အဘိဓမ္မာ အပိုင်း ၂၊ အခန်း ၎
ဧကဂ္ဂတာ=တည်တံ့ခြင်း၊ တည်ငြိမ်ခြင်း သဘောတရားပါ။
လူပတ်ဝန်းကျင်မှာ အများပြောလေ့ရှိတဲ့ သူကတော့ “ဧကဂ္ဂတာကျနေတာပဲ”ဆိုတာ ဒီတရားပဲ ဖြစ်ပါတယ်။ စိတ်တည်ငြိမ်နေတယ်ဆိုတဲ့ သဘောကို ပြောလိုခြင်း ဖြစ်ပါလိမ့်မယ်။ ဒီတရားကို တချို့နေရာတွေမှာ “သမာဓိ”လို့ သုံးနှုန်းပါတယ်။ ပရိယာယ်စကားလှယ် ပုဒ်ပါပဲ။ အင်္ဂလိပ်စာမှာ (Synonym) စကားလုံးများရှိသလို ဘုရားဟော တရားတော်တွေမှာလည်း (Synonym)စကားလုံးတွေရှိပါတယ်။ စကားလုံး ပရိယာယ်အဓိပ္ပါယ်တူ စကားလုံးများ သုံးခဲ့တာသည် ဘုရားရှင် လက်ထက်ကတည်းကဆိုတာ မှတ်သားလို့ ရတာပေါ့။ ဥပမာ= ဘုရားကို “ဗုဒ္ဓ၊ တထာဂတ၊ ဇိန၊ သတ္ထာရ”စသည်လို မျိုးပါ။
ဧကဂ္ဂတာနှင့် သမာဓိ-တရား ၂-ပါးသည် အတူတူပဲဆိုတာ မှတ်သားရပါမယ်။ မဂ္ဂင်-၈-ပါးထဲမှာ “သမ္မာသမာဓိ=ကောင်းစွာတည်ကြည်ခြင်းမဂ္ဂင်”ဆိုတာ ဒီ “ဧကဂ္ဂတာ”စေတသိက်တရားပဲ ဖြစ်ပါတယ်။ တရားရှုမှတ်တဲ့အခါမှာ ဒီ“ဧကဂ္ဂတာ=စိတ်တည်ငြိမ်ဖို့/ စိတ်ကို အာရုံတစ်ခုတည်းအပေါ်မှာ forcus point-ထားပြီး တည်ငြိမ်အောင်လုပ်ပါ”လို့ ၀ိပဿနာတရားပြဆရာများက ပြောဟောလေ့ရှိပါတယ်။ ယင်းတရားသည် ဤ“ဧကဂ္ဂတာ”စေတသိက်တရားကို ဆိုလိုတာပါ။
ဒီတရားကို ဘာဥပမာနှင့် နားလည်အောင် ပြောလေ့ရှိကြသလဲဆိုရင်… မိမိတို့တစ်တွေ “ပေါင်မုန့်လုပ်နည်း စသည့် မုန့်လုပ်နည်း သိကြမယ်ထင်ပါတယ်။ အဲဒီမှာ ဂျုံမှုန့်၊ သကြား၊ နို့မှုန့်စသည်များ စုပေါင်းကာ ရေကနေပြီး ဖရိုဖရဲ ဖြစ်မသွားအောင်၊ လုံးခဲနေအောင် ပေါင်းစုထားသကဲ့သို့ ဒီ “ဧကဂ္ဂတာ=အာရုံ၌တည်ကြည်၊ ပေါင်းစုခြင်း”ဆိုတာ စိတ်တည်ငြိမ်ဖို့ တကွဖြစ်ဖက်တရားများကို ပေါင်းစုပေးထားခြင်း သဘောမျိုးကို ဆိုလိုတာပါ။
နောက်တခုက ဥပမာနှင့် မှတ်သားမယ်ဆိုရင်… ကုမ္ပဏီတစ်ခုမှာ ဥက္ကဋ္ဌ (သို့) ဒါရိုတ်တာကနေ အပေါင်းပါများကို စည်းစည်းလုံးလုံးဖြစ်ဖို့ စည်းကြပ်သလို… ဤ “ဧကဂ္ဂတာ”ရဲ့ သဘောဆိုတာကလည်း အဲဒီလိုမျိုး… တကွဖြစ်ဖက် တရားတွေကို စုစည်းကာ မိမိစိတ်လေး ပိပိငြိမ်ငြိမ် ဖြစ်စေခြင်း သဘောပါ။ လုံးထားတဲ့ မုန့်မှုန့်များ ပြန့်ကျဲသွားရင် ပြန်လည် စုစည်းဖို့ ခက်သလို၊ စည်းစည်းလုံးလုံး စည်းကြပ်ထားတဲ့ ကုမ္ပဏီအဖွဲ့အစည်းလေး ပြိုကွဲသွားရင် ဖရိုဖရဲဖြစ်ကာ ကုမ္ပဏီယိုင်လဲ ပြိုကွဲရသလို… ဒီ “ဧကဂ္ဂတာ=အာရုံမှာ စုစည်းမှု၊ တည်ကြည်မှုလေး” မရှိရင်လည်း မိမိတို့စိတ်ဟာ ဖရမ်းဗတာ ဖြစ်နေပြီး… အရူးတစ်ပိုင်းလို ဖြစ်နေမှာပါ။ ဒီတရားရဲ့ ဆန့်ကျင်ဘက် “ဥဒ္ဓစ္စ=ပျံ့လွင့်မှု” ဖြစ်သွားမှာပါ။ တရားရှုမှတ်တဲ့အခါမှာဆို ပိုသိသာပါမယ်။ ဒါက “ဧကဂ္ဂတာစေတသိက်တရား” ရဲ့ သဘောအဓိပ္ပါယ် ဖြစ်ပါတယ်။
နောက်တစ်ပါးက…. ဇီဝိတိန္ဒြိယ=စောင့်ထိန်းခြင်းသဘောတရား။ (ဇီဝိတိနြေ္ဒ-လို့လည်း ခေါ်ပါတယ်။)
မိမိတို့တစ်တွေ ပြောပြောနေတဲ့ “အသက်”ဆိုတာ ဒီတရားပါပဲ။ အသက် (ဇီဝိတ=ဆိုတာ နာမ်သက်+ ရုပ်သက် -၂-မျိုးရှိပါတယ်)။ ဒီတရားက နာမ်တရားတွေရဲ့ စောင့်ရှောက်မှု အသက်=ဇီဝိတ ဖြစ်ပါတယ်။ ဇီဝိတ+ဣန္ဒြိယ-ဆိုတဲ့ ပါဠိ-၂-ပုဒ်က လာတာ ဖြစ်ပါတယ်။ ဇီဝိတ=ဆိုတာ “အသက်”၊ ဣန္ဒြိယ-ဆိုတာ ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့ နာမ်တရားများကို အသက်ရှင် လည်ပတ်နေအောင် “အစိုးတရ”ဦးစီးပြီး စောင့်ရှောက်ခြင်း သဘော။ နှစ်ခုပေါင်းလောက်တော့ “အသက်တည်တံ့နေအောင် အစိုးတရစောင့်ရှောက်ခြင်းသဘော”။
မိမိတို့ခန္ဓာကိုယ်မှာ ဤဇီဝိတိနြေ္ဒစေတသိက်တရား၏ စောင့်ရှောက်ထားပုံကို အဋ္ဌကထားဆရားများ ပြောထားတဲ့ ဥပမာက…. ရေကန်နှင့်ကြာပင်ပမာဖြစ်ပါတယ်။ အသက်ရှင်စိမ်းလန်းနေသော ရေမှာပေါက်နေသော ကြာပင်များကို ကြာပင်လေး ရှိနေသေးသရွေ့ စိမ်းလန်းအောင် ရေက စောင့်ရှောက်ထားပါတယ်။ ကြာပင်က အကြောင်းတခုခုကြောင့် သေသွားတဲ့အခါမှာတော့ ရေရဲ့ စောင့်ရှောက်မှု တာဝန်က ပြီးဆုံးသွားပါတယ်။ ဆိုလိုတာက ဒီ “ဇီဝိတိနြေ္ဒတရားက အသက်တည်တံအောင် အစိုးတရနဲ့ စောင့်ရှောက်တယ်”ဆိုတာ မိမိတို့သန္တာန်မှာ နာမ်တရား+ရုပ်တရားများ ဟန်ချက်ညီညီ အလုပ်လုပ်နေတဲ့အခါ သူကနေ.. ဆက်လက်တည်တံ့နေအောင် စောင့်ရှောက်ပေးတယ်။ အကြောင်းတခုခုကြောင့် ဟန်ချက် ညီညီ နာမ်တရား+ရုပ်တရားများ အလုပ် မလုပ်နိုင်တဲ့အခါမှာတော့ သူလည်း မစောင့်ရှောက်နိုင်တော့ပါဘူး။ အရှိတရားကိုပဲ စောင့်ရှောက်ပေးခြင်း သဘောပါ။
ဒီတရားကို ကလေးထိန်း ဥပမာနှင့်လည်း ပြောလေ့ရှိကြပါတယ်။ ကလေးထိန်းသည် မိမိကြောင့် ဖြစ်လာတာ မဟုတ် သူတစ်ပါး ကလေးများကို စောင့်ရှောက်သကဲ့သို့…. ဒီတရားကလည်း အာရုံ+ကံစတဲ့ အကြောင်းတရားများကြောင့် ဖြစ်ပေါ်လာတဲ့ နာမ်တရားများကိုသာ တည်တံ့အောင် စောင့်ရှောက်နိုင်ခြင်း သဘောပါ။
ဒီနေရာမှာ မှတ်သားစရာလေးတခုက “ဇီဝိတိနြေ္ဒသည် ဆိုင်ရာ နာမ်တရား”တို့ကို အစိုးတရတည်တံ့အောင် စောင့်ရှောက်တယ်။ “သူကိုယ်တိုင်းကျတော့ ဘယ်တရားက စောင့်ရှောက်ပေးသလဲ”ဆိုရင် လှေသူကြီးသည် ခရီးသည်များကို ဟိုဘက်ကမ်းသို့ ဘေးကင်းစွာ ရောက်အောင် စောင့်ရှောက် ပို့ပေးရင်းက မိမိလည်း ဟိုမှာဘက်ကမ်းကို ရောက်သကဲ့သို့ ဤတရားကလည်း ဆိုင်ရာ နာမ်တရားများကို စောင့်ရှောက်ရင်း မိမိကိုယ်တိုင်လည်း စောင့်ရှောက်ပြီးသား ဖြစ်တယ်ဆိုတာ မှတ်သားရပါမယ်။ ဒါက အသက်လို့ခေါ်တဲ့… ဇီဝိတိနြေ္ဒစေတသိက်တရား၏ သဘောအဓိပ္ပါယ်ဖြစ်ပါတယ်။
ပထမ-၇-ပါးအုပ်စုထဲက နောက်ဆုံးတပါးက လူပတ်ဝန်ကျင် လူတွေကြားမှာ အသုံးများနေတဲ့၊ ရေပန်းစားနေတဲ့ တရားတစ်ပါးပါပဲ။ “မနသိကာရစေတသိက်=နှလုံးသွင်းခြင်းသဘော”။
ဒီတရားကို အကောင်း/အဆိုးအနေနှင့် သုံးတာက… ကောင်းတဲ့ဘက်မှာ “ယောနိသောမနသိကာရ= သင့်တင့်လျောက်ပတ်သောအားဖြင့် နှလုံးသွင်းဆင်ခြင်ခြင်း”၊ “အယောနိသောမနသိကာရ=မမှန်မကန် မသင့်လျော်သောအားဖြင့် နှလုံးသွင်းဆင်ခြင်ခြင်း”တို့ပဲ ဖြစ်ပါတယ်။
ဒီတရားရဲ့ သဘောအဓိပ္ပါယ်ကို လွယ်လွယ်လေး မှတ်သားမယ်ဆိုရင် မိမိစိတ်လေး အာရုံအပေါ်တည့်မက်မှု ဖြစ်အောင် ပြုလုပ်ပေးခြင်း သဘောဖြစ်ပါတယ်။
ဥပမာ=မြင်စိတ်တခုဖြစ်ဖို့ဆိုရင်… အကြောင်း-၄-ချက်ရှိပါတယ်..
၁။ မိမိရဲ့ မြက်စိ အကြည်ရုပ်လေးကလည်း ကောင်းရမယ်
၂။ အဆင်းအာရုံလည်း ရှိရမယ်
၃။ အလင်းအရောင်လည်း ရှိရမယ်
၎။ အဆင်းအာရုံတခုအပေါ်မှာ ဖြောင့်မတ်အောင် နှလုံးသွင်း ဆင်ခြင်မှု (မနသိကာရ)လည်း ရှိရမယ်။ ဒီအကြောင်း-၄-ပါးစုံမှ ငါမြင်လိုက်တာက အဖြူပဲ၊ မောင်နီ၊ မောင်ဝါ-စသည်ဖြင့် ဆုံးဖြတ်လို့ရပါတယ်။ ဒီအကြောင်း-၄-ချက်ထဲက တစ်ချက်ချက် ချို့ယွင်းနေရင်… မြင်စိတ်ဖြစ် မလာနိုင်ပါဘူး။ ဥပမာ= မိမိမြက်စိ အကြည်ရုပ်က ကန်းနေမယ်ဆိုရင် မြင်စိတ် မဖြစ်လာနိုင်ပါဘူး။ အဖြူ၊ အ၀ါစတဲ့ အဆင်းမရှိခဲ့လျှင်လည်း မြက်စိတ် မဖြစ်နိုင်ပါဘူး။ အလင်းရောင်ချို့တဲ့နေရင်လည်း မြင်စိတ် မဖြစ်နိုင်ပါဘူး။ နောက်ဆုံး အထက်ပါ အကြောင်း -၃-ချက် ဘယ်လောက်ပင် ပြည့်စုံနေပါစေ…. ၄င်းမြင်မှုတစ်ခုအပေါ်မှာ နှလုံးသွင်းဆင်ခြင်မှု မရှိဘူးဆိုလျှင်… အဖြူ၊ အနီ၊ သူဟာ မောင်နီ၊ မောင်ဖြူပဲဆိုတဲ့ ပြောဆိုနိုင်တဲ့ အမြင်မျိုး မဖြစ်နိုင်ပါဘူး။
ဒီတရားကို နားလည်လွယ်အောင် ဘာဥပမာနှင့် ပြောပြလေ့ရှိကြသလဲဆိုရင်… ရှေးအခါက အာဇာနည်မြင်းများကို လိုရာစခန်းသို့ တန်းတန်းမတ်မတ် သွားစေတတ်တဲ့/ မောင်းနှင်တတ်တဲ့ ရထားထိန်း ဥပမာနှင့် ပြောလေ့ရှိကြပါတယ်။ ယနေ့ခေတ်မှာတော့… ကားမောင်းသမားတစ်ယောက် လိုရာဂိတ်ရောက်အောင် ကားကို ဖြောင့်တန်းစွာ မောင်းစေခြင်းနှင့် တူပါတယ်။ မနသိကာရ=နှလုံးသွင်းဆင်ခြင်ခြင်းဆိုတာကလည်း အာရုံတစ်ခုတည်းအပေါ်မှာ ဖြောင့်မတ်စွာ တည်တံအောင် လုပ်ဆောင်ခြင်းပါပဲ။ ဤမနသိကာရ=နှလုံးသွင်းဆင်ခြင်မှု တရားသည် ယင်းကဲ့သို့ လုပ်ဆောင်ပေးပါတယ်။
ယောနိသော မနသိကာရ+အယောနိသော မနသိကာရ-အလိုကတော့ အရာရာအပေါ်မှာ မှန်ကန်စွာ နှလုံးသွင်းဆင်ခြင်မှု ထားတတ်မယ်ဆိုရင်… ကောင်းသည့်အာရုံအပေါ်ဖြစ်စေ၊ မကောင်းသည့် အာရုံအပေါ်ဖြစ်စေ ထိုသူ့အတွက် ယောနိသောမနသိကာရ=သင့်တင့်မှန်ကန်သောနှလုံးသွင်းဆင်ခြင်မှု ဖြစ်နေမှာပါ။
အရာရာအပေါ်မှာ အပြစ်မြင်တတ်တဲ့သူ အနေနဲ့ကတော့… ကောင်တဲ့ အာရုံဖြစ်စေ၊ မကောင်းတဲ့ အာရုံပဲ ဖြစ်စေ သူ့အတွက် အယောနိသောမနသိကာရ=မှားယွင်းတဲ့ နှလုံးသွင်းဆင်ခြင်မှုသာ ဖြစ်စေပြီး အကုသိုလ်ပဲ တိုးပွားနေမှာ ဖြစ်ပါတယ်။
မိမိတို့တစ်တွေ ပြောနေကြတဲ့ “စိတ်ကောင်းလေး ထား” “သူတစ်ပါး အပေါ် အပြစ်မမြင်နဲ့” စသည်ဆိုတာ ဒီနှလုံးသွင်းဆင်ခြင်မှု မှန်စေဖို့ ရည်ရွယ် ပြောခြင်း ဖြစ်ပါတယ်။ ဒါကတော့ လူ့ပတ်ဝန်းကျင်မှာ အသုံးများနေတဲ့ “ယောနိသောမနသိကာရ” အကြောင်းပဲ ဖြစ်ပါတယ်။
ကိုင်းဒီနေ့… စေတသိက် အုပ်စုမှာ ပထမအုပ်စုဖြစ်တဲ့ “သဗ္ဗစိတ္တသာဓာရဏ=စိတ်အားလုံးနှင့် ယှဉ်တွဲကာ ဖြစ်တဲ့”စေတသိက် -၇-ပါးအကြောင်း ဒီမှာတင် ပြီးပါပြီ။ ဒီတရား -၇-ပါးသည် မိမိတို့သန္တာန်မှာ ကောင်းတဲ့ ကုသိုလ်စိတ်ပဲ ဖြစ်ဖြစ်၊ မကောင်းတဲ့ အကုသိုလ်စိတ်ပဲ ဖြစ်ဖြစ်…. စိတ်ပိုင်းတုန်းက ပြခဲ့တဲ့ စိတ် အားလုံးနှင့် ယှဉ်တွဲပြီး ဖြစ်တတ်လို့ “သဗ္ဗစိတ္တသာဓရဏ”စေတသိက်လို့ ခေါ်တာပါ။
(သဗ္ဗ+စိတ္တ+သာဓာရဏ) (သဗ္ဗ=က အားလုံး။ စိတ္တ=က စိတ်။ သာဓာရဏ=က ဆက်ဆံပြီး ဖြစ်တတ်တာ။) “အားလုံးသော စိတ်များနှင့် ယှဉ်တွဲကာ ဆက်ဆံ ဖြစ်တတ်တယ်”လို့ ဆိုလိုတာပါ။ ဟုတ်/ မဟုတ် စာသိအနေနဲ့ မိမိတို့ ဆင်ခြင် ကြည့်မယ်ဆိုရင် ထင်ထင်ရှားရှား မဟုတ်ရင်တောင် ရေးရေးတော့ သိနိုင်မယ်လို့ ထင်ပါတယ်။ ဒီနေ့ ဒီမျှသာ…..

0 comments:
Post a Comment