“အကျိုးတရားရဲ့ ရလာဒ်”
လောကဆိုရိုးစကားတစ်ခုဖြစ်တဲ့ “သက်ရောက်မှု့တိုင်းမှာ တန်ပြန်သက်ရောက်မှု့ဆိုတာရှိတယ်” ဆိုတဲ့ ဝေါဟာရစကားကို လူတိုင်းကြားဖူးကြမှာပါ။ ဒါကတော့ ကောင်းတာလုပ်ရင် ကောင်းတဲ့ တန်ပြန်သက်ရောက်မှု့ရှိတယ်၊ မကောင်းတာလုပ်ရင် မကောင်းတဲ့ တန်ပြန်သက်ရောက်မှု့ရှိတယ်ဆိုတဲ့သဘောကို သိစေတာပါ။ တစ်နည်းပြောရရင် “အကျိုးတရားရဲ့ ရလာဒ်ပေါ့။” အကြောင်းတရားတစ်ခုကို ပြုလုပ်လိုက်လို့ ရရှိလာတဲ့အကျိုးတရားကို ခံစားရရှိတာကို အကျိုးတရားရဲ့ ရလာဒ်လို့ဆိုလိုတာပါ။ အမှု့တစ်ခုခုကို မပြုလုပ်ခင်မှာ သတိတရားကောင်းသူတွေအတွက်၊ အရာရာကို စဉ်းစားချင့်ချိန်နိုင်တဲ့သူတွေအတွက်၊ ကိုယ်ချင်းစာတရားထားရှိတဲ့သူတွေအတွက်တော့ ဒီစကားလေးဟာ သိပ်ကိုတန်ဖိုးရှိပေမယ့်၊ သတိတရား၊ ကိုယ်ချင်းစာတရားနဲ့ စဉ်းစားချင့်ချိန်မှု့မရှိသူတွေအတွက်တော့ အသုံးမ၀င်တဲ့ စကားလေးတစ်ခုပါပဲ။ ဆိုလိုရင်းကတော့ သတိတရား၊ ကိုယ်ချင်းစာတရား၊ စဉ်းစားချင့်ချိန်မှု့ရှိကြတဲ့သူများဟာ အမှု့တစ်ခုကို မပြုလုပ်စဉ်မှာပဲ မိမိက ဒီအမှု့ကို ပြုလုပ်လိုက်မယ်ဆိုရင် ဒီအမှု့ရဲ့ အကျိုးတရားဟာ တစ်နေ့ မိမိဆီကို ပြန်ပြီးသက်ရောက်မှု့ရှိမှာပဲ ဆိုတာသိနိုင်တဲ့အတွက်ကြောင့် အဲဒီလို စဉ်းစားမိလိုက်တဲ့အချိန်မှာပဲ မိမိဆီကို ကောင်းကျိုးတရားများ သက်ရောက်မှု့ပြုစေချင်တဲ့အတွက်ကြောင်း ကောင်းတဲ့အမှု့ကို ပြုပြီး မကောင်းကျိုးတရားများကို မိမိဆီ သက်ရောက်စေမှု့မပြုစေချင်တာကြောင့်လည်း မကောင်းတဲ့အမှု့ကို ပြုလုပ်ခြင်းမှ ရှောင်ကြဉ်မှု့ပြုကြပါတယ်။ ဒီစကားလေးဟာ အရာရာကို မပြုလုပ်ခင်မှာ ဆင်ခြင်ဖို့အတွက် ရည်ညွှန်းတဲ့ ဆိုရိုးစကားလေးဆိုလည်း မမှားပါဘူး။
မိမိဘ၀မှာ ချမ်းသားခြင်းတွေသာ သယ်ဆောင်လာနိုင်မယ့် တန်ပြန်သက်ရောက်မှု့တွေကို တောင့်တမျှော်လင့်နေတယ်ဆိုရင် ချမ်းသာခြင်းတွေကိုသာ သယ်ဆောင်လာနိုင်မယ့် ကောင်းမှု့တရားများကိုသာ ပြုလုပ်ရမှာပါ။ “ကောင်းတဲ့ အမှု့များကို ကောင်းတဲ့အကျိုးတရားများကိုပဲ ပေးစွမ်းနိုင်ပြီး၊ မကောင်းတဲ့အမှု့အလုပ်များက မကောင်းတဲ့အကျိုးတရားများကိုပဲ ပေးစွမ်းနိုင်မှာပါ။” ဒါဟာ ကမ္မနိယာမ တစ်ခုပဲမဟုတ်ပါလား။
သက်ရောက်မှု့တိုင်းမှာ တန်ပြန်သက်ရောက်မှု့ဆိုတာ ရှိတယ်ဆိုတာကို သိရှိထားသူတွေအတွက် ကောင်းမြတ်တဲ့ တန်ပြန်သက်ရောက်မှု့တွေပဲ သက်ရောက်လာစေဖို့ လုပ်ဆောင်ရမယ်ဆိုတာ အသေအချာပေါ့။
ဒီနေရာမှာ စာရေးသူ မိမိရဲ့ မကောင်းမှု့ကံကြောင့် မကောင်းတဲ့ တန်ပြန်သက်ရောက်မှု့ကို ခံစားခဲ့ရတဲ့ ဗုဒ္ဓမြတ်စွာရဲ့ သာဝကတစ်ပါးဖြစ်တဲ့ စက္ခုပါလမထေရ်ရဲ့ ဖြစ်စဉ်လေးကို ပြောပြချင်ပါတယ်။
ဗုဒ္ဓမြတ်စွာ သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးစဉ်ကဖြစ်ပါတယ်။ တစ်နေ့သောအခါမှာ ရဟန္တာအရှင်ဖြစ်တဲ့ စက္ခုပါလမထေရ်ဟာ စင်္ကြံလျှောက်ကာ ကမ္မဋ္ဌာန်းတရားအားထုတ်နေစဉ်မှာ သေစေလိုတဲ့ ရည်ရွယ်ချက်မရှိ၊ စေတနာလည်းမရှိဘဲ ပိုးမွှားတိရစ္ဆာန်များကို နင်းလျှောက်မိပါတယ်။ တကယ်တော့ စက္ခုပါလမထေရ်ဟာ မျက်စိမမြင်ပါဘူး။ ဒါကြောင့်လည်း စက္ခု-မျက်စိကို ပါလ-ဆုံးရှုံးသော မထေရ်ဆိုပြီး စက္ခုပါလမထေရ်လို့ အမည်တွင်ခဲ့တာပါ။ တစ်ခုသော မနက်မှာတော့ သူရဲ့ သီတင်းသုံးဖော်ရဟန်းများကို တရားစကားဆွေးနွေးဖို့ စက္ခုပါလမထေရ်ဆီ လာရောက်တော့ သေကြေပျက်စီးနေတဲ့ ပိုးမွှားတိရစ္တာန်များကို တွေ့မြင်ပြီး ဒီမထေရ်ဟာ သတ္တ၀ါများရဲ့ အသက်ကိုသတ်ဖြတ်တယ်လို့ မထေရ်အပေါ်လွဲမှားစွာ တွေးထင်ပြီး ဒီအဖြစ်ကို ဗုဒ္ဓမြတ်စွာကို လျှောက်ထားတော့ ဗုဒ္ဓမြတ်စွာက “ချစ်သားတို့ သင်တို့ကိုယ်တိုင် စက္ခုပါလမထေရ်က အဲဒီပိုးမွှားတိရစ္ဆာန်များကို သတ်ဖြတ်တာကို မြင်ခဲ့ပါသလားလို့” မေးမြန်းတော့ မမြင်ခဲ့ကြောင်း လျှောက်ထားကြပါတယ်။
“ရဟန်းတို့ စက္ခုပါလမထေရ်က သတ်ဖြတ်နေတာကို သင်တို့ကိုယ်တိုင် မမြင်ခဲ့သလို၊ စက္ခုပါလမထေရ်ဟာလည်း ဒီပိုးမွှားတိရစ္ဆာန်များကို မြင်တော်မမှုပါဘူး၊ နောက်ပြီးတော့ ရဟန္တာဖြစ်တဲ့ ပုဂ္ဂိုလ်များမှာ သူတစ်ပါးကို သေစေလိုတဲ့ စေတနာ၊ မကောင်းမှု့ကိုကျူးလွန်လိုတဲ့စိတ် မရှိတာကြောင့် သူ့မှာ အပြစ်မရှိပါဘူး။” လို့ ဖြေကြားပါတယ်။
ရဟန္တာပုဂ္ဂိုလ်များမှာ ကုသိုလ်၊ အကုသိုလ်၊ ၀ိပါက်ဇောစိတ် စေတနာများ မရှိတဲ့အတွက်၊ ကုသိုလ်ပြုလုပ်ပါကလည်း ထိုကုသိုလ်ရဲ့ အကျိုးတရားကို မရရှိတော့ပါဘူး။ ကြိယာဇောစိတ်များသာ ရှိတဲ့အတွက် ကောင်းမှု့ပြုပေမယ့်လည်း ပြုကာမတ္တသဘောပဲ ဖြစ်တာပါ။ ထိုကောင်းမှု့ရဲ အကျိုးဝိပါကကို မဖြစ်စေတော့ပါဘူး။
ဒီတော့ ရဟန်းတော်များအနေနဲ့ မယုံနိုင်အောင်ဖြစ်သွားကြပါတယ်။ ဘာကိုလဲဆိုတော့ ဒီစက္ခုပါလမထေရ်ဟာ ရဟန္တာတစ်ပါးဖြစ်ပါလျှက်နဲ့ ဘာကြောင့်မျက်စိကွယ်နေရတာလဲဆိုတာကိုပါ။ ဒီတော့ “မြတ်စွာဘုရား စက္ခုပါလမထေရ်ဟာ ရဟန္တာတစ်ပါးဖြစ်ပါလျှက်နဲ့ အဘယ်ကြောင့် မျက်စိကွယ်နေရတာပါလဲ ဘုရား။” လို့ လျှောက်ထားကြပါတယ်။
ဗုဒ္ဓမြတ်စွာက စက္ခုပါလမထေရ်ရဲ့ မျက်စိကွယ်ရခြင်း အကြောင်းကံကို သိစေလိုတာကြောင့် စက္ခုပါလမထေရ်ရဲ့ အတိတ်အကြောင်းလေးကို အခုလို ပြောပြပါတယ်။
အတိတ်က တစ်ခုသော ဘ၀မှာ စက္ခုပါလမထေရ်ဟာ ဆေးဆရာဝန်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ တစ်နေ့မှာ မျက်စိမမြင်တဲ့ အမျိုးသမီးတစ်ဦးဟာ ဆေးဆရာကို ပင့်ဖိတ်ပြီး ကုသစေပါတယ်။ မကုသခင်မှာ အမျိုးသမီးက ကတိတစ်ခုပြုခဲ့ပါတယ်။ ဘာလဲဆိုတော့ အကယ်၍ မျက်စိအလင်း ပြန်ရမယ်ဆိုရင် ဆရာ့ဆီမှာ သူဟာ သူ့ရဲ့ မိသားစုနဲ့အတူ ကျွန်အဖြစ်နဲ့ အလုပ်အကျွေးပြုစုပါ့မယ်ဆိုတဲ့ ကတိပါ။ နောက်ဆုံး ဆေးဆရာနဲ့ စွမ်းတဲ့ဆေးအာနိသင်ကြောင့် တစ်ခါကုသလိုက်တာနဲ့ မျက်စိအလင်းပြန်ရရှိသွားပါတယ်။ အခုခေတ် မျက်စဉ်းခပ်ဆေးနဲ့ တူမယ်ထင်ပါတယ်။ အမျိုးသမီးဟာ မျက်စိပြန်မြင်သွားတော့ သူပေးထားတဲ့ကတိကို ပြန်ကြားပြီး ဒီဆေးဆရာဆီမှာ ကျွန်အဖြစ်ပြုစုလုပ်ကျွေးရမှာကို တွေးပြီးစိုးရိမ်သွားတာကြောင့် မလုပ်ချင်တာနဲ့ သူမရဲ့ မျက်စိဟာ ဆရာကုသမှပဲ အရင်ကထက်ပိုပြီး ဆိုးလာပါတယ်လို့ လိမ်ညာပြီး မုသားဆိုလိုက်ပါတယ်။
ဒီတော့ ဆေးဆရာဟာ သူ့ရဲ့ ပညာနဲ့ ဆေးရဲ့အစွမ်းကိုလည်းသိပါတယ် တစ်ခါကုသရုံနဲ့ ပျောက်လိမ့်မယ်ဆိုတာ၊ နောက်ပြီးတော့ သူ့စိတ်ထဲမှာ ဒီအမျိုးသမီးကို လက်စားချေလိုတာကြောင့် ဒီလိုအတွေးလေးတွေးမိသွားပါတယ်။ “ဒီအမျိုးသမီးဟာ င့ါကိုလိမ်ညာနေတာပဲ၊ ဒီတော့ င့ါကိုလိမ်ညာတဲ့သူကို ငါလည်း ပြန်ပြီး လက်စားချေရမယ်” လို့တွေးမိပြီး ဒါဆိုရင်ဗျာ ဒီဆေးနဲ့ တစ်ခါထပ်ပြီး ကုသလိုက်မယ်ဆိုရင် သက်သာပျောက်ကင်းသွားပါလိမ့်မယ်ဆိုပြီး မျက်စိကွယ်စေတဲ့ဆေးနဲ့ အမျိုးသမီးကို ခပ်ကာမျက်စိကွယ်စေခဲ့ပါတယ်။ သူဟာ ဒီအမျိုးသမီး မျက်စိကွယ်ပါစေဆိုတဲ့ မကောင်းတဲ့စိတ်စေတနာနဲ့တကွ ပြုလုပ်ခဲ့တဲ့အတွက် ဘ၀ပေါင်းမြောက်များစွာ ဆေးဆရာဟာ မျက်စိမမြင်ခဲ့ရသူဖြစ်ခဲ့ပါတယ်။ အခု ဘ၀ရဲ့ နောက်ဆုံးဖြစ်တဲ့ ရဟန္တာဘ၀တိုင်အောင်ပေါ။
ဒီနေရာမှာ အမျိုးသမီးဟာ မိမိပေးထားတဲ့ ကတိကို တန်ဖိုးမထားခဲ့ပါဘူး။ မိမိပေးပြီးသား ကတိကို တည်သင့်ပါတယ်။ အကယ်လို့ မတည်နိုင်ဘူး လုပ်မပေးနိုင်ဘူးဆိုရင် ဒီလို ကတိမျိုး အစကတည်းမပေးတာပဲကောင်းပါတယ်။ ပေးပြီးရင်တော့ တန်ဖိုးထားလုပ်ဆောင်သင့်တာပေါ့။ နောက်တစ်ခုကတော့ သူဟာ မုသားစကားကို မြတ်နိုးစွာပြောဆိုမိခဲ့တာပါ။ မိမိရဲ့ လိမ်ညာလှည့်ဖြားပြောဆိုမိခဲ့တာကြောင့် မိမိရဲ့ ပြန်လည်ရရှိနေတဲ့ မျက်စိအလင်းကို သူထပ်မံဆုံးရှုံးသွားခဲ့ပါတယ်။ ဒါကြောင့် ဒီနေရာမှာ မုသားပြောဆိုမှု့ရဲ့ အကျိုးတရားကို တစ်ခါတည်းခံလိုက်ရတာပါ။ လူ့ကျင့်ဝတ်တစ်ပါးဖြစ်တဲ့ မုသာဝါဒသိက္ခာပုဒ်ကိုလည်း လူသားတစ်ယောက်အနေနဲ့ တန်ဖိုးထား လိုက်နာသင့်ပါတယ်လေ။ ဘယ်ကြောင်းကြော့င်ဖြစ်ဖြစ် မုသားစကားမပြောမိပါစေနဲ့။
အရာရာတိုင်းကို အကောင်းမြင်တတ်တဲ့စိတ်၊ နားလည်ပေးတတ်တဲ့စိတ်ထားကလည်း ရှိဖို့လိုအပ်ပါသေးတယ်။ ဆေးဆရာရဲ့ သန္တာန်မှာ ယောနိသောမနသိကာရ အသင့်အတင့်နှလုံးမသွင်းတတ်တာကြောင့်၊ အကောင်းမြင်စိတ်ကလေးနဲ့ နားလည်မှု့မပေးနိုင်ခဲ့တာကြောင့် သူဟာ မကောင်းတဲ့အကုသိုလ်တရားကို ပြုလုပ်မိတာကြောင့် ဘ၀ပေါင်းမြောက်များစွာ ဒုက္ခကိုခံစားခဲ့ရတာပါ။ အပြစ်နဲ့တကွ မကောင်းသောအကျိုးတရားများ လူသားတိုင်းကို ဖြစ်စေတတ်တဲ့ မကောင်းမှု့များကို မလုပ်မိအောင်၊ မလွန်ကျူးမိအောင် ကြိုးစားသင့်ပါတယ်။
မကောင်းမှု့ကို ပြုလုပ်ခဲ့တဲ့အတွက် မကောင်းကျိုးများရဲ့ တန်ပြန်သက်ရောက်မှု့ကို ခံစားခဲ့ရတဲ့ ဆေးဆရာလို မဖြစ်စေဖို့၊ ကောင်းမှု့ကို ပြုလုပ်ပြီး ကောင်းကျိုးများရဲ့ တန်ပြန်သက်ရောက်မှု့ကို ခံစားရမယ့် သူတစ်ယောက်ဖြစ်စေဖို့အတွက်တော့ မိမိက ကောင်းတဲ့အရာတွေကို လုပ်ဆောင်သင့်ပါတယ်။ သက်ရောက်မှု့တိုင်းမှာ တန်ပြန်သက်ရောက်မှု့ဆိုတာ ရှိနေတတ်လို့ပါပဲ။
တကယ်တော့ အရာရာတိုင်းအတွက် စိတ်စေတနာဟာ အရေးကြီးဆုံးပါပဲ။ စိတ်ထားကောင်းအောင်နေမှ ကောင်းတာလေးတွေ ပြုလုပ်တတ်ကြပြီး ကောင်းတဲ့အကျိုးတရားများကို ခံစားရရှိကာ ငြိမ်းချမ်းပျော်ရွှင်ရမှာပါ။ ဘယ်အရာကိုပဲ လုပ်လုပ်၊ ဘယ်အရာကိုပဲ ပြောပြော၊ ဘယ်အရာကိုပဲ ကြံကြံ ကောင်းတဲ့စိတ်ထားအတွေးလေးနဲ့သာ လုပ်ပါ၊ ပြောပါ၊ တွေးကြံစေချင်ပါတယ်။
ဒီအကြောင်းအရာနဲ့ပတ်သက်လို့ ဗုဒ္ဓမြတ်စွာက ဒေသနာနိဂုံးမှာ ဟောကြားထားခဲ့ပါသေးတယ်။
“နာမ်ခန္ဓာလေးပါးတို့သည် စိတ်သာလျှင် ရှေ့သွားရှိကြပါတယ်၊ စိတ်သာလျှင် အကြီးအမှုးရှိကြပါတယ်။ စိတ်ဖြင့်သာ ပြီးဆုံးကြပါတယ်။ ပြစ်မှားလိုတဲ့ စိတ်စေတနာနဲ့ အကယ်၍ ပြုလုပ်မယ်၊ ပြောဆိုမယ်၊ တွေးကြံစည်မယ်ဆိုပါက ထိုသို့ ပြစ်မှားလိုတဲ့ စိတ်စေတနာနဲ့ ပြစ်မှားလိုတဲ့ စိတ်စေတနာနဲ ပြုလုပ်၊ ပြောဆို၊ တွေးကြံတဲ့အတွက်ကြောင် လှည်းဘီးဟာ ၀န်ဆောင်နွားရဲ့ နောက်ကို အစဉ်လိုက်နေသလိုပါပဲ၊ ထိုမကောင်းသောစိတ်နဲ့ ပြုလုပ်၊ ပြောဆို၊ တွေးကြံသူရဲ့ နောက်ကို ဒုက္ခဆင်းရဲခြင်းတရားတွေဟာ အစဉ်ထာဝရလိုက်တတ်ပါတယ်” ဆိုတဲ ဗုဒ္ဓရဲ့ အဆုံးအမလေးပါ။
ဒါကြောင့် ဆင်းရဲခြင်းတရားတွေကို အလိုမရှိ၊ သက်ရောက်ခြင်းမရှိစေချင်ဘူးဆိုရင် ပြစ်မှားလိုတဲ့ စိတ်စေတနာ၊ မကောင်းတဲ့ စိတ်စေတနာများကိုဖြစ်စေပြီး အရာရာတိုင်းကို မပြုလုပ်ဖို့၊ မပြောဆိုဖို့၊ မတွေးကြံဖို့ပဲ လိုပါတယ်။
ဆန့်ကျင်ဘက်အနေအားဖြင့်ပေါ့၊ သန့်ရှင်းတဲ့ စိတ်စေတနာနဲ့၊ ကောင်းမြတ်တဲ့ စိတ်စေတနာနဲ့ ပြုလုပ်မယ်၊ ပြောဆိုမယ်၊ တွေးကြံမယ်ဆိုရင် ထိုကောင်းမြတ်တဲ့ စိတ်တေနာတို့ရဲ့ အကျိုးဆက်များဖြစ်တဲ့ ချမ်းသာခြင်းတရားများဟာ စာရေးသူတို့ရဲ့ အရိပ်ပမာတည်ရှိလိုက်ပါနေမှာဖြစ်ပြီး ကောင်းမြတ်တဲ့ သက်ရောက်မှု့တွေနဲ့အတူ ငြိမ်းချမ်းတဲ့ဘ၀တစ်ခုကို ရရှိမှာပါ။
(ဥယျာဉ်မှုးလေး)

0 comments:
Post a Comment