အဘိဓမ္မာအပိုင်း ၂၊ အခန်း ၂၁ (၀ိရတိသီလဆိုတာ)
ဒီနေ့ပြောပြရမည့်... အဘိဓမ္မာတရားက အရင်နေ့က မိတ်ဆက်ခဲ့တဲ့ “၀ိရတိစေတသိက်”အကြောင်းပါ။ ၀ိရတိ=ဆိုတာက ကြားဘူးမယ်ထင်ပါတယ်။ ပါဏာတိပါတာ ဝေရမဏိ-မှာ ပါတဲ့ “ဝေရမဏိ”နဲ့ အဓိပ္ပါယ်တူပါတယ်။ အဓိပ္ပါယ်က “ရှောင်ကြဉ်ခြင်း”ဖြစ်ပါတယ်။
ဝိရတိစေတသိက်တရားက (၃)ပါးရှိပါတယ်။ သမ္မာဝါစာ (ကောင်းစွာ ပြောဆိုခြင်း)၊ သမ္မာကမ္မန္တ (ကောင်းသောအမှုကို ပြုလုပ်ခြင်း)၊ သမ္မာအာဇီဝ (ကောင်းမွန်၊ အပြစ်ကင်းစွာ အသက်မွေးခြင်း)တို့ပဲ ဖြစ်ပါတယ်။ ဤ (၃)ပါးက မဂ္ဂင်ရှစ်ပါးထဲမှာလည်း ပါတယ်နော်။ သတိထားမိမယ်ထင်ပါတယ်။
တစ်ပါးချင်း အဓိပ္ပါယ်က..... နံပါတ်တစ်.... သမ္မာဝါစာဆိုတာ... မုသာဝါဒ (လိမ်ပြောတာ)၊ ပိသုဏ၀ါစာ (အချင်းချင်း မညီညွတ်အောင် ကုန်းတိုက် စကားပြောတာ)၊ ဖရုသ၀ါစာ (ကြမ်းတမ်းတဲ့ စကားပြောတာ)၊ သမ္ဖပ္ပလာပ (အကျိုးမရှိတဲ့ စကားပြောတာ) ဤ(၄)ပါးသော ၀စီကံအမှုကနေ ရှောင်ကြဉ်ရင် သမ္မာစာဖြစ်ပါတယ်။
အပြန်အနေနဲ့ယူလိုက်တော့... ယင်း (၄)ပါးထဲက တစ်ပါးပါးကို ပြုကျင့်နေရင် “မိစ္ဆာဝါစာ=မှားယွင်းတဲ့ ပြောဆိုမှု” ဖြစ်ပါတယ်။
အဓိကသမ္မာဝါစာကံပျက်ဖို့က စေတနာဦးစီးပါတယ်။ ဆိုလိုချင်တာက ကြမ်းတမ်းစွာပြောတဲ့ စကားသံတိုင်း “ဖရုသ၀ါစာ”မဖြစ်ဘူးလို့ ဆိုလိုတာပါ။
ဥပမာအနေနဲ့ဆိုရင်... မိဘများက သားသမီးများကို လိမ္မာရေးချားရှိစေလိုလို့၊ အပြစ်မဖြစ်စေလို့ စကားနဲနဲရိုင်းရိုင်းပြောပြီး ဆုံးမတဲ့ စကားမျိုးပါ။ ဒါက “သမ္မာဝါစာ=ကောင်းမွန်စွာပြောဆိုခြင်း” တရားနှင့်ပတ်သက်လို့ အဓိပ္ပါယ် ဖြစ်ပါတယ်။
နောက် ဒုတိယ၀ိရတိစေတသိက်က “သမ္မာကမ္မန္တ”။ သမ္မာကမ္မန္တဆိုတာက ပါဏာတိပါတ (သူ့အသက်သက်ခြင်း)၊ အဒိန္နာဒါန (သူ့ဥစ္စာခိုးခြင်း)၊ ကာမေသုမိစ္ဆာစာရ (သူတစ်ပါး အိမ်ရာ ကျူးလွန်ခြင်း)အမှုများမှ ရှောင်ကြဉ်ခြင်း ဖြစ်ပါတယ်။ အပြန်အနေနဲ့ မရှောင်ကြဉ်တော့ “မိစ္ဆာကမ္မန္တ= မကောင်းသောအမှု/ အပြစ်ရှိတဲ့ အမှု)ကို ပြုလုပ်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။
တတိယ၀ိရတိစေတသိက်က “သမ္မာအာဇီဝ”။ သမ္မာအာဇီဝ=အသက်မွေးမှုစင်ကြယ်တယ်ဆိုတာ... အထက်မှာပြောခဲ့တဲ့... မဟုတ်မှန် ပြောလို့၊ လိမ်ညာပြောခြင်း စသည်ဖြင့် ရတဲ့ ပစ္စည်းလည်း မဟုတ်၊ သူတပါး အသက်သတ်ခြင်းစသည်ဖြင့် အသက်မွေးတာလည်း မဟုတ်ရင် သမ္မာအာဇီဝဖြစ်တာပါပဲ။
ဆိုလိုတာက.. အထက်က ၀စီကံဝိရတိသီလစေတသိက် (၄)ပါး၊ ကာယကံဝိရတိစေတသိက် (၃)ပါးကို ရှောင်ကြဉ်ပြီး အသက်မွေးလို့ရှိရင် “သမ္မာအာဇီဝ=အပြစ်ကင်းတဲ့ အသက်မွေးမှု” ဖြစ်ပါတယ်။ ဒါက “၀ိရတိစေတသိက်အကြောင်း” သိသင့်တဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။
မိမိတို့ စောင့်ထိန်းနေတဲ့ သီလဆိုတာ... ဒီဝိရတိတရားကနေ အခြေခံပြီး လာတယ်ဆိုတာလည်း ဗဟုသုတအနေနှင့် မှတ်သားစရာပါပဲ။
ဝိရတိ (မလုပ်သင့်တာကို မလုပ်ပဲ ရှောင်ကြဉ်မှု) အကြောင်းနဲနဲ ပြောပြပါတယ်။ တကယ်လည်း သိသင့်တဲ့ အကြောင်းဖြစ်လို့ပါ။
ရှောင်ကြဉ်မှု “၀ိရတိ”နဲ့ပတ်သက်လို့ “၀ိရတိ”ဆိုတာ (၃)မျိုး ရှိပါတယ်။
နံပါတ်တစ်= သမုစ္ဆေဒ၀ိရတိ=မဂ်ဖြင့် အကြွင်းမဲ မကောင်းမှုတရားများကို ပယ်ထား၍ မုသာဝါဒစသည်ကို ဘယ်သောအခါမှ မပြုခြင်းဖြင့် ရှောင်ကြဉ်ခြင်း။
နံပါတ်နှစ်= သမ္ပတ္တ၀ိရတိ=“မုသာဝါဒါ ဝေရမဏိ”-စသည်ဖြင့် ခံယူဆောက်တည်ထားခြင်း မရှိပဲ ထိပ်တိုက်တွေ့ကြုံ လာသောအခါ မလုပ်သင့်၊ မလုပ်အပ်ဘူးထင်လို့ ရှောင်တာမျိုး။ ဥပမာ.... လိမ်ညာပြောဖို့ ကြုံလာတယ်ဆိုပါစု့.... ကိုယ့်ကိုယ်ကို ပြန်ဆင်ချင်ပြီး... ငါ လိမ်ညာမပြောသင့်ဘူး...၊ ငါလိမ်ညာပြောရင် သူဒုက္ခရောက်သွားမယ် စသည်ဖြင့် စဉ်းစားပြီး လုပ်ခွင့် ကြုံလာပါလျှက် မလိမ်ညာခြင်းမျိုးစသည်ကို “သမ္ပတ္တ၀ိရတိ=ရောက်လာသောအမှုမှ အကျိုးအကြောင်း ဆင်ချင်ပြီး မလုပ်သင့်၍ ရှောင်ကြဉ်ခြင်း”လို့ ခေါ်ပါတယ်။
ဒီသီလနှင့် ပတ်သက်လို့ အဘိဓမ္မာပိဋကရဲ့ အဋ္ဌကထာစာအုပ်တစ်အုပ်ဖြစ်တဲ့ အဋ္ဌသာလိနီမှာ ပြထားတဲ့ ဇာတ်ကြောင်းလေး တခုကို ပြောပြပါမယ်။ သီဟိုဠ် (သီရိလင်္ကာ)မှာ ဖြစ်ခဲ့တဲ့ ဇာတ်ကြောင်းလေးပါ။ ဘုရားရှင်ပရိနိဗ္ဗာန်စံပြီး... နှစ် (၅၀၀)ကျော်လောက်မှာ ဖြစ်ပါလိမ့်မယ်။ ဇဂ္ဂနဆိုတဲ့ ဥပါသကာတစ်ဦး ရှိခဲ့ဘူးပါတယ်။ ညီအကိုနှစ်ယောက် မိခင်အိုကြီးကို လုပ်ကျွေးပြုစုနေကြတာပါ။ တစ်နေ့တော့ မိခင်ကြီးက နာမကျန်းဖြစ်ပါတယ်။ သမားတော်ကို ခေါ်ပြတော့... သမားတော်က... လတ်ဆတ်သော ယုံသားချက်ကျွေးမှ မိခင်ကြီး၏ ရောဂါက ပျောက်ကင်းမယ်လို့ပြောပါတယ်။ အဲဒီတော့ ညီအကို -၂-ယောက်တိုက်ပင်ကြတာပေါ့ “လတ်ဆတ်တဲ့ ယုံငယ်ရဖို့ ဘယ်လိုရှာမလဲဆိုတာ”။ ဒါနဲ့ အကိုလုပ်သူက