*မှတ်သားဖွယ်ရာအမေးအဖြေများ(၆)*
1 အကြံပြုပါသည်။ Posted in: အမေးအဖြေ
ကျွန်တော်လည်း အားလပ်ရက်အလည်အပတ်ခရီးသွားနေတဲ့အတွက် သူငယ်ချင်းတွေရဲ့ ဘလော့အိမ်ကို လည်းမရောက်ဖြစ်ဘူး။ အခုလည်းဒီပိုစ်လေးကို ခရီးသွားနေရင်းနဲ့ တင်လိုက်ရတာပါ။ ကျွန်တော်ဘလော့ လေးကိုပိုစ်အသစ်မတင်နိုင်သေးပေမယ့် လာရောက်လည်ပတ်အားပေးကြသော ဓမ္မမိတ်ဆွေသူငယ်ချင်း များကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။ အခုတော့ဒီပိုစ်လေးနဲ့ဘဲကျေနပ်နိုင်ကြပါစေဗျာ။
ဆောက်တည်ထားတဲ့သီလ ဘယ်ခါပျက်ပါလဲ
အမေး။ ။ဆရာတော်ဘုရား.....ရှစ်ပါးသီလယူပြီး ဥပုသ်စောင့်ထားသူဟာ နောက်နေ့နံနက် အရုဏ်တက်ပြီးတဲ့အခါ ရှစ်ပါးသီလက ကိုယ့်မှာဆက်လက်ပြီး ရှိနေပါသေးလားဘုရား။ အလိုလိုပျောက်သွားသလားဘုရား၊
ဒါမှမဟုတ် ရှစ်ပါးသီလ ပျက်သွားအောင် ငါးပါးသီလ ပြန်ဆောက်တည်စရာ လိုပါသေးသလားဘုရား။
ရဲလင်း
သထုံ
အဖြေ။ ။ ရှစ်ပါးသီလစောင့်ထိန်းတဲ့အခါ ကာလပရိယန္တ - ဘယ်အချိန်အထိ စောင့်ထိန်းပါ့မယ် ဆိုပြီးကာလ
အပိုင်းအခြားနဲ့ သီလဆောက်တည်မယ်ဆိုရင် ဆောက်တည်တဲ့အချိန်ကနေ ရည်မှန်းထားတဲ့အချိန်အထိ သီလရှိနေပြီး ထိုထက်လွန်သွားရင် သီလပျက်ပါတော့တယ်။ ဆိုလိုတာက သီလကို နောက်တစ်ရက်(၆)နာရီ အထိစောင့်ထိန်းမယ်လို့ ဆောက်တည်ထားရင် ထို(၆)နာရီအထိသာ သီလရှိပြီး(၆)နာရီထက်လွန်သွားရင် သီလပျက်ပြီး ဖြစ်တော့တယ်။ ဒါမှမဟုတ် ကာလအပိုင်းအခြားနဲ့မဆောက်တည်ဘဲ သာမန်ဆောက်တည် ထားရင်တော့ ငါးပါးသီလ ဆောက်တည်လိုက်တဲ့အချိန်မှာ ရှစ်ပါးသီလ ပျက်ပီးဖြစ်တော့တယ်။
သီလဆောက်တည်တာနဲ့ပတ်သက်ပြီး ဗဟုသုတအနေနဲ့ ပြောချင်ပါသေးတယ်။ သီလဆောက်တည်တဲ့အခါ “ငါးပါး-ရှစ်ပါးသီလ ဆောက်တည်ပါ၏” လို့သီလကို အတိုဆောက်တည်ထားမယ်ဆိုပါစို့၊ သီလဆောက် တည်သူဟာ သီလထဲက တစ်ပါးပါးပျက်သွားပြီဆိုရင် ငါးပါး-ရှစ်ပါးအားလုံးပျက်သွားပါတယ်။ ငါးပါး-ရှစ်ပါး သီလကိုအစဉ်အတိုင်း အပြည့်အစုံဆောက်တည်ထားရင်တော့ တစ်ပါးပျက်လို့လဲ အားလုံးမပျက်ပါဘူး။
ဆရာတော်ဦးကောဝိဒ(မြိတ်)
ဆရာတော် ဦးကောဝိဒ(မြိတ်) ရေးသားသော ဆိုဒ်မှာ တစ်ဆင့်ပြန်လည်ကူးယူပြီး စာဖတ်သူ ဓမ္မမိတ်ဆွေ များကို မျှဝေလိုက်ခြင်း ဖြစ်ပါသည်။အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး လိုရာဆန္ဒများပြည့်ဝပါစေ။

0 comments:
Post a Comment