မြတ်ဗုဒ္ဓ၏ ၀ိပဿနာတရားတော်နှင့် လူငယ်လူလတ် အပိုင်း (၅)
January 2, 2010 at 12:26 pm (ဘာသာရေးဆိုင်ရာ ဆောင်းပါးများ)
ကျွန်တော်ရေးခဲ့တာတွေ တော်တော်လေး များသွားပြီ ထင်ပါတယ်။
ပထမပိုင်းမှာ ကိုယ်ကိုးကွယ် အားထားတဲ့ဘုရား ဘယ်လိုပုဂ္ဂိုလ်ပါလဲ၊ လေးစားထိုက်ရဲ့လား၊ ဉာဏ်ပညာကြီးရဲ့လား၊ ဆင်းရဲဒုက္ခ အပေါင်းမှ လွတ်မြောက်ကြောင်းကို ညွှန်ပြနိုင်လောက်တဲ့ ပုဂ္ဂိုလ် ဟုတ်ရဲ့လား ဆိုတာကို လူငယ်လူလတ်တွေ သုံးသပ်နိုင်အောင် တင်ပြခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း ဒီသဘောသွားတွေ ပါပါတယ်။
တတိယပိုင်း(က)(ခ)(ဂ) တွေမှာတော့ ညွှန်ကြားတာကတခြား၊ လုပ်ကြတာကတခြား ဖြစ်နေတဲ့ အနေ အထားတွေ တရားစစ် တရားမှန်ကို မကျင့်သုံးကြပဲ အလွယ်လမ်းလိုက်နေကြပုံတွေ ဆရာတော်ဘုရားကြီး များရဲ့ ညွှန်ပြမှုတွေကို တင်ပြခဲ့ပါတယ်။
စတုတ္ထပိုင်းမှာတော့ ငါတို့ လူဆိုတာ ဘယ်လိုလဲလို့ ကိုယ့်ကို ကိုယ်သိအောင် လူငယ်လူလတ်တိုင်း လိုလို ကျွမ်းဝင်ရင်းနှီးကြတဲ့ ကွန်ပြူတာနဲ့ လူကို နှိုင်းယှဉ် ဖော်ပြပြီး၊ မြတ်ဗုဒ္ဓ ညွှန်ပြခဲ့တဲ့ စိတ်တစ်ခုဖြစ်ပုံ “စိတ်”က ထိန်းကြောင်း မောင်းနှင်နေပုံတို့ကို တင်ပြပြီး၊ မြတ်ဗုဒ္ဓရဲ့ အဘိဓမ္မာ တရားတချို့ကို မိတ်ဆက်ပေးခဲ့ သလို မိမိသည်သာ မိမိ၏ အရှင်သခင်ဖြစ်ကြောင်း တင်ပြခဲ့ပါတယ်။
အခု တင်ပြချင်တာက အပိုင်း(၅)ပါ။
အပိုင်း(၅) မတင်ဆက်ခင်မှာ Blog ကို အချိန်ပေးပြီး၊ ဖတ်ကြရတဲ့ လူငယ်လူလတ်တွေ ဒီBlog ကို ဖတ်ပြီး၊ ဘယ်လို အကျိုးရှိနိုင်မှာလည်း ဆိုတာ သိစေချင်ပါတယ်။
တင်ဆက်သူ ကျွန်တော်ရဲ့ ရည်ရွယ်ချက်ပေါ့လေ။
ရည်မှန်းချက်ကို လွယ်လွယ်ပေါ့ပေါ့ ဒက်ကနဲ တင်ပြနိုင်စွမ်း မရှိသလို၊ တချို့ စာသဘောကိုက သိုင်းရ ၀ိုင်းရတဲ့ သဘောလေးတွေ ရှိတတ်တာကြောင့် ရည်ရွယ်ချက် ပန်းတိုင် မပျောက်ရအောင် နည်းနည်းတော့ Remind လုပ်မှ သင့်မယ်ထင်လို့ပါ။