ညီငယ်ကို တောထဲကို လတ်ဆတ်တဲ့ ယုံရဖို့ ယုံရှာထွက်ခိုင်းပါတယ်။ ကံအားလျော်စွာ ကောက်နုခင်းကို စားဖို့ လာသော ယုံငယ်ကို ဇဂ္ဂနသတိုးသားက တွေ့ပါလေရော့။ သူသည် ယုံသူငယ်ကို သတ်မည်ပြုစဉ်... ကြံစီမိတာက “ငါ ဒီယုံငယ်ကို သတ်လိုက်က ပါဏာတိပါတကံထိုက်မည်”။ ဇဂ္ဂနသူငယ်သည် ငယ်စဉ်ကတည်းက သူ့အသက်ကို မသတ်ဘူးတဲ့ သူငယ်ဖြစ် အဲဒီလို ကြံစီမိတာပါ။ မိမိတို့တစ်တွေဆို ဘယ်လိုနေမလဲ? ဒါနဲ့ သူသည် ယုံငယ်ကို တောထဲမှာ ပြန်လွတ်လိုက်ပြီး မိခင်ရှိရာ အိမ်ကို ပြန်လာပါတယ်။ ပြန်ရောက်တော့ အကိုဖြစ်သူက ဆီးမေးပါတယ် “ယုံရလားပေါ့”။ ထုံးစံအတိုင်း ယုံမပါပဲ ပြန်လာတာကို သိတော့ အဆူခံရမယ်ပေါ့။ ဒါနဲ့ ညီငယ်လုပ်သူက မိခင်ကြီးရှိရာသို့ သွားကာ သစ္စာဆိုလိုက်ပါတ်။ သူဆိုလိုက်တဲ့ သစ္စာက “ငါသည် သိတတ်၊ နားလည်သော အရွယ်က စ၍ သူတစ်ပါး၏ အသက်ကို မသတ်ဘူးပါ”၊ ဤ မှန်ကန်သော သစ္စာစကားကြောင့် မိခင်၏ ရောဂါသည် ပျောက်ကင်းစေသတည်းလို့ သစ္စာလိုက်ပါတယ်။ သစ္စာစကားလည်း ဆိုပြီးလျှင် ဆိုပြီးချင်း မိခင်သည် ကျန်းမာပကတိ ဖြစ်သွားပါတယ်။ ဒီဝတ္ထု၌ မိခင်အတွက် အလိုရှိသော ယုံငယ်ကို တွေ့ပါလျှက် မသတ်ပဲ ရှောင်ကြဉ်တာသည် အခွင့်အခါသင့်ပါလျှက် မလုပ်ပဲ ရှောင်ကြဉ်တဲ့ “သမ္ပတ္တ၀ိရတိ”လို့ ခေါ်ပါတယ်။
ဒီဝတ္ထုနှင့်ဆက်စပ်ပြီး မှတ်သားစရာက... မိမိတို့တစ်တွေ မှန်ကန်ရာကို အတည်ပြုကာ သစ္စာဆိုကလည်း အောင်မြင်ပြီးမြောက်တဲ့ အကြောင်း မှတ်သားစေလိုပါတယ်။ လပြည့်ဝန်းလေးလည်း သစ္စာဆိုလို့ လက်တွေ့အောင်မြင်ဘူးတာ ရှိပါတယ်။ “သစ္စာ”ဆိုတဲ့ စကားလုံးကြောင့် မိမိအတည်ပြုဆိုတဲ့ စကားက “အမှန်”ဖြစ်ဖို့တော့ လိုပါတယ်။ ဒါက သမ္ပတ္တ၀ိရတိ အကြောင်းပါ။ ယခုခေတ်မှာလည်း ဒီလိုမျိုး စိတ်ဓာတ်ဖြင့် ရှောင်ကြဉ်ကြတဲ့သူတွေ ရှိပါတယ်။
နံပါတ်သုံးက= သမာဒါန၀ိရတိ= သိက္ခာပုဒ်ကို ဆောက်တည်ထား၍ လိမ်ညာပြောခြင်း စသည်မှရှောင်ကြဉ်ခြင်းမျိုးပါ။ ဒီသီလက... ယနေ့ခေတ် ဘုရားရှေ့ (သို့မဟုတ်) ရဟန်းသံဃာများထံမှာ သီလခံယူပြီး စောင့်ထိန်းတာမျိုးကို ဆိုလိုတာပါ။ ကိုင်း ၀ိရတိအဘိဓမ္မာစေတသိက်တရားနဲ့ပတ်သက်လို့ သိသင့်သိထိုက်တာလေးတွေကတော့ ဒါပါပဲ။ နောက်နေ့များမှာ ကျန်သေးတဲ့ စေတသိက်တရား (၃)ကို ဆက်လက်ပြောပြပါမည်။ ဒီနေ့ ဒီမျှသာ။

0 comments:
Post a Comment