* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, July 11, 2010

အျမင္ငါးမ်ဳိး

၃၁ ဘုံတွင် ကျင်လည်နေကြသော သတ္တ၀ါတို့သည် မိမိနှင့်ထပ်တူ အခြားသော သတ္တ၀ါတို့ကို ကြည့်ရှုသည့်အခါ အမြင် ငါးမျိုးအနက် တစ်မျိုးမျိုးဖြင့် ကြည့်လေ့ရှိကြသည်။ ယင်း အမြင်ငါးမျိုးတို့မှာ …

(၁) ပပဉ္စအမြင်

(၂) ဗြဟ္မစိုရ်အမြင်

(၃) သမာဓိအမြင်

(၄) ၀ိပဿနာအမြင်နှင့်

(၅) မဂ်ဖိုလ်အမြင်တို့ ဖြစ်ကြသည်။

၁။ ပပဉ္စအမြင်

“ပပဉ္စ” ဆိုသည်မှာ “သံသရာကိုရှည်စေတတ်သောတရား” ဟု အဓိပ္ပာယ်ရသည်။ ပပဉ္စတရားသုံးပါးရှိသည်။ ယင်းတို့မှာ တဏှာ (တပ်မက်ခြင်း)၊ မာန (ထောင်လွှားခြင်း) နှင့် ဒိဋ္ဌိ (အယူလွဲမှားခြင်း) တို့ဖြစ်သည်။ မဆုံးနိုင်သော သံသရာခရီးရှည်ကြီးကို မနားတမ်း တသွားတည်းသွားနေကြသည့် ပုထုဇဉ် သတ္တ၀ါတို့သည် ဤတရားသုံးပါး၏လွှမ်းမိုးမှုဖြင့် လောကကိုကြည့်ရှုတတ်ကြသည်။ ပုထုဇဉ်တို့သည် မိမိကိုယ်မိမိ ဖြစ်စေ၊ အခြားသောလူတစ်ဦးကိုဖြစ်စေ ကြည့်သည့်အခါ သည်လူသည် ယောက်ျားပဲ၊ မိန်းမပဲ၊ တရုတ်ပဲ၊ မြန်မာပဲ၊ သူဋ္ဌေးပဲ၊ ဆင်းရဲသားပဲ၊ အမျိုးယုတ်ပဲ၊ အမျိုးမြတ်ပဲ စသည်ဖြင့် အပေါ်ယံ ပညတ်သဘောဖြင့်သာ မြင်တတ်ကြသည်။ ထိုနည်းလည်းကောင်း တိရစ္ဆာန်တစ်ကောင်ကို တွေ့လျှင်လည်း ခွေးပဲ၊ ကြောင်ပဲ၊ ဆင်ပဲ စသည်ဖြင့်သာ အမည်ကိုစွဲ၍ မြင်လေ့ရှိကြသည်။ “ငါ့အမျိုးကို လာမထိနဲ့၊ ထိရင်မီးပွင့်သွားမယ်”၊ “မယားထိ ဓားကြည့်”၊ “ဒါ ငါ့နိုင်ငံ ငါ့လူမျိုး၊ လာမစော်ကားနဲ့” စသည်တို့မှာ ပပဉ္စအမြင်ဖြင့် လောကကို ရှုကြည့်ရာမှာ ပေါ်ထွက်လာသော အမြင်သဘောထားများ ဖြစ်ကြသည်။ ယင်းအမြင်ကို ပုထုဇဉ်တို့၏နယ်ပယ်တွင် တွေ့ရသည်။ ပုထုဇဉ်မှာမှ အန္ဓပုထုဇဉ် (ခေါ်) ပညာမျက်စိကန်းနေသောပုထုဇဉ်တို့၏ နယ်ပယ်တွင် တွေ့ရသည်။

အန္ဓပုထုဇဉ်တို့ ကြီးစိုးသည့် လူ့အဖွဲ့အစည်းသည် မငြိမ်းချမ်း။ ရန်ငြိုးဖွဲ့မှု၊ အာဃာတထားမှု၊ နာကျည်းမှု၊ တိုက်ခိုက်မှု၊ သတ်ဖြတ်မှု၊ လက်စားချေမှု၊ တို့နှင့် ပြည့်နှက်နေပြီး အစဉ်သဖြင့် သောကဗျာပွေ ပူလောင်နေရသည်။ လူအပေါင်းတို့ ကျီးလန့်စာစား အသက်ရှင်ကြရသည်။ အစာရေစာ ငတ်မွတ်ခေါင်းပါး၊ ကပ်ဘေးဒုက္ခများ ကျရောက်ပြီး ပစ္စန္တရာစ် အရပ်ပမာ ဖြစ်ရသည်။

၂။ ဗြဟ္မစိုရ်အမြင်

ဗြဟ္မစိုရ်အမြင်တွင် လူတစ်ဦးသည် အခြားလူတစ်ဦးအပေါ် ကျား/မ၊ လူမျိုး၊ အသားအရောင်၊ ဆင်းရဲချမ်းသာ၊ ဇာတ်နိမ့်ဇာတ်မြင့်၊ သွေးသားတော်စပ်မှု/မတော်စပ်မှု စသည်တို့ကိုစွဲ၍ မကြည့်တော့ဘဲ လူကို လူဟုသာ မြင်တော့သည်။ ငါ့နိုင်ငံ၊ ငါ့လူမျိုး၊ ငါ့သွေးသားဟူ၍ အစွဲအလန်း မထားတော့ဘဲ လူသားအားလုံးအပေါ် တူညီသောမျက်စိဖြင့်ကြည့်သည်။ အားလုံးအပေါ် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တရားတို့ဖြင့် လွှမ်းခြုံကြည့်ရှုသည်။ ကျောသားရင်သားမခွဲခြားဘဲ ဆက်ဆံသည်။ ယနေ့ခေတ်တွင် အတော်လေးရေပန်းစားလာသည့် ဒီမိုကရေစီ၊ လူ့အခွင့်အရေး စသည့် သဘောတရားတို့မှာ ထို ဗြဟ္မစိုရ်အမြင်အပေါ် အခြေခံသည်ဟု ပြော၍ရသည်။ လူသားအားလုံးတွင် သာတူညီမျှ အခွင့်အရေး ရှိသည်။ လိင်ကိုလိုက်၍၊ လူမျိုး၊ အသားအရောင်၊ ဇာတ်၊ ဥစ္စာပိုင်ဆိုင်မှု စသည်အပေါ်လိုက်၍ ခွဲခြားဆက်ဆံမှု မပြုရ။ လူသားအားလုံးတွင် မွေးရာပါ လွတ်လပ်ခွင့်များ ရှိသည်။ ထိုလွတ်လပ်ခွင့်များကို လေးစားရမည်။ လူကို လူလို ဆက်ဆံရမည် စသည်တို့မှာ ဗြဟ္မစိုရ်အမြင်ဖြင့် လောကကို ကြည့်ရှုလာကြခြင်းဖြစ်သည်။ တနည်းအားဖြင့် ယဉ်ကျေးလာကြသော လူသားတို့၏ အမြင်ဖြစ်သည်။

ဗြဟ္မစိုရ်အမြင်ဖြင့် ကြည့်သူတို့မှာလည်း ပုထုဇဉ်အဆင့်မှာပင် ရှိနေနိုင်သေးသော်လည်း ထိုပုထုဇဉ်တို့မှာ အဆင့်အတန်းမြင့်သော (၀ါ) ပညာမျက်စိ ရှိသော ပုထုဇဉ် (ကလျာဏပုထုဇဉ်) တို့ပင်ဖြစ်သည်။ ကလျာဏပုထုဇဉ်သည် အရိယာမဖြစ်သေးသော်လည်း အရိယာနယ်ပယ်သို့ တရွေ့ရွေ့ ချဉ်းကပ်သွားနေသူဖြစ်သည်။ သူတော်ကောင်းစာရင်းတွင် ထည့်သွင်း၍ရသည်။ ကလျာဏပုထုဇဉ်တို့ များသော လူ့အဖွဲ့အစည်းသည် အေးချမ်းသာယာ၍ နေချင့်စဖွယ်ကောင်းသည်။ မေတ္တာဓာတ်တို့ လွှမ်းခြုံထားသည်။ အချင်းချင်း ချစ်သောမျက်စိဖြင့် ကြည့်ကြသည်။ လောကနိဗ္ဗာန်ဟုပင် ခေါ်နိုင်သည်။

၃။ သမာဓိအမြင်

ကလျာဏပုထုဇဉ်သည် ဆိတ်ငြိမ်ရာသို့ချဉ်းကပ်၍ မိမိ၏စိတ်ကို ချည်တိုင်တစ်ခုတည်းမှာသာထားပြီး တည်ငြိမ်အောင်ကြိုးစားသည့်အခါ သမာဓိ ဟုခေါ်သည့် စိတ်၏တည်ကြည်မှုကို ရရှိလာသည်။ ရေမှာပျော်သည့်ငါးသည် ကုန်းပေါ်ရောက်သည့်အခါ ထွန့်ထွန့်လူးကာ ဖျတ်ဖျတ်ခုန် သကဲ့သို့ ထိုထို အာရုံတို့အပေါ် အမြဲတစေ လွင့်ပါးရောက်ရှိနေတတ်သည့် စိတ်သည် တစ်နေရာတည်းမှာသာ နေစေရန် အခိုင်းခံရသည့်အခါ ချည်တိုင်မှ မကြာခဏ ပြေးထွက်သွားနေတော့သည်။ သို့ရာတွင် စိတ်ရှည်သည်းခံခြင်း၊ ဇွဲရှိခြင်း၊ ၀ီရိယရှိခြင်း၊ အဖန်ဖန်တလဲလဲ အားထုတ်ခြင်းတို့ကြောင့် ထို စိတ်သည် မကြာမီ ယဉ်ကျေးလာပြီး ချည်တိုင်မှ မခွာတော့ဘဲ တဖြည်းဖြည်း ငြိမ်သက်လာသည်။ နောက်နေသောရေကိုထည့်ထားသည့် ရေခွက်ကို မလှုပ်ဘဲ ငြိမ်ငြိမ်ထားသည့်အခါ အနည်များထိုင်ပြီး ရေသည် ကြည်လင်လာသကဲ့သို့ စိတ်ကိုညစ်ညူးစေတတ်သော လောဘ၊ ဒေါသ၊ မောဟ အစရှိသည့် ကိလေသာတို့ကြောင့် နောက်ကျိနေသည့် စိတ်ကို ယဉ်ပါးအောင် လေ့ကျင့်လိုက်သည့်အခါ စိတ်သည့် ကိလေသာများ ပါးရှားသွားပြီး ကြည်လင်ဝင်းပလာသည်။ ယင်းကို သမာဓိ ရလာသည် ဟု ခေါ်သည်။

သမာဓိရလာသည့်အခါ စိတ်သည် ကြည်လင်စူးရှထက်မြက်၍ အားကောင်းလာသည်။ ယခင်က မရဖူးသည့် နိမိတ်အာရုံများကို မြင်ရ ကြားရခြင်းမျိုး ရှိလာသည်။ ထူးထူးဆန်းဆန်း အာရုံများရလာသည်။ စိတ်တွင် တန်ခိုးရှိမှန်းတွေ့လာရသည်။ မိမိ တောင့်တသည်များ ရလာတတ်သည်။ မိမိခန့်မှန်းသည်များ မှန်လာတတ်သည်။ တချို့ပုဂ္ဂိုလ်များ အကြားအမြင်ရသည်၊ ရှေ့ဖြစ်ကို အာရုံယူ၍ ဟောနိုင်သည် စသည်တို့မှာ သမာဓိအစွမ်းကြောင့်ဖြစ်သည်။ ထိုသို့ သမာဓိအားကောင်းလာသည့်အခါ ထိုပုဂ္ဂိုလ်သည် မိမိခန္ဓာကိုယ်ကို လည်းကောင်း၊ သူတစ်ပါး၏ ခန္ဓာကိုလည်းကောင်း ကြည်သည့်အခါ လူကိုလူဟူ၍၊ ခွေးကိုခွေးဟူ၍၊ နတ်ကို နတ်ဟူ၍ပင် မမြင်တော့ဘဲ အားလုံးကို ရုပ်နှင့်နာမ်တွဲထားသော အစုအဝေးအဖြစ်သာ မြင်တော့သည်။ ပညတ်သဘောအရ လူ၊ တိရစ္ဆာန်၊ နတ်၊ ဗြဟ္မာ စသည်ဖြင့် အမည်အမျိုးမျိုး ကွဲပြားနေသော်လည်း အနှစ်သာရမှာ ရုပ် နှင့် နာမ် သာဖြစ်သည်ဟု မြင်သည်။ မည်သူ၏ခန္ဓာပင်ဖြစ်စေ ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယောဆိုသည့် ဓာတ်ကြီးလေးပါးအစုအဝေး (ရုပ်) နှင့် အဆိုပါ ဓာတ်ကြီးလေးပါးအစုအဝေးကို သိရှိခံစားတတ်သည့် အာရုံကိုသိသည့်သဘော (နာမ်) နှစ်မျိုးသာ ရှိသည်ဟု မြင်သည်။ ယင်းအမြင်ဖြင့် လောကကိုမြင်သူသည် ပုထုဇဉ်ဘ၀မှ မကျွတ်သေးသည့်တိုင် အရိယာဘ၀သို့ ရောက်ရန် တစ်လှမ်းပိုနီးလာပြီ ဖြစ်သည်။ ထိုသူသည် ပပဉ္စတရားသုံးပါးအနက်မှ “ဒိဋ္ဌိ” ခေါ် အယူလွဲမှု ကွာကျသွားပြီဖြစ်သည်။

၎။ ၀ိပဿနာအမြင်

ထိုသူသည် သမာဓိအားတို့ ပိုမိုထက်သန် အားကောင်းလာသည့်အခါ ရုပ် နာမ် အတွဲဟု မြင်သည်မှ တစ်ဆင့်တက်၍ ယင်း ရုပ် နာမ်တို့၏ ဖြစ်ခြင်း ပျက်ခြင်းသဘောကို မြင်သွားသည်။ သတ္တ၀ါဟူသည် ရုပ်နာမ် အစုအဝေးဖြစ်ရုံသာမက ထို ရုပ်နှင့်နာမ်တို့သည်လည်း ခဏမစဲ အမြဲဖြစ်ချည် ပျက်ချည်ရှိသည့် သဘောကို မြင်သည်။ ထိုသူ၏ ဉာဏ်တွင် သတ္တ၀ါဆိုသည်မှာ အချိန်တိုင်း ဖြစ်ပြီးပျက်သွားသော ရုပ်နာမ်အစုအဝေးကြီးဟု လည်းကောင်း၊ ဘ၀ဆိုသည်မှာ ထိုသို့ ဖြစ်ခြင်း ပျက်ခြင်းများ ဆက်နေသည့် အစဉ်တန်းကြီးဟုလည်းကောင်း မြင်သည်။ ၀ိပဿနာအမြင်ဖြင့် လောကကိုမြင်သူ (တစ်နည်း) ဖြစ်ပျက်ကို မြင်သူသည် အရိယာလောင်းလျာလေးပင် ဖြစ်သည်။ အရိယာဖြစ်ဖို့ (တစ်နည်း) ပုထုဇဉ်ဘ၀မှ ကျွတ်ဖို့ လက်တစ်ကမ်းသာ လိုတော့သည့် အနေအထားဖြစ်သည်။

ယင်းမှသည် ဖြစ်ခြင်း၊ ပျက်ခြင်းသာရှိသည့်ခန္ဓာအပေါ် ထိတ်လန့်ခြင်း၊ ငြီးငွေ့ခြင်း၊ စိတ်ပျက်ခြင်း၊ လွတ်မြောက်လိုခြင်း စသည်တို့လည်း ဆက်လက်ဖြစ်လာသည်။ (အကျယ်ကို ၀ိပဿနာ ဉာဏ်စဉ်တို့အကြောင်း မြတ်စွာဘုရား ဟောကြားထားသည့် ဓမ္မာဒါသ သုတ်တွင် ရှုပါ။)

၅။ မဂ် ဖိုလ် အမြင်

မဂ်ဖိုလ်အမြင်တွင် စောစောက ဖြစ်ပျက်ကိုမြင်နေသည့်ပုဂ္ဂိုလ်သည် ရုပ်နာမ်ခန္ဓာတို့၏ ဖြစ်ပျက်ကိုပင် မမြင်တော့ဘဲ ဖြစ်ခြင်း ပျက်ခြင်းသဘောကို ကျော်လွန်၍ ဖြစ်ခြင်း ပျက်ခြင်းကင်းသည့်၊ ကုန်သည့်သဘော (နိဗ္ဗာန်) ကိုသာ မြင်တော့သည်။ ဖြစ်ခြင်းပျက်ခြင်းတို့ ၀ိသေသ ပြုထားသည့် ခန္ဓာကို အာရုံမပြုဘဲ ယင်းမှ အလွန်ဖြစ်သည့် ဖြစ်ပျက်တို့ ဆိတ်သုဉ်းနေသည့် သဘောကို အာရုံပြုသည်။ ယင်းသို့ အာရုံပြုနေသည့် အခိုက်အတန့်တွင် ယင်းပုဂ္ဂိုလ်၏သန္တာန်တွင် အေးချမ်းနေသည်။ ကိလေသာတို့ ကင်းဆိတ်နေသည်။ ထိုသူသည် အရိယာ (ခေါ်) မဂ်ဆိုက် ဖိုလ်ဆိုက်သည့် ပုဂ္ဂိုလ် ဖြစ်သွားပေပြီ။

အရိယာဖြစ်ပြီးသူသည် ပုထုဇဉ်အဖြစ်သို့ ပြန်လည်မလျှောကျတော့ပေ။ အရိယာတို့တွင် ချစ်ခြင်း၊ မုန်းခြင်း၊ တွယ်တာခြင်း၊ ငြိတွယ်ဖြင်း အလျဉ်းမရှိ။ ပညတ်သဘောအရ အခေါ်အဝေါ်များ ဝေါဟာရများနှင့်မကင်းနိုင် သုံးစွဲနေသော်လည်း ၎င်းတို့သန္တာန်တွင် ပရမတ်အမြင်သာ ရှိသည်။ သမာဓိအမြင်နှင့် ၀ိပဿနာအမြင် မြင်သူတို့သည် သမာဓိကျဲသည့်ခဏ၊ ၀ိပဿနာ မရှုသည့်ခဏ ပညတ်အမြင်ဘက်ဆီ ပြန်ရောက်သွားသော်လည်း မဂ်ဖိုလ်အမြင် ရပြီးသူတို့ကမူ ဘယ်သောအခါမျှ ပညတ်ကို မစွဲတော့ပေ။ ထိုသူတို့၏ အမြင်သည် ခိုင်မြဲသောအမြင်ဖြစ်သည်။ အနှစ်သာရကိုသာ ရှုသောအမြင်ဖြစ်သည်။ သဘောတရားကိုသာ ယူသောအမြင်ဖြစ်သည်။ အရိယာတို့၏လောကသည် ရာနှုန်းပြည့်ငြိမ်းချမ်းသော လောကပင် ဖြစ်ပေသည်။

Posted July 11, 2010 by Annyatara (အညတရ) in Uncategorized

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP