* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, January 11, 2010

အဘိဓမ္မာ အပိုင်း ၂၊ အခန်း ၇ (မောဟနှင့် ၀ိပဿနာ)

ဒီနေ့တင်ပြရမည့် အစဉ်ရောက်လာတဲ့ အဘိဓမ္မာစေတသိက် အုပ်စုက “အကုသိုလ် စေတသိက် အုပ်စု” ဖြစ်ပါတယ်။ အပေါ်မှာ ပြခဲ့တဲ့ အုပ်စု အစဉ်အတိုင်း ပြသွားပါမယ်။
အကုသိုလ်စေတသိက် အုပ်စုက (၁၄)ပါး ရှိပါတယ်။ စိတ်ပိုင်းမှာ ပြခဲ့တဲ့ အကုသိုလ်စိတ်(၁၂)ပါးကို အရောင်ဆိုးပေးတာသည် ဒီအကုသိုလ် စေတသိက် (၁၄)ပါးပဲ ဖြစ်ပါတယ်။ ဥပမာ= မောဟ=မသိမှုကို အဓိကထားပြီး ယှဉ်တွဲ ဖြစ်လာတဲ့ စိတ်ကို “မောဟမူစိတ်”၊ လောဘ=တပ်မက်မှုကို အဓိကထားကာ ယှဉ်တွဲ ဖြစ်လာတဲ့ စိတ်ကို “လောဘမူစိတ်”။ ဒေါသကို အဓိကမူတည်ထားလျှက် ယှဉ်တွဲ ဖြစ်လာတဲ့ စိတ်ကို “ဒေါသမူစိတ်”။
မိမိတို့ ပတ်ဝန်းကျင်မှာ “မောင်ဖြူ ဦးစီးတဲ့ အုပ်စုကို မောင်ဖြူရဲ့ အုပ်စု”။ “အစိမ်းရောင်များတဲ့ အရာဝတ္ထုတစ်ခုကို အစိမ်း အုပ်စု”စသည်လိုမျိုး ခေါ်ဝေါ်ကြသလိုပါပဲ။ ဒါက ဦးစီးဖြစ်တဲ့ ဒီစေတသိက် (အရောင်ဆိုးတတ်တဲ့) တရားများကို အစွဲပြ၍ စိတ်အမည်များ တပ်ခေါ်ပုံ သဘောကို ပြောပြတာပါ။
ဒီတော့ အကုသိုလ်စေတသိက် အုပ်စုရဲ့ ပထမဆုံးက “မောဟ=မြင်မှု၊ ကြားမှုစတဲ့ အာရုံသဘောတရားများကို အမှန်မမြင်အောင်၊ မသိအောင် ဖုံးကွယ်ခြင်း သဘော”။ ဖုံးကွယ်တယ်ဆိုတာ တကယ် မိမိတို့သန္တာန်မှာ ဖြစ်နေတဲ့ တရားမှန်သမျှအပေါ်မှာ “ဖြစ်နေ/ ပျက်နေ”တဲ့ သဘောအမှန်ကို မသိခြင်း။ ငါဒီအချိန်မှာ တရားနှလုံးသွင်းဖို့, အားထုတ်ဖို့ အချိန်မဟုတ်ပါဘူး၊ ငယ်သေးတာပဲ စသည်စသည်အားဖြင့် မိမိအရွယ်ကို ငယ်သေးတယ်၊ နေရအုန်းမယ်... ကြီးမှ တရားအလုပ် လုပ်မယ်စသည်ဖြင့် တဖြေးဖြေး အိုနေ၊ နာနေတဲ့ တကယ့် ရုပ်+နာမ်တရားအမှန်ကို မသိအောင် ဖုံးကွယ်ထားတာ၊ မသိအောင်၊ မိမိကိုယ်ကို မိမိလိမ်နေတဲ့ သဘောသည် ဒီ “မောဟ”တရား သဘောပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ တရားလုပ်ငန်းခွင်မှာ အများပြောသုံးနေကြတဲ့ “၀ိပဿနာ”နှင့် ပတ်သက်၍ နဲနဲလေး ပြောပြပါမယ်။ လူတော်တော်များများထင်နေကြတာက... “၀ိပဿနာဆိုတာ၊ သတိပဋ္ဌာန်တရားဆိုတာ” အသက်ကြီးမှ၊ ရိပ်သာသွားလုပ်မှ ရတယ်ထင်နေကြတာ များပါတယ်။ တချို့ကလည်း “၀ိပဿနာ”ဆိုတဲ့ စကားလုံးကြီးကို လန့်နေကြပါတယ်။ တကယ်“၀ိပဿနာဌာနသည်၊ သတိပဋ္ဌာန် အလုပ်လုပ်ရာ ဌာန”သည် မိမိခန္ဓာကိုယ်မှာပဲ ဖြစ်ပါတယ်။ ဒါဆို ဘာဖြစ်လို့ တရားရိပ်သာတွေကို သွားအားထုတ်နေကြသလဲဆိုတော့... ရိပ်သာသွား တရားအားထုတ်တာသည် “တရားအားထုတ်နည်း “နည်းစနစ်” သွားသင်တာပါ”။ တရားအားထုတ်နည်း “နည်းစနစ်”သိပြီး ဆိုရင် မိမိခန္ဓာကိုယ် တရားဌာနကြီးမှာပဲ လုပ်ရမှာ၊ အားထုတ်ရမှာပဲ ဖြစ်ပါတယ်။ “၀ိပဿနာ=ဆိုတာ အထူးအခြား မြင်အောင်လုပ်ခြင်း၊ ရှုမှတ်ခြင်း”လို့ ဆိုလိုပါတယ်။ မိမိတို့တစ်တွေ နေ့စဉ်ဘ၀မှာ သွားလာ လှုပ်ရှားနေတဲ့ အလုပ်ထဲမှာ “သတိထားကာ အသိပညာလေးနဲ့” နေပေးခြင်းသည် ၀ိပဿနာ (အထူးအခြား သိအောင်လုပ်နေခြင်း) တရားအလုပ် လုပ်နေတာပါ။ “သတိပဋ္ဌာန်ဆိုတာက “သတိ” အဓိကထားပြီး နေခြင်း”လို့ အဓိပ္ပါယ်ရပါတယ်။ သတိအဓိကထားရမည့် နေရာကလည်း တောထဲ၊ ရိပ်သာထဲ မဟုတ်ပါဘူး။ မိမိခန္ဓာကိုယ်မှာပါပဲ။ ဒါဆိုဘာဖြစ်လို့ တောထဲ၊ ရိပ်သာထဲ သွားကြသလဲဆိုတော့... ကိုယ့်စိတ်ကို မထိန်းချုပ်နိုင်တဲ့သူတွေ... စိတ်အလွန်ပျံ့လွင့်နေတဲ့ သူတွေအတွက် ဆိတ်ငြိမ်ရာ အရပ်သည် သင့်လျော်တဲ့ နေရာဖြစ်လို့ ယင်းဌာနများသို့ သွားရောက် အားထုတ်ကြတာပါ။ မိမိစိတ် ထိန်းနိုင်တယ် ဆိုရင် နေရာတိုင်းသည် တရားအားထုတ်ရာ ဌာနဖြစ်ပါတယ်။ ဘုရားရှင်လက်ထက်က ထမင်းချက်ရင်း၊ ခြေဆေးရင်း၊ လမ်းလျောက်ရင်း တရားထူးရတယ်ဆိုတာ ဒီသဘောတွေပဲ ဖြစ်ပါတယ်။ လွှဲချစရာတစ်ခုရှိတာက “တပည့်တော်တို့က ပါရမီမပြည့်သေးလို့ မဖြစ်နိုင်လောက်သေးဘူး”ဆိုတဲ့ အချက်ပါပဲ။ ပါရမီပြည့် မပြည့်... ဉာဏ်စဉ် ရင့်ကျက် မရင့်ကျက်ဆိုတာကလည်း ကိုယ်တိုင် လုပ်ကြည့်မှ သိတဲ့ အရာပါ။ ပါရမီပြည့် မပြည့်ဆိုတာသည် တခြား ဘာပေတံနဲ့မှ တိုင်းတာလို့ မရပါဘူး။ ပျင်းတဲ့ ပေးတံနဲ့တော့ “ပါရမီ မရင့်ကျက်သေးဘူး”လို့ တိုင်းတာလို့ ရမယ်ထင်တယ်။
ပြောပြချင်တာက “၀ိပဿနာအလုပ်၊ သတိပဋ္ဌာန်အလုပ်”သည် တောထဲ၊ ရိပ်သာထဲ မဟုတ်ပဲ မိမိခန္ဓာကိုယ်ကမှ တကယ့် တရားအလုပ် လုပ်ရာ ကမ္မဋ္ဌာန်းရိပ်သာအစစ် “ကမ္မဋ္ဌာန်ဌာနကြီး” ဖြစ်တယ်ဆိုတာ ပြောပြချင်တာပါ။ နေ့စဉ်လုပ်နေတဲ့ အလုပ်တွေထဲမှာ ကိုယ်တတ်နိုင်သလောက် “သတိ၊ အသိဉာဏ်”ထည့်ပေးပါ။ အဲဒါ “၀ိပဿနာ၊ သတိပဋ္ဌာန်” လုပ်နေတာပါပဲ။ တရားထူး ရတာ၊ မရတာနောက်ထား “မိမိစိတ် ငြိမ်းချမ်းမယ်၊ မိမိအလုပ်စဉ် အဆင်ပြေမယ်၊ အစဉ်ချောမွေ့မယ်၊ မေ့ကျန်ခြင်းမှလည်း ကင်းဝေးမယ်... စတဲ့ အကျိုးတွေကတော့ လက်တွေ့ရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ မိမိအလုပ်စဉ်ထဲမှာ “သတိရှိနေတယ်၊ အသိဉာဏ်လေး” ထည့်ထားတယ်၊ ဒီအကြောင်းကြောင့်ပါ။ ပစ္စည်းမေ့ကျန်တယ်၊ အဆင်မပြေမှုတွေ ဖြစ်တယ်ဆိုတာ... သတိလက်လွတ် ဖြစ်ပြီး, အသိဉာဏ်က မလိုက်လို့ ဖြစ်ကြတာပါ။
အလေ့အကျင့်လေး ဖြစ်အောင်သာ (၁)လလောက် လုပ်ကြည့်လိုက်ပါ၊ နောက်နေ့တွေမှာ သူ့အလိုလို “သတိ၊ အသိဉာဏ်”လေးက အလုပ် လုပ်နေပါလိမ့်မယ်။
လပြည့်ဝန်းလေးကိုယ်တိုင် မနက်အိပ်ရာထထချင်း နှာသီးဝမှာ ထွက်လေ၊ ၀င်လေ ရှုပြီးသား ဖြစ်နေတတ်တဲ့ သဘော၊ နောက်မျက်နှာသစ်မယ်ဆိုရင် ရေကိုင်လိုက်တဲ့အခါ “ရေလေး အေးချမ်းသလို သတ္တ၀ါတွေ အေးချမ်းကြပါစေ”၊ တခါ ဘာအစား အစာမှ မစားခင် လပြည့်ဝန်းလေးက ရေတစ်ခွက်သောက်လေ့ရှိပါတယ်။ မနက်အိပ်ရာထ မျက်နှာသစ်ပြီး ရေသောက်မယ် လုပ်တိုင်း “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ”လို့ ရွတ်ပြီးသား ဖြစ်နေပါတယ်။ အလေ့အကျင့်သဘောကို ပြောပြတာပါ။ ဘယ်တရားထူးမှ အခုအချိန်အထိ မရသေးပါဘူး။ “အစကောင်း/ အခုကောင်း နောင်ကောင်းပါလိမ့်မယ်”ဆိုတဲ့ ကျေးဇူးတော်ရှင် ပထမလယ်တီဆရာတော်ဘုရားကြီး၏ ဆုံးမစကားအတိုင်း တစ်နေ့တာရဲ့ အစကောင်းခြင်းနှင့် စလျှင် တစ်နေ့တာ အလုပ်လည်း အဆင်ပြေပါလိမ့်မယ်။
ကိုင်း ဒီနေ့ ဒီမျှနဲ့ နားပါအုန်းမယ်။ နောက်နေ့များမှာ ကျန်ရှိနေသေးတဲ့ မိမိတို့ ခန္ဓာကိုယ်မှာ ဖြစ်နေသော တရားများကို ဆက်လက်တင်ပြပေးပါမယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP