* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, December 31, 2009

ပါမောက္ခချုပ်ဆရာတော်ကြီးနဲ့ Lotus ညီအကိုမောင်နှမများ




အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ တက္ကသိုလ်ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ စင်္ကာပူနိုင်ငံကို ကြွရောက်လာပါတယ်၊ စင်္ကာပူနိုင်ငံမှာရှိတဲ့ တရုတ်မိသားစုတွေကို အဘိဓမ္မာ ပို့ချပေးဖို့ ကြွလာတာပါ၊ ဆရာတော် ရောက်လာတဲ့ သတင်းကြားတာနဲ့ ဆရာတော့်ခြေတော်ရင်းကို ရောက်ဖြစ်ခဲ့တယ်၊ Lotus Foundation အဖွဲ့တွေနဲ့ အတူပေါ့၊

Lotus Foundation ၊Dhamma Download အဖွဲ့တွေ ဦးဆောင်ပြီး အဝေးရောက် ရွှေမြန်မာများ အဘိဓမ္မာလေ့လာနိုင်ဖို့ Abhidhamma Foundation ကို တည်ထောင်ကြမှာပါ၊ မြန်မာပြည်က အဘိဓမ္မာပို့ချ သင်ကြားပေးနေတဲ့ ဆရာတော်များ လူဆရာများရဲ့ ပို့ချချက် အသံဖိုင် ရုပ်ဖိုင် စာဖိုင်တွေကို စုစည်းပြီး အွန်လိုင်းမှာ တင်ပေးသွားမှာဖြစ်ပါတယ်၊ ဒီကိစ္စတွေအတွက် ဆရာတော်ဦးနန္ဒမာလာဆီ ရောက်လာခဲ့တယ်၊ ဆရာတော်ရဲ့ ဩ၀ါဒ ဆရာတော်ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အကြံအဥာဏ်ကို ရယူကြခြင်းလဲ ဖြစ်ပါတယ်၊

အဘိဓမ္မာပို့ချချက်တွေကို အင်္ဂလိပ်လိုရော မြန်မာလိုပါ အွန်လိုင်းမှာ စုစည်းတင်ပြပေးတော့မှာမို့ အဘိဓမ္မာစိတ်ဝင်စားသူများအတွက် ၀မ်းမြောက်ဖွယ်သတင်းတစ်ခုပါ။
နည်းပညာရှင်များရဲ့ အကြံအဥာဏ်ကို ရယူပြီး နောက်ထပ် အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေတာက Online Library သို့မဟုတ် Online University လုပ်ဖို့ပါ၊

ပထမခြေလှမ်းအနေနဲ့ အဝေးရောက် စာသင်သားတွေအတွက် ကျမ်းကိုးစာအုပ်တွေလိုအပ်လာရင် လွယ်ကူစွာကြည့်နိုင်ဖို့ Online library မှာ စုစည်းသွားမှာပါ၊ ကမ္ဘာ့တက္ကသိုလ်အသီးသီးက Buddhist studies နဲ့ပတ်သက်တဲ့ ပို့ချချက်တွေကိုလဲ အတတ်နိုင်ဆုံး ရှာဖွေစုဆောင်းကာ Online Library မှာ စုစည်းတင်ပြနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

အဲဒီအကြောင်းလေးတွေကိုလဲ ဆရာတော့်ကိုလျှောက်ထားတင်ပြ ဖြစ်တယ်၊ ဆရာတော်က လိုအပ်တဲ့ အကူအညီတွေ အကြံအဥာဏ်တွေချီးမြှင့်ခဲ့တယ်၊ တဆက်တည်းမှာပဲ ဆရာတော်အမိန့်ရှိတာက ပြည်တွင်းမှာ အဘိဓမ္မာလေ့လာလိုက်စားသူတွေအတွက် လိုအပ်နေတဲ့ ဋီကာကျော်မြန်မာပြန်ကို ဒီနှစ်ဝါတွင်းသုံးလမှာ အပြီးရေးမယ်လို့ အမိန့်ရှိသွားပါတယ်၊ ဋီကာကျော်မြန်မာပြန်က ရှိတော့ရှိပြီးသားပါ၊

မြန်မာလိုရေးထားတာကို မြန်မာတွေ သဘောမပေါက်နိုင်ဖြစ်နေလို့ ဒီလိုထပ်ရေးတာပါလို့ မိန့်ပါတယ်။မြန်မာပြည်ရဲ့ လိုအပ်ချက်ကွက်လပ်တစ်ခုကို ဖြည့်စည်းပေးမှာမို့ တကယ့်ကို ကြည်နူးဝမ်းသာဖြစ်ရပါတယ်၊

မြန်မာပြည်မှာ တနှစ်ကို မြွေကိုက်လို့ သေဆုံးရတာ လေးထောင်ကျော် ငါးထောင်ကျော်ရှိပါတယ်၊ ကျန်းမာရေးဝန်ကြီးဋ္ဌာနရဲ့ထုတ်ပြန်ချက်အရပါ၊ ဘာကြောင့် မြွေကိုက်ပြီး သေဆုံးရတဲ့နှုန်း မြှင့်တက်လာရသလဲဆိုတော့ မြွေဆိပ်ဖြေဆေး လုံလုံလောက်လောက် မပေးနိုင်တော့လို့ပါပဲ၊(အမှန်ဆိုရင်တော့ လုံးဝကို မပေးနိုင်တော့တာပါ)၊ မြွေဆိပ်ဖြေဆေး တစ်လုံးကို မြန်မာငွေ ခြောက်သောင်းခွဲ ရှိပါတယ်၊ မြွေကိုက်တဲ့လူနာကို ဆေးခြောက်လုံးလောက်ထိုးပေးမှ ဒီလူနာအသက်ရှင်ပါတယ်၊(သတိပြုရန်။ ။ ပြည်တွင်းမှာတော့ မြွေဆိပ်ဖြေဆေး အတုတွေပေါ်နေပါတယ်)

အဲဒီလိုအပ်ချက်လေးတွေကို ဖြည့်စည်းပေးချင်လို့ မြွေကိုက်ခံရတာများတဲ့ မြို့နယ်ဆယ်မြို့နယ်မှာ မြွေဆိပ်ဖြေဆေးတွေ လုံလုံလောက်လောက် ရရှိနိုင်ဖို့ Lotus Foundation ညီအကိုမောင်နှမများက လှူဒါန်းနေပါတယ်၊ ဆရာတော်ဦးနန္ဒမာလာကတော့ လိုအပ်တဲ့နေရာမှာ လိုအပ်တာကို ဖြည့်စည်းပေးနေတာ သိရတဲ့အတွက် လှိုက်လှိုက်လှဲလှဲ သာဓုခေါ်ပါတယ်၊

ပြီးတော့ မြွေဆိပ်ဖြေဆေးတင် လှူတာမဟုတ်ဘဲ..မြွေမကိုက်နိုင်အောင် မြွေဒဏ်ကာကွယ်နိုင်တဲ့ဖိနပ် အရှည်ကြီးတွေလှူတာ ပညာပေးတာ စသည်တွေလဲ တတ်နိုင်သလောက် လုပ်ကြဖို့ ဩ၀ါဒပေးပါတယ်၊
ပြိးတော့ ဗုဒ်ဓဘာသာဝင် မိသားစုများ တရားနာယူနိုင်ရန် Dhamma centre တွေလဲ ဆောက်ပေးနေပါတယ်၊

စက်ပစ္စည်း အစုံ ဓမ္မစင်တာ တစ်ခုအတွက် သိန်း ၂၀လောက် လှူဒါန်းရပါတယ်၊ လယ်တီဆရာတော်ကြီးရဲ့ ဖွားရာမြေ စိုင်ပြင်ရွာက စတင်လို့ ဓမ္မစင်တာတွေ ဆောက်လုပ်လှူဒါန်းတာ အခုဆိုရင် ဓမ္မစင်တာ ငါးခုတည်ဆောက်ပြီးသွားပါပြီ၊ Lotus Foundation ညီအကိုမောင်နှမများရဲ့ စေတနာတွေပါ၊

ဆရာတော်ဦးနန္ဒမာလာကတော့ ကိုယ်လုပ်တဲ့အလုပ်တစ်ခုရဲ့ တန်ပြန်သက်ရောက်မှုကို သတိထားပြီး First Unity Second Unity Third Unity ဖြစ်ဖို့ ဩ၀ါဒချီးမြှင့်ပါတယ်၊

နောက်ဆုံးမှာတော့ ပါမောက္ခချုပ်ဆရာတော်ကြိးနဲ့ စုပေါင်းဓာတ်ပုံရိုက်ပြီး ဆရာတော်ကြီးကို ဦးချကန်တော့ကာ ပြန်လာခဲ့တယ်၊ အပြင်ဖက်မှာတော့ စင်္ကာပူရဲ့ ဒီဇင်ဘာက ချမ်းအေးခြင်းမရှိဘဲ အုံ့နွေးနွေးဖြစ်နေတယ်၊ ည ကိုးနာရီထိုးတော့မှာမို့ သွားလာလှုပ်ရှားသူတွေလဲ လျော့နည်းစပြုလို့ပေါ့၊
လူသားတွေကို တတ်နိုင်သလောက် နွေးထွေးမှုပေးပြီး အားနည်းနေတဲ့ လူတွေကို ကရုဏာနှလုံးသားနဲ့ ကူညီနိုင်ဖို့ အပြန်လမ်းခရီးရဲ့ အတွေးတွေထဲမှာ ကျယ်ကျယ်လောင်လောင် မြည်သွားတာကိုလဲ သတိပြုမိလိုက်ပါရဲ့၊

lotus Foundation ညီအကိုမောင်နှမများရဲ့ လုပ်ဆောင်ချက်တွေကို လေ့လာလိုတယ်ဆိုရင် http://www.lotusfoundationmm.org မှာလေ့လာနိုင်ပါတယ်


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP