သုမုတ္တာထေရီ
သုမုတ္တာထေရီသည် ရှေးရှေးသော မြတ်စွာဘုရားတို့၏ အထံတော်၌ ဖြည့်ဆည်းခဲ့သော သမ္ဘာရပါမီ ရှိသည်ဖြစ်၍ ငါတို့ မြတ်စွာဘုရား လက်ထက် ကောသလ ဇနပုဒ်၌ “သြဃာဋက” မည်သော ပုဏ္ဏား ဆင်းရဲ၏ သမီးဖြစ်ရသည်။ အရွယ်သို့ ရောက်သောအခါ တစ်ဦးသော ‘ခုဇ္ဇဗြာဟ္မဏ’ ခါးကုန်း ပုဏ္ဏားအိုနှင့် ပေးစားလေသည်။
ထိုခါးကုန်းပုဏ္ဏားအိုနှင့် အိမ်ထောင်ဖက် ပြုရသည်ကို မနှစ်သက်၍ ထိုပုဏ္ဏားအိုထံတွင် ခွင့်တောင်းပြီးလျှင် ရဟန်းမိန်းမ ပြုလုပ်၍ ဖြစ်ပျက် ကမ္မဌာန်းကို ရှုသည်ရှိသော် စိတ်တည်ကြည်ခြင်း မဖြစ်နိုင်ဘဲ တစ်ခြားတစ်ပါး အာရုံသို့ ထွက်သွားသော စိတ်ကို ဤသို့ ဆုံးမ၏။
‘သုမုတ္တာ၊ သင်သည် ဆင်းရဲမွဲတေသော အမိအဖ အိမ်၌ ဖြစ်ရ၍ ဆုံ၌ ခါးကုန်းလျက် စပါးကို ထည့်လောင်းရ၏။ ထိုဆုံ၌ ထည့်လောင်းပြီးသော စပါးကိုလည်း ကျည်ပွေ့ကိုင်၍ ခါးကို ကုန်းကာ ခါးတကုန်းကုန်းနေအောင် ထောင်းရ၏။ ထိုနောက် လင်ရ ပြန်ပါသော်လည်း ခါးကုန်းသော ပုဏ္ဏားအိုနှင့် တွေ့ရ၏။ ဆုံ၌ စပါးကို ထည့်လောင်း၍ ခါးတကုန်းကုန်း။ ဤ သုံးပါးသော ခါးကုန်းမှ လွတ်ကင်းအောင် သာသနာတော်၌ ရဟန်းမိန်းမ ပြုလုပ်ပါလျက် တရားကို ဆင်ခြင်၍ ကမ္မဌာန်း အာရုံမှ တစ်ပါး ခါးတကုန်းကုန်း နေအောင် တခြားသို့ စိတ်သွား၍ နေခြင်းငှာ မသင့်လျော်’
ယင်းသို့ မိမိကိုယ်စိတ်ကို ဆုံးမ၍ ဖြစ်လျက် ကမ္မဌာန်းကို ကြည့်ရှု ဆင်ခြင်ဖန်များလျှင် ပဋိသမ္ဘိဒါနှင့် တကွ ရဟန္တာ အဖြစ်သို့ ရောက်တော်မူလေ၏။
ဤသုမုတ္တာထေရီသည် ပဒုမုတ္တရ မြတ်စွာဘုရား လက်ထက်၌ ငါတို့ မြတ်စွာဘုရား ဂေါတမ အလောင်းတော် ‘ဇဋိလ သူဌေး’ မင်းသည် ဂင်္ဂါမြစ်ကြီးကို တံတားခင်း၍ တံတားဦး တစ်ဖက်ကမ်း၌ ကျောင်းတိုက်ကြီးကို ဆောက်လုပ်ခဲ့သည်။ ထိုအခါဝယ် မြို့သူမြို့သား လူအများတို့နှင့် အတူတကွ ဝိုင်းဝန်းကူညီ၍ သဲဖြူခင်းခြင်း၊ မြေဖို့ခြင်း၊ လမ်းခရီး တံမြက်လှည်းခြင်း စသော ဝေယျာဝစ္စ စသည်တို့ကို ဆောင်ရွက်ကြ၏။
သုမုတ္တာထေရီ အလောင်းသည် ထိုသို့ ဝိုင်းဝန်း ကူညီကြသော မိန်းမအပေါင်းတို့နှင့် အတူတကွ ဝေယျာဝစ္စ ကုသိုလ်ကို ပြုလုပ်သောကြောင့် ကမ္ဘာတစ်သိန်း အတွင်း၌ ဘုရားလောင်းနှင့် အတူတကွ နတ်ပြည်၌ ဖြစ်၍ ဗြာဟ္မဏကညာ ရှစ်သောင်းလေးထောင်တို့နှင့်အတူ ကျင်လည်၍ လာခဲ့၏။ ဤကမ္ဘာအတွင်း၌ ငါတို့ဘုရားလောင်း ဖွားမြင်တော်မူသောအခါ ဗြာဟ္မဏကညာ ရှစ်သောင်းလေးထောင်သည် သိဒ္ဓတ္တ မင်းသား၏ မိဖုရားငယ်များ ဖြစ်ကြ၍ သုမုတ္တာမူ ဆိုခဲ့သည့်အတိုင်း ဖြစ်ကာ ရဟန်းပြုသဖြင့် ရဟန္တာ ဖြစ်တော်မူခဲ့လေသတည်း။


0 comments:
Post a Comment