ကျွန်တော်တို့ လက်ရှိအခြေအနေ မိမိ ၊ မိသားစု၊ ပတ်ဝန်းကျင်၊ ရပ်ကွက်၊ မြို့၊ နိုင်ငံ၊ ကမ္ဘာ စသည်ဖြင့် ဖြန့်ကျက် ကြည့်လိုက်ရင် ဘာတွေ တွေ့ရမလဲဆိုတော့-
ညင်းမရတာက အကြပ်အတည်းတွေပါ၊
ကျွန်တော်တို့အားလုံး သဘောတူညီနိုင်ကြမယ် ထင်ပါတယ်။
ရင်ဆိုင်နေရတာ အားလုံး အကြပ်အတည်းတွေပါ၊ အဆင်မပြေမှုတွေပါ၊ ဆင်းရဲမှုတွေပါ။
အလုပ်ရှိသူမှာလည်း အလုပ်မပြုတ်ရအောင်-
ရတဲ့လုပ်ခနဲ့ လူနေမှု စရိတ်စက မကာမိလို့ ပူပန်မှုတွေ-
တိုးတက်ပါတယ် (ရုပ်ဝတ္ထုတွေ) ဆိုတဲ့ ခေတ်ကြီး ရောက်ရောက်လာလေ၊ လူတွက ပိုပင်ပန်းလာလေ။ ပိုစိတ်ဆင်းရဲ လာကြလေပါပဲ။
အလုပ်လက်မဲ့တွေကလည်း တပုံတပင်။
ပညာ တပိုင်းတစနဲ့ ကျောင်းကိုထွက်ခွါခဲ့ရသူတွေလည်း မရေမတွက်နိုင်။
အနာဂါတ်ရဲ့ ခေါင်းဆောင်ဖြစ်မယ့် လူငယ်တွေရော ဘာဖြစ်နေကြလဲ ?
ကျွန်တော် အင်တာနက်ဆိုင် ရောက်တဲ့အခါတိုင်းလိုမှာ ကျွန်တော့်အနီးအပါး ထိုင်တဲ့ လူငယ်တွေ အများစုဟာ Chat နေကြတာများတယ်။ တခါတလေ စိတ်လွတ် ကိုယ်လွတ်ဖြစ်ပြီး၊ အော်ဆဲချင် ဆဲနေကြ သေးတယ်။
Café နဲ့ ရင်းနှီးလာလို့ မေးကြည့်တဲ့အခါ လူငယ် တော်တော်များများဟာ Entertainment တွေ ဖက်ပဲ စိတ်သန်နေကြတယ်၊ Internet ဆိုတဲ့ ကမ္ဘာ့စွယ်စုံကျမ်းကြီးကို အသုံးချပြီး ကိုယ့်ဘ၀ တိုးတက်အောင် ဘယ်လို လုပ်ကြမယ်လို့ စဉ်းစားကြပုံ မရပါဘူး လို့ပြောပါတယ်။
ကျွန်တော် သူတို့ကို အပြစ်တင်မယ် မထင်ပါနဲ့၊
လုံးဝ အပြစ်မတင်ပါဘူး။
သူတို့မှာ ကောင်းမွန်တဲ့ နှလုံးသား ရှိချင်ရှိမှာပါ၊
ဒါပေမယ့် သူတို့မှာ အားနည်းနေတာ “အသိတရား” ပါ၊ “ခံစားမှု” ပါ။
ကျွန်တော် ရှေးဦးမဆွ ဆိုခဲ့ပါတယ်။
လူတစ်ယောက်ဘ၀ တိုးတက်မှု၊ ချမ်းသာမှု၊ အောင်မြင်မှု၊ နောက်ဆုံး သံသရာ ဆင်းရဲဒုက္ခမှ လွတ်မြောက်ကြောင်းအထိ အားလုံးဟာ အတိတ်ကံနဲ့ ပစ္စုပ္ပန်ကံ (နားလည်လွယ်အောင် ပြောရရင် ဗီဇနဲ့ ပတ်ဝန်းကျင်) ပေါ် မူတည်ပါတယ်။
အတိတ်ကံကောင်းလို့ လူရယ်လို့ ဖြစ်လာပေမယ့်လည်း-
ပစ္စုပ္ပန်ကံရဲ့ ကောင်းစွာ အထောက်အပံ့ မရရင်လည်း အောင်မြင်သင့်သလောက် မအောင်မြင်ပါဘူး။
ပစ္စုပ္ပန်ကံမှာမှ မိမိကိုယ်တိုင် အားထုတ်မှုနဲ့ မိမိအားထုတ်မှု မှန်ကန်အောင် လမ်းညွှန်ပေးနိုင်မှု ဆိုတဲ့၊ မှီခိုရတဲ့အရာ နှစ်ခုရှိပါတယ်၊ လူရယ်လို့ဖြစ်လာ ကတည်းက ပတ်ဝန်းကျင် ပံ့ပိုးပေးမှုက ပိုအရေးကြီးပါတယ်။
ကျေးညီနောင် ဇာတ်ဟာ အထင်အရှားပါပဲ။
“သညာ” ကမှတ်ထားရင် မှတ်ထားပါများရင် သတ္တိကိန်းလာပြီး၊ ကံမြောက်တော့တာပဲ၊ ဒီကံတွေဟာ အကြောင်းတိုက်ဆိုင်ရင် ထွက်ပေါ်လာပြီး အလုပ်လုပ်ကြတာပဲ။
မှားတာ မှတ်သားထားပြီးရင် အလုပ်အဖြစ် အကောင်အထည် ဖော်တဲ့အခါမှာ အမှားကိုပဲ အကောင် အထည် ဖော်တော့တာပါပဲ။
သင်ယူ သိမှတ် ခံစားထားရတာတွေ မှန်သမျှ ၀ီထိစိတ် ဖြစ်တဲ့အခါ ဇောဝီထိကျလောက်တဲ့ မှတ်သိ ခံစားမှုဖြစ်တိုင်း Registered လုပ်ပြီး၊ သိမ်းပိုက်လိုက်တော့တာပါ။
“ပုထုဇဉ် ဘယ်သူ တစ်စုံတစ်ယောက်မျှ မှားတယ်ထင်ပြီး၊ လုပ်ကြတာ မရှိပါ”
မှန်တယ်ထင်ပြီး၊ လုပ်ကြတာချည်း ပါပဲလို့- အာသောကကျောက်စာ ရေးထိုးခဲ့သလို ကျွန်တော်တို့ ကိုယ်တိုင်လည်း အဲ့ဒီအတိုင်းပဲ လုပ်နေကြတာ ပါပဲ။
မှန်တယ်ထင်ပြီး၊ လုပ်ကြတာချည်း ပါပဲ။
အဖြေထွက်မှသာ မှန်တာ၊ မှားတာ ထင်ရှားပေါ်လွင် လာကြတာပါ။
ဒါကြောင့် လူဆိုတာ ကောင်းစွာသင်ကြားပေးဖို့ လိုတဲ့ သတ္တ၀ါတစ်မျိုးလို့ ဆိုလို့ရပါတယ်။
တိရစ္ဆာန်တစ်ကောင်ဟာ မူလစွမ်းရည် ရှိပြီးသားပါ။ လူမှာတော့ မရှိပါ။
ခွေးလေးတစ်ကောင် ခွေးမကြီးက မွေးပြီးပြီးချင်း၊ သူ့အာဟာရအတွက် နို့ကို သူကိုယ်တိုင် ဖက်တွယ် စို့ယူနိုင်စွမ်း ရှိပါတယ်၊ လူမှာ အဲ့ဒီလောက်ပင် စွမ်းရည် မရှိပါဘူး၊ မိခင်က ထွေးပွေ့တိုက်ကျွေးမှ စို့ယူရတာပါ။
ဒါပေမယ့် တိရစ္ဆာန်ဟာ ဘယ်လောက်ပဲသင်သင် အတိုင်းအတာတစ်ခုရောက်ရင် ရပ်တန့်သွားပေမယ့် လူမှာတော့ သင်ပေးရင် သင်ပေးသလောက် လက်ခံ ယူနိုင်စွမ်း ရှိကြပါတယ်။
ဒီလိုဆိုရင် ကျွန်တော့်တို့ ကောင်းစွာ သင်ကြားပေး ခံရပါသလား?
လူငယ်လူလတ်များ အလေးအနက် စဉ်းစားပါ။
သင်ကြားပေးမယ့် သူတွေ တတ်မြောက်ထားတဲ့ ပညာတွေက တွက်နည်းအမှားနဲ့ တွက်ချက် ရထားတဲ့ ပညာတွေဖြစ်နေရင်-
ကျွန်တော်တို့လည်း အမှားတွေပဲ ရမှာပါပဲ။
ပိုဆိုးပြီပေါ့။
ကတိဆိုတာ လူသားရဲ့ ဂုဏ်သိက္ခာကွ-
ရိုးသားဖြောင့်မတ်မှုဟာ ဘ၀အောင်မြင်ရေးရဲ့ သော့ချက်ကွ-
အရှက်အကြောက် တရားနှစ်ပါးဟာ ကမ္ဘာစောင့်တရားကွ-
အသိဉာဏ် ပညာရှိသူသာ ဘေးကင်းစွာ ဘ၀ကို ဖြတ်သန်းနိုင်မှာကွ-
ပညာသင်ကြားရယူရမှာပဲ ဖြစ်ဖြစ်၊ အလုပ် လုပ်ကိုင်ရာမှာပဲ ဖြစ်ဖြစ်၊ စွမ်းစွမ်းတမံ အားထုတ်မှု (Utmost ability) ဟာ ဘ၀ အောင်မြင်ရေးကွ-
စိတ်ကောင်းစေတနာ ရှိမှုဟာ လူယဉ်ကျေးမှုကွ-
စသည်ဖြင့် တကယ် တန်ဖိုးရှိတဲ့ အသိတရားတွေ ကျွန်တော်တို့ ရကြပါသလား။
မြတ်ဗုဒ္ဓ ဟောခဲ့တဲ့ လူတွေအတွက် အောင်မြင်ရေး လမ်းညွှန် ၃၈ဖြာ မင်္ဂလာကို သိလည်းသိအောင်၊ ကျင့်သုံးနိုင်အောင်လည်း လမ်းဖွင့်ပေးမယ့်သူ တော်တော်မှ တော်တော့်ကို ရှားပါးလာမှတော့-
လူငယ်တွေကို ဘယ်လို ပြောရမလဲ။ ဘယ်လို အပြစ်တင်ရက်ပါ့မလဲ။
မယုံမရှိပါနဲ့၊ ဟီရိ သြတ္တပ္ပ ဆိုတဲ့ ကမ္ဘာစောင့် တရားဖြစ်တဲ့ အရှက် အကြောက်သာ ကင်းမဲ့သွားရင်တော့ ကမ္ဘာပျက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတဲ့ စာရင်းထဲက ထုတ်ပစ်ရမယ့် အကြောင်းအရာ တစ်ခုဖြစ်လာမှာပါ။
နမူနာလေး တစ်ခုပြောရရင်-
ကိုယ့်အသက် ကိုယ်အသေခံပြီး၊ သူများတွေပါ သေအောင် ဗုံးခွဲသတ်ဖြတ်ရဲတဲ့၊ သတ်ဖြတ်ရက်တဲ့ သူတွေ ပေါ်လာတာ အထင်အရှားပဲ မဟုတ်ပါလား။
အပြစ်မဲ့တဲ့ အရပ်သားတွေ အလုပ်လုပ်နေတဲ့ Twin Tower ကြီးကိုရော၊ အပြစ်မဲ့ လေယာဉ်စီး ခရီးသည်တွေကိုရော မိမိကိုယ်တိုင်ကိုပါ သေကြေပျက်စီး ဆုံးရှုံးစေတဲ့ စိတ်ဓါတ်တွေ ဘယ်က ရလာပါသလဲ။
ကျွန်တော်တို့ မြတ်ဗုဒ္ဓရဲ့ တရားတော်တွေအရတော့ အဖြေရှိပြီးသားပါ။
အတိတ်ကံ အားနည်းသူကို ပစ္စုပ္ပန်မှာ မကောင်းမှုတွေ အကုသိုလ်စိတ်တွေ ထပ်ပြန်တလဲလဲ ကိန်းလာအောင် စေ့ဆော်ပါများတော့- တရားသဘောနဲ့ ပြောရရင် မကောင်းမှုအာရုံတွေနဲ့ ဒွါရခြောက်ပါးနဲ့ အတင်း ထိတွေ့ပေးနေတော့ ဇောကျလောက်တဲ့ ၀ီထိစိတ်တွေကျ၊ ပထမဇော အားကောင်းလွန်း လောက်အောင် သွေးထိုး ၊ လွန်ကဲလာတဲ့အခါမှာ သတ်ရဲ သေရဲ ဖြစ်ကုန်ကြတော့တာပါပဲ။
ကြည့်ကြပါဗျာ။
ဘုရားဖူးသွားတဲ့ ယာဉ်တွေ မှောက်ကြ သေကြတယ်။
ဘုရားဖူးလှေ သင်္ဘောတွေ မှောက်ကြတယ်။
ဘုရားဖူးလာတဲ့ သူတွေ တစ်ယောက်နဲ့တစ်ယောက် နင်းမိပြီး၊ သေကြတယ်။
ဘုရားက အဲ့ဒီ ဒုက္ခတွေက မကယ်နိုင်ဘူးဆိုတာ ရှင်းမနေဘူးလား၊ ဒါပေမယ့်လည်း မမှတ်ကြသေး ဘူး၊ နောက်တစ်နှစ် လုပ်ကြပြန်တာပဲ၊ သေကြပြန်တာပဲ။
အဲ့ဒီ အဖြစ်အပျက်တွေကို ကြည့်ရုံနဲ့ လူတွေဟာ မှန်ကန်စွာ မသိမမြင်နိုင်ကြဘူးဆိုတာ ထင်ရှားနေတာပဲ မဟုတ်လား။
ရုပ်ဝတ္ထုတွေ တိုးတက်သလောက် စိတ်ဝတ္ထုတွေ နိမ့်ကျလာတာ အထင်အရှားပါပဲ။
တခြား ဘုရားတွေတော့ ဘာတွေဟောလို့ ဘယ်လိုကယ်မ,မယ် မသိပေမယ့်၊ ကျွန်တော်တို့ မြတ်ဗုဒ္ဓ ကတော့ သက်တ်ာထင်ရှား ရှိစဉ်ကတည်းကိုက ဘုရားနား လာကပ်နေတဲ့ ရဟန်းကိုတောင် မောင်းထုတ် ခဲ့ဖူး ပါတယ်။
ငါ့ကို ဖူးမြှော်နေလို့ အလကားပဲ၊ ငါဟောတဲ့ တရားကိုသာ ကျင့်ကြံအားထုတ်လို့ ပြတ်ပြတ်သားသား ပြောခဲ့တဲ့ မြတ်ဗုဒ္ဓပါ။
ကျွန်တော်တို့ရဲ့ မြတ်ဗုဒ္ဓဆိုတာ ဟင်းစားပေးတဲ့သူ မဟုတ်ပါ၊ ကွန်ချက်ပါ ပြခဲ့သူပါ။ (ကျွန်တော့်မှာ တခြား ဥပမာပေးစရာ မတတ်လို့ ကျွန်တော့်ရဲ့ စာပေအားနည်းချက်ပါ၊ သည်းခံတော်မူကြပါ။)
အဲ့ဒါကို ရလာမယ့်ဟင်းစား ( ချက်စားစရာလေးတွေ ) မြှော်ပြီးသာ နေကြဦးမယ် ဆိုရင်တော့-
ကိုယ်တကယ် အကျိုးရှိစေမယ့် ကွန်ချက် (ကွန်ပစ်တတ်မှု) မသိပဲ၊ ဆင်းရဲတွင်း နက်ပြီးရင်း နက်နေကြ ရဦးမှာပါ။
ဒီတော့ လူငယ်တွေ လူလတ်တွေ စွမ်းအားရှိလာအောင်၊ တန်ဖိုးရှိလာအောင် ကျွန်တော်တို့ဘယ်လို ထုတ်ဆောင် ကြမှာလဲ။
အဲ့ဒါဟာ ဒီ Blog ကို ရေးရခြင်းရဲ့ ကျွန်တော်ရဲ့ မူလ ရည်ရွယ်ချက်ပါ။
မြတ်ဗုဒ္ဓရဲ့ ကျေးဇူးတော်ကြောင့် ဘ၀အောင်မြင်ရေး၊ သံသရာ ဆင်းရဲဒုက္ခမှ အပြီးတိုင် လွတ်မြောက် ရေးအထိ တရားစစ် တရားမှန်တွေ လမ်းညွှန်ချက်တွေ ရှိပြီးသားပါ။
လက်တွေ့လိုက်နာ ကျင့်သုံးနိုင်ကြရင်
ကိုယ့်ကိုမှာ ကိန်းနေတဲ့ မကောင်းမှုဓာတ် (ပါပဓာတ်)တွေ ပါးသွားပါလိမ့်မယ်၊ နောက် ကုသိုလ်ဓါတ် (ဓမ္မဓာတ်)တွေ ကိန်း-ကိန်းလာပါလိမ့်မယ်၊ အဲ့ဒီအခါမှာ လောကီအောင်မြင်မှုတွေ ရလာပါလိမ့်မယ်။
ကိုယ့်မှာ ရှိမှ သူများကို ပေးနိုင်မှာပါ။
ကိုယ် အရင် အောင်မြင်အောင် ကြိုးစား၊ နောက်တော့ မျှဝေ၊ မိမိရော သူတစ်ပါးပါ ချမ်းသာစေမယ့် လမ်းကြောင်းကို ရောက်လာမှာပါ။
စာဖတ်သူ ခံစားဖူးလိမ့်မယ် ထင်ပါတယ်။
“ကျွန်တော် မကောင်းမှန်းတော့ သိပါတယ်၊ စိတ်မထိန်းနိုင်လို့ပါ” ဆိုတဲ့ အတွေ့အကြုံတွေဟာ ကျွန်တော်တို့ ပုထုဇဉ်တွေမှာ အများကြီးပါ။
မြတ်ဗုဒ္ဓရဲ့ တရားတော်တွေကို မှန်ကန်စွာ သိလာပြီး၊ ကျင့်လာရင်-
“မကောင်းမှန်းလည်းသိတယ်၊ မလုပ်ပဲလည်း နေနိုင်တယ်”
“ကောင်းမှန်းလည်းသိတယ်၊ လုပ်လည်း လုပ်ဖြစ်တယ်”
ဆိုတဲ့ အနေအထားကို ရောက်လာမှာပါ။
“မိမိမှာ ရှိတဲ့ စွမ်းအားတွေ အကုန်ထုတ်သုံး နိုင်တဲ့သူ” ဖြစ်လာမှာပါ။
လောလောဆယ် ဂုရုကြီး ဦးဂိုအင်ကာကိုပဲ ကြည့်ပါ။
တရားတော်ရဲ့ သဘောအမှန်ကို ငယ်စဉ်(အသက် ၂၅ နှစ်အရွယ်)လောက်ထဲက သိခဲ့တော့ ကမ္ဘာ့ ငြိမ်းချမ်းရေးအတွက် ဘယ်လိုမှ ထင်နိုင်စရာ မရှိတဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော် နိုင်နေတာ လက်တွေ့ပါပဲ။
ကျွန်တော်တို့ရဲ့ လူငယ်လူလတ်တွေရော ဘာဖြစ်လို့ ဖြစ်မလာရမှာလဲ?
ရှေ့ကိုလည်း ဆက်ဖတ်နိုင်ဖို့ အားမွေးပါဦး။
နောက်တခန်းမှာ မြတ်ဗုဒ္ဓရဲ့ တရားတော်တွေကို လူငယ်လူလတ်တို့ နားလည်နိုင်လောက်အောင် ကျွန်တော် ကြိုးစား တင်ဆက်ပါမယ်။
ပြီးရင် နောက်ဆုံးအခန်းမှာ ၀ိပဿနာ တရားတော် အားထုတ်နည်း ဖော်ပြပါမယ်။ ဇန်န၀ါရီလ (၄)ရက်နေ့မှာ နောက်ဆုံး အခန်း တင်ဆက်နိုင်အောင် ကျွန်တော်ကြိုးစားပါမယ်။
ကျွန်တော်သိလို့ တတ်လို့ မဟုတ်ပါ၊ မြတ်ဗုဒ္ဓရဲ့ တရားတော်တွေကို ဉာဏ်မှီသမျှ ရှင်းပြနေတာပါ။
ဥပမာ ပြောရရင် ကျောင်းဆရာလိုပေါ့။
ဒေါ်လတန်ရဲ့ အက်တမ်သီအိုရီဟာ ဒေါ်လတန် ဖော်ထုတ်ထားတဲ့ သီအိုရီပါ။ အဲ့ဒီ သီအိုရီကို ဓာတုဗေဒ သင်တဲ့ဆရာက ကျောင်းသားတွေ နားလည်အောင် ရှင်းပြတဲ့ သဘောမျိုးပါ။
စာသင်ကောင်းတဲ့ ဆရာမျိုးဖြစ်အောင်တော့ ကျွန်တော် စွမ်းအားရှိသလောက်တော့ ကြိုးစားနေတာ ပါပဲ။
နှစ်သစ်မှာ လူသစ် စိတ်သစ်နဲ့ မြတ်ဗုဒ္ဓ တရားကျေးဇူးနဲ့ အောင်မြင်မှုတွေ ရအောင် စွမ်းဆောင်ကြပါ စို့လားခင်ဗျာ။

0 comments:
Post a Comment