက်တယ်။ ဘုရားအမှူးရှိတဲ့ သံဃာတော် တွေကို ဆွမ်းစားကြွဖို့ ပင့်ခဲ့ပေါ့။ ကျွန်-မလေးကလည်း အပြေးအလွှား ကျောင်းကိုသွား၊ ကျောင်းကို ရောက်တော့ သင်္ကန်းမပါဘဲ ရေချိုးနေတဲ့ ရဟန်းတွေကို တွေ့တော့တာပေါ့။ ဒါနဲ့ အိမ်ကို ပြန်လာပြီး ရှင်မရေ “ ကျောင်းမှာလဲ ရဟန်းတော်တွေ တစ်ပါးမှ မရှိဘူး။ တက္ကဒွန်းတွေ ရေချိုး နေတာကိုပဲ တွေ့ခဲ့တယ်လို့” ပြန်ပြောတာပေါ့။ (တက္ကဒွန်းဆိုတာ ဘုရားခေတ်တုန်းက ဘာအ၀တ်မှ မ၀တ်ဘဲ နေကြတဲ့ သူတွေလေ၊ ဒီနေ့ခေတ်အထိ အိန္ဒိယနိုင်ငံမှာ ရှိနေသေးတယ်။ အ၀တ် ၀တ်ထားရင် အ၀တ်အပေါ်မှာ တက်မက် တွယ်တာတဲ့စိတ် ရှိတယ်ဆိုပြီး အကုန်ချွတ်ထား တဲ့အဖွဲ့ပေါ့။)

ကျောင်းအမကြီး ၀ိသာခါကတော့ တွေးတောတတ်တဲ့ ဥာဏ်အမြော်အမြင်ရှိ တော့ ကျွန်မလေးပြောတဲ့ စကားကို သဘော ပေါက်တယ်။ “တက္ကဒွန်း တွေတော့ မဟုတ် နိုင်ဘူး၊ သင်္ကန်း သုံးထည်ကိုပဲ ၀တ်နေရတဲ့ ရဟန်းတော် တွေပဲ ဖြစ်ရမယ် ပေါ့။ ဒီလိုနဲ့ ဘုရားအမှူး ရှိတဲ့ သံဃာတွေ အိမ်ကိုကြွလာ၊ ဆွမ်းကပ်ပြီး ကျွန်-မလေး ကြုံတွေ့ခဲ့ရတဲ့ အနေအထားကို ဘုရားရှင် အားလျှောက်တယ်။ ဒါနဲ့ မြတ်စွာဘုရားက မိုးရေခံ သင်္ကန်းကို ၀တ်ရုံ သုံးစွဲ ခွင့်ပြုတယ်ဆိုပြီး ခွင့်ပြုခဲ့တယ်။ မိုးတွင်းကာလမှာ ရဟန်းတော်တွေ သင်္ကန်းသုံး ထည်အပြင် မိုးရေခံသင်္ကန်းကိုပါ ၀တ်ရုံ သုံးစွဲခွင့်ပြုတာကို အကြောင်းပြုပြီး ဒီနေ့ခေတ်မှာ ၀ါတွင်း(မိုးကာလ) မိမိတို့ကျောင်းမှာ သီတင်းသုံးတဲ့ ရဟန်းတွေကို ၀ါဆို သင်္ကန်းဆိုပြီး ကပ်လှူနေကြတာပါ။

နောက် story တစ်ခုမှာလည်း ၀ိသာခါ ကျောင်းအမကြီးက ဆုရှစ်မျိုး တောင်းတဲ့အခါ ရဟန်းတော်တွေကို ၀ဿာဝါသိက သာဋိက-၀ါဆို သင်္ကန်း လှူဒါန်းခွင့် ပေးဖို့ ပထမဦးဆုံး ဆုအနေနဲ့ တောင်းခဲ့တာကို ထောက်ဆပြီး ၀ါတွင်းကာလမှာ အရင်က ထက်ပိုလို့ စာသင်စာချ (ပရိယတ်) တရားထိုင် တရားပြ (ပဋိပတ်) လုပ်တဲ့ သံဃာတော် တွေကို ၀ါဆို သင်္ကန်းဆိုပြီး ထေရ ၀ါဒ ဗုဒ္ဓဘာသာဝင်တွေက လှူဒါန်းနေကြတာပါ။

ဒီလို လှူဒါန်း ရတဲ့အတွက် အကျိုးကျေးဇူး လေးကတော့ (reflection အနေနဲ့) လှူဒါန်းသူဟာ ရောက်ရာ ဘ၀တိုင်းမှာ အသားအရည် ၀ါဝင်းပြီး ကိုယ်ရောင် ကိုယ်ဝါ တွေထွက်မယ်၊ အသားအရည် နူးညံ့ ပျော့ပျောင်းမယ်၊ အသားအရည် စင်ကြယ် သန့်ရှင်းမယ်၊ စိတ်ထဲမှာ လိုချင်တာကို တောင့်တ လိုက်ရင် ကိုယ်တောင့်တ(ဖြစ်ချင်)တာတွေ ဖြစ်လာမယ်။ အ၀တ်အစား တွေမရှားပါးဘူး၊ လုံခြုံ ချမ်းမြေ.စွာ နေထိုင်ရမယ်။ ဧဟိဘိက္ခု ခေါ်ခံရမယ်၊ နောက်ဆုံး ဗုဒ္ဓဘာသာဝင်တွေရဲ့ ပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကိုရောက်ပြီး ကျွတ်တမ်း ၀င်ရမယ် ဆိုတာတွေ ဖြစ်နိုင်ပါတယ်။

ယနေ့ ကမ္ဘာမှာ reflection ရဲ့သဘောတရား-နယူတန်ရဲ့ တတိယ နိယာမ ဖြစ်တဲ့ သက်ရောက်မှု. တိုင်းမှာ တန်ပြန် သက်ရောက်မှု ရှိတယ်ဆိုတဲ့ သဘောတရားတွေကို ယုံကြည် လက်ခံနေကြပါပြီ။ ဗုဒ္ဓဘာသာ မှာတော့ ကံတရားရဲ့ အကျိုးဆက်လို့ လက်ခံကြတာပါ။ စဉ်းစားကြည့်ပါစို့….. ကိုယ်က အ၀တ်(သင်္ကန်း) ပေးတယ်, လှူတယ်၊ ရရှိသူက အဲဒီ ၀တ်သင်္ကန်းကို ၀တ်တယ်။ လေဒဏ် နေဒဏ် ကာကွယ်နိုင် သလို အရှက် အကြောက် ကိုလည်း ကာကွယ်ပြီး ဖြစ်တယ်။ ၀တ်သင့်တဲ့ အ၀တ်ကို ၀တ်ရသူရဲ့ အသားအရေဟာ အ၀တ်မ၀တ်ဘဲ နေရသူရဲ့ အသားအရေထက် ကြည်လင် နူးညံ့ ၀ါဝင်းတယ်။ ကောင်းပြီ၊ သူတစ်ဖက်သားကို အသားအရေ နူးညံ့ဝါ၀င်းအောင် လုပ်ပေးရင် ကိုယ့်မှာလည်း ဒီလို အကျိုးတရား ပြန်ရမှာ သေချာတာပေါ့။ အသက်ရှင်ရ သမျှအချိန် လေးမှာ အလုပ် ကောင်း ကံကောင်းတွေကို လုပ်နေရင် ကောင်းကံ တွေဆိုတာလည်း ရှိနေမှာပဲ။ စိတ်ထဲမှာ ပိုပြီး ရှိနေသင့် တာကတော့ စစ်မှန်တဲ့ ငြိမ်းအေးမှုကို ရှာဖွေခြင်းကသာ ကောင်းဆုံးသော လုပ်ရပ် ဖြစ်ပါလိမ့်မယ်။

Vasa Robe (၀ါဆိုသင်္ကန်း )

မှတ်ချက်။ ၀ါဆိုလ၏ အကြောင်းကို မောင်ထင်၏ မြန်မာ့ ၁၂လ ရာသီ အကြေင်းမှ ထုတ်နုတ် ရေးသားထားပြီး ၀ါဆိုသင်္ကန်း အကြောင်းကို http://www.dhammaweb.net မှ စာဖတ်သူများနှင့် စင်္ကာပူ နိုင်ငံ ဇယမင်္ဂလ ဗုဒ္ဓ၀ီဟာရ (ကလမဲတီကျောင်း) ဆရာတော် ဦးဝိစိတ္တ - Dr Ashin Vicitta ကျောင်းတွင် ၁၁ရက်- ဇူလိုင် ၂၀၁၀) တွင် ကျင်းပသော ၀ါဆိုသင်္ကန်း ကပ်လှူ ပူဇော်ပွဲ အတွက် ရည်ရွယ်၍ မျှဝေ တင်ပြပါသည်ရှင်။

မေစိုး- Shwe Mandalay.

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP