* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, January 7, 2010

*ဒိ႒ိႀကိဳး*

ပိုင်းလော့ ဆရာတော်ဘုရား ဟောကြားတော်မူသော ဒိဋ္ဌိကြိုး တရားတော်မှ ကောက်နုတ် ဖော်ပြလိုက်ပါတယ် ဓမ္မမောင်နှမတို့..

************************

သံဝေဂကတော့ အားလုံးက ရှိပြီးသား.. သုံးဆယ့်တစ်ဘုံ သံသရာ ၀ဋ်ကြီးကို တကယ် မလိုချင်တာတော့ အမှန်ပါပဲ.. ခုနေ ဘုန်းကြီးမေးတာကို ဉာဏ်ထဲကပဲ စဉ်းစားပြီး ဖြေကြည့်ပါဦး.. ဗြဟ္မာကြီး ဖြစ်မယ်တဲ့.. ဗြဟ္မာကြီးက ဓါတ်ရိပ် ဓါတ်ခိုးကြီးက အကြီးကြီးနဲ့ အရောင်တောက် ဖြစ်နေပြီ. ကဲ.. ဗြဟ္မာဖြစ်တော့လည်း ဘာလုပ်မလဲ.. မေးကြနော်.. ဒီလိုပဲ ခံစားမှုတွေ ပေါ်နေမှာပဲ.. ကိုယ့်ကိုယ်ကို ပြန်သိနေမယ်.. အေးတာ၊ ပူတာ သိနေမယ်.. ဈာဉ်သမားဆိုတော့ ချမ်းသာတာ သိနေမယ်.. သိတော့ကော ဘာဖြစ်မှာလဲ မေးတော့.. ပျင်းစရာကြီးနော်.. သိတော့လည်းပဲ ဒီလိုနဲ့ပဲ ခံစားပြီးတော့ကာ အချိန် ကုန်နေရမှာပဲ.. ဘာမှလည်းပဲ ထူးထူးခြားခြား မရှိပါဘူး..

တစ်ခါ နတ်ကြီးတွေ ဖြစ်တော့ကော.. ဗိမာန်ကြီးတွေ၊ ရွှေတွေ၊ ငွေတွေနဲ့.. ပြီးတော့လည်း ဘာဖြစ်မှာလဲ၊ ဘာဆက် ခံစားမှာလဲ မေးတော့ မြင်တာ၊ ကြားတာ၊ နံတာ၊ စားတာ၊ ထိတာ.. ဒါတွေပဲလာပြီး လောင်နေမှာပဲ.. မျက်စိက မြင်ပြီး မနောပေါ်တယ်.. အဲဒီ အာရုံတွေကို ဆက်ပြီး ခံစားနေရ မှာပဲ.. ဘာမှ မဟုတ်တာပဲ.. နားကကြားလည်း အရိပ်ပေါ်၊ မနောပေါ် ခံစားနေရမယ်.. အနံ့နံလည်း အရိပ်ပေါ်၊ မနောပေါ် ခံစားနေရမယ်.. ရသာပေါ်၊ မနောပေါ်.. ကိုယ်မှာထိလည်း မနောပေါ်နဲ့.. ဒါပဲ တဖျတ်ဖျတ် လောင်ပြီးတော့ ဒါတွေပဲ အသစ်အဆန်း လုပ်ပြီး ခံစားနေတာပဲ.. တကယ်တွေးရင် ငြီးငွေ့စရာကြီး.. ဒါနဲ့ပဲ အလုပ်ရှုပ်နေတာနော်.. ပညတ်အားဖြင့်တော့ ပြောချင်တာ ပြောပေါ့.. ပရမတ္ထ သဘောတော့ အာရုံ ဒွါရတိုက်ပြီး လောင်တာပဲ ရှိတာပဲ.. ဒီလိုနဲ့ပဲ နှစ်ပေါင်းများစွာ နေရတဲ့ ဘ၀ကြီးတွေ.. နတ်ပြည်ဆိုတာ ပိုတောင်မှ ကြာကြာ အလောင်ခံရသေးတာ.. ဗြဟ္မကလည်းပဲ ကြာကြာ လောင်တာပါပဲ..

ကဲ.. လူဖြစ်ပြန်တော့ကော၊ သူဋ္ဌေး၊ သူကြွယ် ဖြစ်တော့ကော ဘာလုပ်မှာလဲ မေးတော့.. ပိုတောင် ဆိုးသေးတယ်.. ပစ္စည်းများ များသလို တွေးပေးရတာ ပင်ပန်းလိုက်တာမှ.. မျက်စိကမြင် မနောသွားလောင်.. နားမှာလောင် မနောလောင်၊ နှာခေါင်းမှာလောင် မနောလောင်၊ လျှာမှာလောင် မနောလောင်၊ ကိုယ်မှာလောင်လည်း မနောလောင်.. အရိပ်တွေ အကောင်လုပ်ပြီးတော့ ဆက်ပြီးတော့ သွားတော့ အပူဓါတ်ပဲ ထွက်မှာပဲ.. ပင်ပန်းလိုက်တာ ဒါနဲ့ပဲ အချိန်ကုန်နေ ကြမှာပဲ..

အပါယ် လေးဘုံသားဆို ပိုတောင် ဆိုးသေးတယ်.. အဲတော့ အ၀ိဇ္ဇာဓါတ်အောက်မှာ အမှန်မသိတော့ အကောင်လုပ်တယ်.. ခံစားမှု သဘောသက်သက် အရိပ်တွေကို အကောင် လုပ်ပြီးတော့ကာ အချိန် ကုန်နေတာပဲ ရှိပါတယ်.. ဘာမှ သုံးလို့ မရပါဘူး.. ဒါကြောင့် သုံးဆယ့် တစ်ဘုံ လိုချင်စရာဘ၀ မရှိတော့ဘူးလို့ မှတ်.. သိန်းပေါင်းများစွာ ချမ်းသာ စီးပွားတက်လာ.. ဘာလုပ်မလဲ မေးတော့ အိမ်ဆောက်ဖို့ အတွက် အားစိုက်ရဦးမယ်၊ တွေးရဦးမယ်၊ ပြင်ဖို့ ဆင်ဖို့ ထိန်းသိမ်းဖို့တွေ.. ထပ်ဆောက်ဖို့တွေ ချဲ့ထွင်ရင် ချဲ့ထွင်သလောက် နော်.. အမြင်များလာတယ်၊ အကြား များလာတယ်၊ အနံ့ အရသာ အတွေ့အထိတွေ များလေလေ လောင်လေလေ.. မနောလောင်.. ပြီးတော့ ပျောက်ကုန် တာပါပဲ.. အဲဒါကို အကောင်ထင် လိုက်တယ်.. တံလျှပ်ကို ရေအမှတ် လိုက်သလိုပဲ.. အဲဒီလိုနဲ့ပဲ သေရမှာပဲ.. ဘာမှ အနှစ်သာရ မရှိပါဘူး..

တစ်လောကလုံး နှစ်သက်စရာ လုံးဝမရှိ.. ပျော်စရာ မရှိပါဘူး.. အာရုံ ဒွါရမှာ မီးလောင်တာပဲ ရှိပါတယ်.. ခန္ဓာမီးလောင်တဲ့ သဘောပဲ မှတ်ကြပါ.. ခုလည်း ရှူနေဆဲ၊ ထုတ်နေဆဲမှာ အမူအယာ အားဖြင့် ရှူဆဲ အမူအယာ၊ ထုတ်ဆဲ အမူအယာမှာ လောင်တုန်းပါပဲ.. ရှူဆဲ၊ ထုတ်ဆဲ၊ ငြိမ်ဆဲမှာ မပြတ်လောင်ပြီးတော့ မနော တံခါးပွင့်အောင် လောင်နေတာ.. လောင်တော့ကာ မျက်နှာ အမူအယာ အရိပ်၊ ကိုယ်အမူအယာ အရိပ်၊ လက်အမူအယာ၊ ခြေ အမူအယာ အရိပ်က လည်းပဲ ကပ်ပါလာတာပဲ.. မနောတံခါး ပွင့်အောင် လောင်သောကြောင့်၊ မနောတံခါးပါ ပွင့်အောင် လောင်သောကြောင့် အမူအယာ အရိပ်ကလည်း ကပ်ပါနေတယ်..

တို့များသည် မသိခင်က၊ ဘုရားရဲ့ အဆုံးအမ မရခင်က မျက်နှာ အမူအယာ အရိပ်ကိုလည်း အကောင်ထင်တယ်၊ ငါလို့လည်း ထင်တယ်၊ လက်ခြေ ကိုယ်အမူအယာ အရိပ်ကိုလည်း အကောင်ထင်၊ ငါလို့ထင်ခဲ့တာ ပင်ပန်းလိုက်တာ.. အမြင်မှားဟာ ကိလေသာပဲ ခေါ်ပါတယ်၊ ပင်ပန်းခဲ့ပြီ.. သံသရာ အစက ခုချိန်ထိ ပင်ပန်းလိုက်တာ..

သတ္တ၀ါအားလုံးရဲ့ ဆင်းရဲတဲ့ အကြောင်းဟာ ဆိုရင် အမှန်အတိုင်း မသိတဲ့ အ၀ိဇ္ဇာဟာ အကြောင်းရင်းပဲ.. အမှန်မသိတာ အကြောင်းရင်း ပါပဲ.. အမှန်ကို သိရင်တော့ကာ ဆင်းရဲ ချုပ်ပါပြီ၊ ဆင်းရဲက လွတ်ပါပြီ လွတ်ပါပြီ.. ရှူဆဲ၊ ထုတ်ဆဲ အမူအယာဟာ တကယ်တော့ ခန္ဓာမီး လောင်တာ.. ရုပ်နာမ် ပေါင်း လောင်တာပါပဲ.. မျက်နှာ အမူအယာ၊ ကိုယ်အမူအယာ အရိပ်က ငါပါလို့ စကားပြော သလားလို့ နားထောင်ကြည့် တော့လည်း မဟုတ်ဘူး.. နဖူး.. ခံစားမှုနဲ့ ဖော်နော်.. တင်းပြီး တရိပ်ရိပ်နဲ့.. နဖူး တ၀ိုက်မှာလည်း လောင်နေတာ ပါပဲ.. အဲဒါ နောက်က နဖူး အရိပ်ကလေးက ဖော်နေတာ ကပ်ပြီးတော့ကာ.. ငါလို့ ၀န်ခံသလား၊ နဖူးလို့ စကားပြောသလား.. အေးအေး ဆေးဆေးပဲ စဉ်းစားပေးလို့ ရပါတယ်.. ပြီးရင် မျက်ခုံး၊ မျက်လုံး တစ်ဝိုက်ကို ခံစားကြည့်ပါဦး.. သင်္ခါရ ဆိုတာ ဆွဲစုပေးတာနော်.. ညွတ်တဲ့ နေရာမှာ ခန္ဓာပေါ်တာပဲ.. ဆွဲစုလိုက်ရင် စိတ်၊ စေတသိက် တွေက သွားပေါင်းခွင့်ရရင် ဒါ.. ခန္ဓာ ပေါ်တာပဲနော်.. ရှုတဲ့ နေရာမှာ ခန္ဓာ ပေါ်ပါတယ်.. အဲဒါကို အထည် ပညတ်အားဖြင့်လည်း အတုံးအခဲ အထည်လား.. ငါလို့ စကားပြောသလား၊ မျက်လုံး မျက်ခုံးလို့ ပြောသလား.. လို့ အေးအေး ဆေးဆေးပဲ စစ်ဆေးပါ.. ရှူဆဲကာလ၊ ထုတ်ဆဲကာလနဲ့ ယှဉ်ပြီးတော့ကာ..

နဖူးနဲ့ မျက်ခုံး၊ မျက်လုံး တစ်ဝိုက်ကို ပေါင်းလိုက်လည်း ရပါတယ်.. တိတ်ဆိတ် နေပါတယ်၊ စကား မပြောပါဘူး.. ကောင်းပြီ.. မျက်မှောင် နှစ်ခုကြား၊ နှာတံတစ်ဝိုက် ထပ် ခံစားကြည့်ပါဦး.. တင်းသလိုလို၊ လေးသလိုလိုနဲ့ ခံစားမှုနဲ့ အတူ ကပ်ပေါ်တဲ့ အမူအယာ အရိပ်က စကားလည်း မပြောပါဘူး.. ခံစားမှု ဆိုတာလည်း အကောင် အထည်မှ မဟုတ်ပဲ.. ရုပ်နာမ်ပေါင်း လောင်တဲ့ သဘောတရား.. အသစ် အသစ်သာ အစားထိုးပြီးတော့ အဟောင်း မရှိ၊ ချုပ်ငြိမ်းနေတာပဲ ရှိပါတယ်.. ငါလို့ လုံးဝ စကားမပြော ပါဘူး..

ပြီးရင် နှာတံ၊ နှာသီးဖျား တစ်ဝိုက် ခံစားကြည့်လိုက် ပါဦး.. ညွှတ်လိုက်လို့ ရှိရင်တော့ လေးလံပြီးတော့ ခပ်တင်းတင်းလေး ဖြစ်လာလိမ့်မယ်.. ပြီးရင် အရိပ် အမူအယာက လည်းပဲ ကပ်ပါလာပါ လိမ့်မယ်.. ပြီးရင် ပါးနှစ်ဘက်၊ ပါးပြင် နှစ်ဘက် နားရွက်ထိအောင် ခံစားကြည့်လိုက် ပါဦး.. ခင်ဗျား နားရွက်ပါ၊ ခင်ဗျား ခေါင်းပါ ကိုယ်ပါလို့ ပြောမလား.. ခင်ဗျားရဲ့ ပါးပါ၊ ခင်ဗျားရဲ့ နားရွက်ပါ၊ ငါပါလို့ ပြောမလား.. ထိုထို ခံစားမှုနဲ့ အရိပ်က စကား ပြောမလား.. ထက်ဝန်းကျင် တိတ်ဆိတ်နေပါတယ်.. စကားပြောတဲ့ အာရုံဆိုတာ မရှိပါဘူး..

ပြီးရင်ဖြင့် မေးတစ်ဝိုက်၊ နှုတ်ခမ်း တစ်ဝိုက် ခံစားကြည့်ပါဦး.. ငါ့နှုတ်ခမ်း၊ ငါ့မေး ဆိုတာ ဟုတ်ရဲ့လား၊ ဟုတ်တယ်လို့ ပြောရဲ့လား.. ငါလို့ ၀န်ခံသလား စစ်ဆေးပါ.. အကြည့် မခံပါဘူး.. ပညာအလင်းနဲ့ ကြည့်ရင် ပြိုကွဲပျောက်ကွယ်ပဲ ပြပါလိမ့်မယ်.. သတိထားကြည့်ပါ.. ရှေ့နှုတ်ခမ်းကို ဖော်ဆဲမှာ နှာခေါင်း မလာတော့ဘူးနော်.. နှာခေါင်း ဖော်ဆဲမှာ မျက်လုံး မပေါ်ဘူးနော်.. သတိထားကြည့်.. အသစ် အသစ်သာ အစားထိုးပြီးတော့ကာ ကုန်ဆုံး ကုန်ဆုံးသွားတာ..

ပြီးရင် လည်ပင်းတစ်ဝိုက်၊ ကုတ်(ဂုတ်) တစ်ဝိုက် ခံစားကြည့်ပါဦး.. စိတ်ကို ညွှတ်လိုက်ပါနော.. သင်္ခါရ ဆွဲစုပေးလိုက်ပါ.. ကာယ ပသာဒက ကျယ်ဝန်းတော့ကာ စိတ်၊ စေတသိက်တွေဟာ အပြည့် မကျက်စား နိုင်ပါဘူး.. ထင်ရှားရာမှာသာ သွားသွား ကျက်စားလို့မို့ ခန္ဓာပေါ်တာ သိတာပါ.. အဲတော့ စုပေးတဲ့ ပတ်ဝန်းကျင်မှာသာ သိခွင့်ရှိတယ်.. လည်ကုတ်တွေ၊ လည်ပင်း တစ်ဝိုက်တွေကို ခံစားကြည့်လိုက် ပါဦး၊ ညွှတ်လိုက်ပါဦး.. သင်္ခါရက ဆွဲစုပေးလိုက်ရင် လည်ကုတ် လည်ပင်းမှာ အေးသယောင်ယောင်၊ တင်းသယောင်ယောင်၊ လှုပ်သယောင်ယောင် လေးတွေ တွေ့လိမ့်မယ်.. ပြီးရင် ကာလမခြား၊ ကုတ် ပုံရိပ်တွေ၊ ပုခုံး ပုံရိပ်တွေ၊ လည်ပင်း ပုံရိပ်တွေ ပေါ်နေပါလိမ့်မယ်. ပေါ်နေပစေ.. ထိုသဘောတရားကို ဉာဏ်နဲ့ စစ်ဆေးတဲ့ အခါမှာ ငါလို့ ၀န်ခံသလား၊ အထည်ကော ဟုတ်သလားလို့ စစ်ဆေးလိုက်ပါ.. တိတ်ဆိတ်နေပါတယ်.. ဒါကို ဆိတ်သုဉ်းတယ်လို့လည်း ဘုရားက အမိန့်ရှိပါတယ်.. တိတ်ဆိတ်လို့.. ဉာဏ်နားနဲ့ ထောင်ကြည့်.. ၀စီပညတ် စကားလုံး ထွက်မလာပါဘူး.. လှုပ်နေတဲ့ ခံစားမှုကလည်း အသစ် အသစ်ပဲ ပြောင်းပြောင်း သွားတယ်၊ အဟောင်းက ချုပ်ငြိမ်းနေတာပဲ..

ပြီးရင် ရင်ဘတ်နဲ့ကျော.. ကဲ အသက်ရှူတိုင်း ထုတ်တိုင်းမှာ တင်းလာလိုက် လျော့သွားလိုက်နဲ့ ခံစားမှုတွေနဲ့ အတူ ပေါ်တဲ့ အမူအယာ အရိပ်ကိုပဲ ဉာဏ်နဲ့ မေးတော့မယ်.. စစ်ဆေးတော့မယ်.. အထည်ပညတ်အားဖြင့် စကား ပြောသလား၊ ငါလို့ ပြောသလား.. အတုံးအခဲ အထည်လားလို့ စစ်ဆေးပါ.. တိတ်ဆိတ် နေပါတယ်၊ တကယ့်ကို တံလျှပ်လိုပါပဲ.. အသစ်အသစ်ပဲ အစားထိုးရင်းနဲ့ ပြီးဆုံးသွားတာ..

ပြီးရင် ညာဘက် လက်မောင်း၊ ညာဘက် တံတောင်ဆစ်၊ ညာဘက်လက်ဖျံ၊ ညာဘက် လက်ဖ၀ါး၊ နောက် ညာဘက် လက်မလေး၊ ညာဘက် လက်ညှိုး၊ ညာဘက် လက်ခလယ် ခံစားနော်၊ ခံစားကြည့်ရမှာ.. ညာဘက် လက်သူကြွယ် ညွှတ်လိုက်မှာနော်. အေးတာ ပူတာ တင်းတာ ခံစားမှု ပေါ်တာနော်.. ညာဘက် လက်သူကြွယ်၊ ညာဘက် လက်သန်း ခံစားတော့မှ အော်.. တင်းသလိုလို၊ ရွရွ လှုပ်နေသလိုလို ခံစားမှုက ပေါ်လာတာကိုး.. ခံစားမှုနဲ့အတူ လက်ဖ၀ါးလေးတွေ၊ အရိပ်လေးတွေ၊ လက်မောင်း အရိပ်လေးတွေက ကပ်ပါလာတာပဲ.. အဲဒါကိုပဲ ဉာဏ်နဲ့ စစ်ဆေးပြီးတော့ကာ အဖြေ ထုတ်တဲ့ အခါမှာတော့ ငါလို့ စကားပြောသလား.. ငါ့လက်လို့ ၀န်ခံသလား.. အထည် ဟုတ်ရဲ့လားလို့.. ကြည့်လိုက်တော့ ရှူဆဲ၊ ထုတ်ဆဲ အမူအယာနဲ့ အတူပါပဲ၊ အချိန်နဲ့ အတူပါပဲ.. အသစ် အသစ်ပဲ အစားထိုးသွားတယ်၊ အစားထိုး ချုပ်ငြိမ်းတာပဲ ရှိတယ်၊ တိတ်ဆိတ်နေပါတယ်..


လေးစားစွာဖြင့်
ဖိုးသား

07.01.2010, THU:, 04:45:39 AM



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP