* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, January 3, 2010

သုမေဓာထေရီ အပိုင်း-၂


သုမေဓာမင်းသမီး အရွယ်သို့ ရောက်သောအခါ ဝါရဏဝတီပြည့်ရှင် အနိကရတ္တမင်းအား ပေးကြသည်။ မိဘတို့က ယောင်္ကျားပေးစားသော်လည်း သုမေဓာသည် အိမ်ရာထေင်မှုကို ပယ်ရှား၏။ သူသည် ရဟန်းပြုချင်စိတ်သာ များပြားနေ၏။

သုမေဓာမင်းသမီးသည် ဘုရားသာသနာတော်ကို အလွန်ကြည်ညိုမြတ်နိုးလေ့ရှိ၏။ သီလနှင့်လည်း ပြည့်စုံ၏။ တရားစကားကိုလည်း ဟောနိုင်စွမ်း၏။ ပိဋကတ်တရားတော်၌ မှတ်သား နာကြားခြင်းလည်း အလွန်များ၏။ မိမိကိုယ် နှုတ် နှလုံးကို ဆုံးမ သိမ်းဆည်း စောင့်စည်းလေ့ရှိ၏။

ထို့ကြောင့် သုမေဓာ မင်းသမီးသည် ခမည်းတော် မယ်တော်တို့အား ရိုသေစွာ ချဉ်းကပ်၍ ဤသို့ ပြောကြား၏။

“ခမည်းတော် မယ်တော်တို့၊ ကျွန်တော်မ လျှောက်ထားသော စကားကို နားဆင် မှတ်သားကြပါလော့။
“သမီးတော်သည် နိဗ္ဗာန်ကို အလိုရှိပါ၏။ နိဗ္ဗာန်၌ မွေ့လျော်သော စိတ်ရှိပါ၏။ နတ်ပြည်၌ ဖြစ်သော နတ်သမီး နတ်သားတို့၏ ကာမဂုဏ်တရားသည် မြဲသော သဘောမရှိပေ။ လူ့ပြည်၌ ဖြစ်သော လူ၏ ကာမဂုဏ် တရားကား အဘယ် ဆိုဖွယ်ရာ ရှိတော့အံ့နည်း။ ကာမဂုဏ်၏ အရသာသည် အနည်းငယ်မျှသာရှိ၍ တစ်ခဏမျှသာ တည်၏။ ပင်ပန်း ဆင်းရဲခြင်းတို့ကား အလွန်များပြား၏။ ကာမဂုဏ်ကြောင့် ဆင်းရဲခြင်းသည် အလွန်ကြီးမား၏။ မျက်မှောက်ဒိဌ နာကျင် စပ်ခါး ခံစားရ၏။ မြွေဆိပ်နှင့်လည်း တူ၏။

“အကြင်သူတို့သည် ကာမဂုဏ်ကို မိုက်မှောင်ကျအောင် ယစ်မူးအောင် ခံစားကြကုန်၏။ ထိုသူတို့သည် ရှည်မြင့်စွာသော နေ့ရက်တို့ ကာလပတ်လုံး၌ ငရဲ၌ ကျက်ကုန်သည်ဖြစ်၍ ဆင်းရဲ ပင်ပန်းစွာ နှိပ်စက်ခြင်းကို ခံကြရကုန်၏။ မကောင်းကံအားကြီးသော သူတို့သည် မကောင်းသော အသိဉာဏ်ရှိကုန်၍ လိမ်ဉာဏ် ကောက်ဉာဏ် စဉ်းလဲဉာဏ် ရှိကုန်၍ အခါခပ်သိမ်း ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့် လည်းကောင်း၊ စိတ်ဖြင့် လည်းကောင်း ကာမဂုဏ် တရားကိုသာလျှင် ပြုကျင့်ပြောဆို ကြံစည်အားထုတ် ကြကုန်၏။

“ထိုသူတို့သည် စောင့်စည်းခြင်းမရှိဘဲ မိုက်မဲ လွန်ကျူးကြကုန်၏။ မိုက်မဲ၏၊ ပညာမရှိ၊ စေတနာ သဒ္ဓါတရားမရှိ။ ဖြစ်ချင်ဖြစ်၊ မဖြစ်ချင် မဖြစ်ဟူ၍ ဟောတော်မူအပ်သော ‘ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ’ တို့ကို ကြားနာရသော်လည်း မြတ်သော အရိယသစ္စာတရားတို့ကို မသိကြကုန်”

“ခမည်းတော် မယ်တော်တို့ဘုရား……
“ထိုသစ္စာတရားတို့ကို မသိသောကြောင့်သာလျှင် များစွာသော သတ္တဝါအပေါင်းတို့သည် ဘုံဘဝ၌ ဖြစ်သော ကာမဂုဏ်ကို စုံမက်နှစ်သက်ကြကုန်၏။ နတ်ပြည်၌ ဖြစ်ခြင်းကို နှစ်သက်၍ နတ်စည်းစိမ်ကို မြတ်နိုး စုံမက်စွာ ဆုတောင်းကြခြင်း ဖြစ်ပေသည်။ နတ်ပြည်၌ ဖြစ်သော်လည်း မြဲခြင်းသဘော မရှိ။ အနိစ္စ တရားတို့သာ ဖြစ်ကုန်၏။ ငြိမ်းအေးခြင်း သဘောမရှိကုန်။ အကြိမ်ကြိမ် အဖန်ဖန် ဖြစ်တတ် ပျက်တတ်သော သဘော ရှိကုန်၏။

“ခမည်းတော် မယ်တော်တို့၊ မြတ်သော ရဟန်း၏ အဖြစ်သည် ငရဲဘုံ၌ ဖရိုဖရဲ ကျခြင်းသဘော မရှိ။ လေးပါးကုန်သော ဝိနိပါတ ဘေးတို့သည် လည်းကောင်း၊ ငရဲ တိရိစ္ဆာန် နှစ်တန်သော ဂတိတို့သည် လည်းကောင်း၊ အဘယ်မှာ ရောက်ခြင်း ကျခြင်း ရှိတော့အံ့နည်း။
“ကျေးဇူးတော်ရှင် မယ်တော် ခမည်းတော်တို့၊ သမီးတော်အား မြတ်စွာဘုရား သာသနာတော်၌ ရဟန်း ပြုခြင်းငှာ ခွင့်ပြုကြပါကုန်လော့။ မယ်တော် ခမည်းတော်တို့သည် ရဟန်းပြုရန် ခွင့်ပြုကြအံ့၊ သမီးတော်သည် ‘ပဋိသန္ဓေနေရခြင်း၊ အိုရခြင်း၊ သေရခြင်း’ တို့မှ လွတ်ကင်းအောင် တရားကို အားထုတ်ပါအံ့။
“လူ့ဘဝ၌ ဖြစ်သော ကာမဂုဏ်တရားဖြင့် အဘယ်အကျိုး ရှိအံ့နည်း၊ ကိုယ်ပင်ပန်းသော်လည်း အနှစ်သာရ ရှိသော တရားမဟုတ်၊ လူနတ်ဘဝ၌ စုံမက်ခင်မင် တတ်ကြသော တဏှာလောဘကို ပယ်ဖျက်ခြင်းငှာ တရားတော်ကို အားထုတ်၍ ကျင့်ကြံပါမည်။ မယ်တော် ခမည်းတော်တို့ ခွင့်ပြုတော် မူကြပါလော့၊ သမီးတော် ရဟန်းပြုပါရစေ”

သုမေဓာ မင်းသမီး၏ ခမည်းတော် မယ်တော်တို့သည် သမီးတော်အား ရဟန်းပြုခွင့် မပေးကြပေ။

“ခမည်းတော် မယ်တော်ဘုရား……..
“ဘုရားပွင့်သော ကာလကို ကင်း၍ မဂ်ဖိုလ်ရခြင်း မရှိနိုင်၊ ဘုရားမပွင့်သော ကာလကို ‘အခဏ’ ဟူ၍ ဆိုအပ်၏။ မဂ်ဖိုလ်ရသော ခဏမဟုတ်၊ ကာလ မဟုတ်ဟူ၍ ဆိုပါ၏။ ဘုရားပွင့်သော အခါနှင့်ကြုံတွေ့မှ မဂ်ဖိုလ် ရသော ကာလဖြစ်၏။ ယခုအခါ၌ ဘုရားပွင့်သောခဏ၊ ဘုရားပွင့်သော ကာလနှင့် ကြုံတွေ့ နေရပါသောကြောင့် သမီးတော်သည် မြတ်စွာဘုရား သာသနာတော်၌ အကျင့်ကို တစ်သက်ပတ်လုံး မပျက်စီးရအောင် ကျင့်ပါအံ့”

“သမီးတော် ရဟန်းပြုသဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ငါတို့ ခွင့်မပြုနိုင်”

မယ်တော် ခမည်းတော်တို့သည် တားဆီးမြဲ တားဆီးကြ၏။

“သမီးတော်သည် လူဝတ်ကို ဝတ်သော လူ၏ အဖြစ်၌ မနေလိုတော့ပါ။ ရဟန်းမိန်းမ ဘိက္ခုနီ အဖြစ်ဖြင့်သာ နေလိုပါသည်။ ထို့ကြောင့် လူဝတ်နှင့် နေရသမျှ ကာလပတ်လုံး ထမင်း အစားအစာ အဟာရကို မစားဘဲ နေပါတော့အံ့၊ သေမင်း နိုင်ငံသို့ ရောက်၍ သွားပါစေတော့”

သုမေဓာ မင်းသမီးသည် နန်းတော်ပြင် အခင်းမရှိသော သမံတလင်း၌ လှဲအိပ်နေလိုက်လေတော့သည်။ သမီးတော်၏ အပြုအမူကို မြင်သောအခါ မယ်တော်ဘုရားသည် ဝမ်းနည်းစွာ ငိုကြွေးပြီး ဖျောင်းဖျ ပြောဆို၏။

“ထပါ ချစ်သမီး၊ ချစ်သမီးကို အနိကရတ္တမင်းသားသို့ ငါတို့ ပေးပြီးဖြစ်သည်။ ဝါရဏဝတီမြို့ကို အစိုးရသော အနိကရတ္တမင်းသည် အလွန်အဆင်းလှ၏၊ ထိုပြည့်ရှင်မင်းအား ချစ်သမီးကို ပေး၏၊ ချစ်သမီးသည် အဂ္ဂမဟေသီ မိဖုရားကြီး ဖြစ်လတ္တံ့။

(သုမေဓာထေရီ အပိုင်း-၂ အဆက် ဆက်တင်ပါမည်)



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP