* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, July 13, 2010

သင်တန်းစာအုပ်မဟုတ်သော သင်တန်းစာအုပ်

ကျောင်းထိုင်ခါစ အခြေကကျလှ သေးသည်မဟုတ်၊ ဦးလူဝ အိမ်မှ
ယစ်ထုပ်ကို အကြောင်းပြု၍သာ ယဉ်ကျေးမှု သင်တန်း ဖွင့်မည်ဟူသော
အကြံ ပေါ်လာခြင်း ဖြစ်ပေ၏။ သင်တန်းတစ်ခု ဖွင့်လျှင် ပြဋ္ဌာန်းစာ
လိုအပ်လာမည်ဖြစ်၏။ သင်တန်းအကြောင်း ဒကာ/ဒကာမများကို
အသိမပေးမီ ရှေးဦးစွာ ပြဋ္ဌာန်းစာအုပ်ကိစ္စကို အရံသင့် စီစဉ်ထားသင့်
သည်ဟု အတွေးရ၏။

လက်လှမ်းမှီသမျှ ယဉ်ကျေးမှုသင်တန်း ပြဋ္ဌာန်းစာအုပ်များကို လေ့လာ
ကြည့်သောအခါ မိမိတို့ရွာမှ ကလေးများနှင့် သင့်တော်မည့် စာအုပ်
ဟူ၍ တစ်အုပ်မျှ မတွေ့ရပေ။ မကောင်းကြ၍ ၊ မပြည့်စုံကြ၍ကား
မဟုတ်။ ကောင်းလွန်း ပြည့်စုံလွန်း လှကြသောကြောင့် သင့်တော်မည်
မထင်ရခြင်းသာ ဖြစ်ပေ၏။

ဤနေရာ၌ မိမိတို့ရွာ နှင့် ရွာမှ ကလေးများ၏ ပညာရေးအခြေအနေကို
ကြားဖြတ်ဖော်ပြသင့်၏။ ရွာသည် မြို့ကလေး၏ အရှေ့ဘက် ( ၅) မိုင်
သာသာ(၆) မိုင်နီးနီးခန့်လောက်တွင် တည်ရှိ၏။ "ဒေါရထ"ဟုခေါ်သော
ပေ (၄၀၀)ခန့်ကျယ်သည့် တံတားမရှိသောချောင်းသည် ရွာနှင့် မြို့ကြားမှ
ဖြတ်သန်း စီးဆင်းနေ၏။ နွေနွေမိုးမိုး အဘိုးထိန်၏ အရိုးပိန်နေပြီဖြစ်သော
လှေတက်၊ နံလိမ်နေပြီဖြစ်သည့်ကူးတို့လှေကလေးကို အားကိုးတစ်ခုပြု၍
ကူးသန်း သွားလာ ကြရ၏။ ကူးတို့ဆိပ်အနီးတွင် ခရီးသွားများ နားခိုရန်
အတွက် အဖိုးထိန်၏ တဲကလေးရှိ၏။ရံခါမိုးတအားရွာလျှင် ထိုတဲကလေး
မှပင်လှည့်ပြန်ကြရ သည်များရှိ၏။(ချောင်းရေစီးကြမ်းသည်ကိုး)ယခုတော့
ယာယီသစ်သား တံတားထိုးထားပါပြီ။ ဤနေရာလေးကိုကလစ်၍ဖတ်နိုင်
ပါသည်။

အဖိုးထိန်သည် မနက်ဝေလီဝေလင်းတွင် ထိုဆိပ်သို့ရောက်၏။ ညနေ (၆)နာရီ
ခန့်တွင် သူ့လှေကို သိမ်းကာ ရွာသို့ပြန်၏။ ( အဘိုးထိန်တို့ ဇနီးမောင်နှံ
အကြောင်းကို သီးသန့် ရေးသားပါဦးမည်။) ချောင်းသည် ဒီရေအတက်အကျ
ရှိသည်ဖြစ်၍ ဒီရေကျချိန်ဆိုလျှင် လူလုပ်ကျောက်တန်းပေါ်မှနင်း၍ လှေပေါ်သို့
တက်ရ၏။ ၎င်းကျောက်တန်းပေါ်၌ဖိနပ်စီးလျှောက်၍မရ၊ ရွှံ့နွံများရှိသောကြောင့်
ချော်လဲတတ်၏။ ရွှံ့ပေနေသော လှေအိုကလေးမှာ ထိုင်စရာပါသည်မဟုတ်။
တစ်ဘက် ကမ်းသို့ ရောက်လျှင် ရွှံ့မပေဘဲ ကမ်းပေါ်တက်နိုင် သူသည်
ကံထူးသူပေတည်း။ (လူတိုင်း၏ခြေထောက်၌ ရွှံ့ပါလာပြီး ဆောင့်ကြောင့်ထိုင်
စီးကြရသည် ဖြစ်ရာ ရွှံ့မပေချင်၍ ရအံ့လော)။

မူလွန် ကျောင်းမှ ဆရာမလေး တို့သည် မြို့မှနေ၍ နေ့ချင်းပြန် စနစ်ဖြင့်
ကျောင်းလာ တက်ကြ၏။ ကျောင်းဖွင့်ကာစ တစ်ပတ်နှစ်ပတ်ခန့် နေ့စဉ်
ရောက်ကြ၏။ ကျောင်းသွင်းသူ စုံသလောက် ဖြစ်သွားသော အခါ
ဆရာမလေးများ ခမျာလည်း ကျောင်းတက် မမှန်နိုင်ကြတော့။ ကလေးများ၏
ပညာရေးကား ဖြေလျှင်အောင်စနစ်အရ တစ်နှစ်တစ်တန်းနှုန်းဖြင့် လေးတန်း
လောက်ပင် ရောက်ခဲ့ စေကာမူ မြန်မာဖတ်စာ တစ်ပုဒ် ဖြစ်သည့်
"ဘကြီးဖြိုးတို့အိမ်" ကိုပင် ချောမောစွာ ဖတ်နိုင်သူ တဖြည်းဖြည်း ရှားပါးလာ
တော့သည်အထိ တတိတိကျဆင်း လာခဲ့ပေတော့၏။ ( (၆)မိုင်ခရီးကို
နေ့စဉ် အသွား အပြန် ခြေလျင်လျှောက်၊ ကူးတို့အထောက်ကလည်း
ရှိနေပြန်သေးသော သည်ခရီးကို မဖြစ်စလောက် လစာလေးနဲ့ ဘယ်သူ
တွေကများ နေ့စဉ်ရောက်အောင် လျှောက်ချင်ပါအံ့)။

ထိုကလေးများအတွက်
၁။ သြကာသ ကန်တော့ခန်း
၂။ ဗုဒ္ဓ၀င်အကျဉ်း
၃။ ခုနစ်နေ့ဘုရားရှိခိုး၊ ဆွမ်းတော်ကပ်လင်္ကာစသည်
၎။ သရဏဂုံသုံးပါး၊ ငါးပါးသီလ ခံယူဆောက်တည်ပုံ
၅။ရတနာသုံးပါး ဂုဏ်တော်များ
၆။ မင်္ဂလသုတ် ပါဠိ အနက်၊ လင်္ကာများ
၇။ သိင်္ဂါလောဝါဒလင်္ကာများ
စသည်တို့ဖြင့် စုံစုံလင်လင် တန်ဆာဆင် ရေးသားထားသော ထိုထိုသင်တန်း
စာအုပ်တို့သည် အဘယ်မှာလျှင် သင့်တော်ပါအံ့နည်း။ (ဆင်ကိုချည်သော
ကြိုးသည် ကောင်းသည်ခိုင်သည် မှန်သော်လည်း သူ့အောက်ငယ်သော
သတ္တ၀ါလေးများအတွက်မူ မသင့်တော် သကဲ့သို့ပင် မဟုတ်ပါလော။)

ဤသို့ဖြင့် ငါ့ရွာကကလေး တွေအတွက် သင်တန်းပြဋ္ဌာန်းစာကို ငါကိုယ်တိုင်
ရွေးချယ် ရတော့မည်ဟု သဘောပိုက်မိသည့် အလျောက် သူတို့အတွက်
အရေးတကြီးလိုအပ်သည်ဟု ထင်ရသည်တို့ကိုထိုထိုစာအုပ်တို့မှ ထုတ်နှုတ်၍
တစ်မျိုး၊ ကိုယ်တိုင်ရေးသား၍တစ်ဖုံ အစွမ်းကုန်ပြုစုလေတော့၏။
ထိုသို့ပြုစုရာ၌-
(၁) ကလေးများရွတ်လွယ်စေရမည်။
(၂) လူကြီးများနားထောင်လိုက်လျှင် ပီတိဖြစ်စေနိုင်ရမည်။
(၃) ပစ္စုပ္ပန်သံသရာ နှစ်ဖြာသောအကျိုးစီးပွါးနှင့်စပ်ဆိုင်ရမည်။
(၄)ကလေးများကိုသာမက လူကြီးများကိုပါ သွယ်ဝိုက်သတိပေးနိုင်ရမည်။
(၅)ရပ်ရွာကောင်းကျိုး, ဘာသာ သာသနာ ကောင်းကျိုးများကို ဖော်ညွှန်း
နိုင်ရမည်- စသည့်မူတို့ဖြင့် ရွေးချယ်ရေးသား ပြုစုလေသည်။

ထိုစာအုပ်ကို-
"ကလေးများအတွက်-ယဉ်ကျေးလိမ္မာရွှေကဗျာများ" ဟု အမည်ပေးပြီး
မြို့သို့တက်ကာ ကွန်ပျူတာစာစီ ခိုင်းရ၏။ ကိုတင်စိုး၏ "ရွှေရုပ်လွှာ
ကွန်ပျူတာစာစီ" ကလည်း သင့်တော်မည့် ကာတွန်းပုံကလေးများကိုပါ
ထည့်သွင်းပေးခြင်း၊ ကွန်ပျူတာဖြင့်ဖယောင်းဖောက်ကာ မှင်ပြာကလေးဖြင့်
ရိုက်နှိပ်ပေးခြင်း စသည်အားဖြင့် တတ်စွမ်းသမျှ ဆင်ပေးရှာလေသည်။
ဤသို့ဖြင့် ကဗျာပုဒ်ရေ ( ၃၀ ) ကျော်ကျော်ခန့်သာ ပါရှိသော ပါးပါးလွှာလွှာ
"ကလေးတို့အတွက်-ယဉ်ကျေးလိမ္မာရွှေကဗျာများ" စာအုပ်ကလေးသည်
ကလေးတို့နှစ်သက်ဖွယ်ရာ သင်တန်းစာအုပ်ကလေး အဖြစ်သို့်အောင်မြင်စွာ
ရောက်ရှိခဲ့လေတော့၏။

ယဉ်ကျေးမှုသင်တန်းပြဋ္ဌာန်းစာဟုသာအမည်ပေးဖြစ်ပါက အခြားသော
သင်တန်းပြဋ္ဌာန်းစာအုပ်တို့ထံမေးငေါ့ခံရလောက်ဖွယ်ရာရှိသော ထိုပါးပါး
လွှာလွှာစာအုပ်ကလေး၏ပုံနှိပ်မှတ်တမ်းကားအောက်ပါအတိုင်းဖြစ်ပေတော့၏။

ပုံနှိပ်မှတ်တမ်း
စာအုပ်အမည်="ကလေးများအတွက်-ယဉ်ကျေးလိမ္မာရွှေကဗျာများ"
ပြုစုသူ= အရှင်ဝိသာရဒ (ရမ္မာဝတီ)
အကြိမ်=ပထမအကြိမ်
အုပ်ရေ= (၂၅၀)
ခုနစ်= ၁၃၆၈-ခုနှစ်
ဟူသတည်း။

ပထမဆုံးစာမျက်နှာ၌ ရေးသူအမည်မသိ( သိလျှင်တဆိတ်ပြောခဲ့ကြပါ)သော
အောက်ပါ ကဗျာလေးကို ဖော်ပြထားပေ၏။

ဘုရားရှိခိုးအိပ်ပါကွယ်

ညီမလေးရယ် ညီလေးရယ်
ဘုရားရှိခိုးအိပ်ပါကွယ် ။

ဘုရားရှိခိုး အိပ်ပါမှ
လူအိပ်ခြင်းလို့ ခေါ်ဆိုရ။

ဘုရားရှိခိုးမအိပ်တဲ့သူ
ခွေးအိပ်ခြင်းနဲ့တူ ။

ခွေးလိုလူ မဖြစ်ချင်က
ဘုရားရှိခိုး အိပ်ပါကြ ။


မှတ်မိပါသေးသည်။
သင်တန်းကာလ တစ်ရက်တွင် ကလေးတစ်ယောက်ကိုထိုကဗျာလေးကို
အလွတ်ရွတ်ခိုင်းရာ ( ဘုရားရှိခိုးမအိပ်တဲ့သူ---၊ဘုရားရှိခိုးမအိပ်တဲ့သူ---၊
အင်း--အဲ--ဘုရားရှိခိုးမအိပ်တဲ့သူ----) ဟူ၍ ရှေ့မတိုးနိုင်ဘဲရှိနေရာ
သူ့နောက်မှ တစ်ယောက်က ( နွားအိပ်ခြင်းနဲ့တူ) ဟူ၍ ထောက်ပေးသည့်
အတိုင်း လိုက်ဆိုလိုက်လေရာ တစ်တန်းလုံး ရီမောခဲ့ကြရပေသေး၏။
( မင်းတို့ကိုသတိရပါတယ်ကွယ်)

(ဆက်လက်ရေးသားပါဦးမည်)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP