* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, December 31, 2009

ပြတိုက်ထဲကထွက်တဲ့နေ့

မြန်မာနှစ် ၁၃၇၁ ခုနှစ် ပြာသိုလပြည့်နေ့။ အမေများနေ့။

ကမ္ဘာ့နိုင်ငံအသီးသီးတိုင်းမှာ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး စတာတွေနဲ့ သက်ဆိုင်တဲ့ နေ့ထူးနေ့မြတ်တွေ သတ်မှတ်ကြတာ ထုံးစံတစ်ခုပါပဲ။ သတ်မှတ်တဲ့နေ့ရောက်ပြီဆိုမှ အမှတ်တရပွဲတော်တွေလုပ်ကြ၊ ကကြခုန်ကြ၊ ၀မ်းနည်းကြ၊ ကြေကွဲကြ နဲ့ အလုပ်ကိုများနေကြတာပါပဲ။ ဘယ်လိုတွေပဲဖြစ်ပါစေ ထိုနေ့တွေ ထိုရက်တွေဟာ ပြတိုက်ထဲက နေ့ရက်တွေ မဖြစ်စေ ချင်ဘူး။ ပြတိုက်ဆိုတာ ရှေးဟောင်းပစ္စည်းတွေ၊ အမှတ်တရပစ္စည်းတွေအတွက် အကောင်းဆုံးခိုနားရာဖြစ်ပေမယ့် လက်တွေ့ကမ္ဘာမှာတော့ သူတို့တွေအခန်းကဏ္ဍက နေ့စဉ်လှုပ်ရှားမှုတွေမှာ မပါဝင်ကြပါဘူး။ ပြတိုက်ဖွင့်ပြမှ အမှတ်တရတွေ့ခွင့် ရကြတာတွေပါပဲ။

ဒီနေ့က အမေများနေ့တဲ့။ အမေ့အကြောင်း ပြတိုက်ကြီးဖွင့်ပြလို့ လူတွေအမှတ်တရ ဖြစ်ကြတာမျိုး မဖြစ်စေချင်တာ စာရေးသူရဲ့ဆန္ဒပါ။ ပြတိုက်ဖွင့်ပြမှ အမှတ်ရကြမယ်ဆိုရင် အမေ့အကြောင်း အမေ့ကဏ္ဍဟာ နေ့စဉ်ဘ၀တွေမှာ ပါဝင်ခွင့်မရတဲ့ ပြတိုက်ထဲက နေ့တစ်ရက်ဖြစ်သွားမှာ ကျွန်တော်စိုးရိမ်မိပါတယ်။ နေ့ရက်တိုင်းမှာ အမေ့ကဏ္ဍတွေ ပါဝင်စေချင်တယ်။ နာရီတိုင်းမှာ အမေ့အကြောင်းတွေ စဉ်းစားစေချင်တယ်။ မိနစ်တိုင်းမှာ အမေ့အရေးကို စိတ်ဝင်စားစေချင်တယ်။ ဘ၀မှာ အမေ့အတွက် အခန်းကဏ္ဍကို ကြီးကျယ်စေချင်တယ်။ အမေဟာ ဘ၀အတွက် ကြီးကျယ်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးပါပဲ။ အမေဟာ အသက်ကိုပေးတယ်။ အမေဟာ ဘ၀ကိုပေးတယ်။ အမေဟာ သုခတွေကို ပေးတယ်။ ဘုရားသခင်က လူသား ကိုဖန်ဆင်းတာပါလို့ ပြောသူတွေက ပြောကြတယ်။ ကျွန်တော်မြင်တာကတော့ မိခင်တွေသာ ကျွန်တော်တို့ကို လူသားတစ်ဦးအဖြစ် လောကအလယ် ထုဆစ်ပုံဖော်ပေးခဲ့တာ မဟုတ်ပါလား။

သားသမီး မရှိတဲ့ သူပဲရှိတယ်။ မိဘမရှိတဲ့သူ မရှိဘူးတဲ့။ ကျွန်တော်ကတော့ မိဘကိုမချစ်တဲ့ သားသမီးပဲ ရှိတယ်။ သားသမီးကို မချစ်တဲ့ မိဘမရှိဘူးလို့ ကျွန်တော်က ထပ်ဖြည့်ချင်ပါတယ်။ ဒီလိုပြောရင် အချို့တော့လည်း ကျွန်တော့်အဆိုကို လက်ခံမယ် မထင်ဘူး။ မိဘရဲ့ စွန့်ပစ်မှုကို ခံရတဲ့သူကတော့ လက်ခံမယ်မထင်ပါဘူး။ ဒါက ကိစ္စမရှိဘူး။ လူနည်းစုပဲ ဖြစ် မှာပါ။ အများစုမှာတော့ သားသမီးတိုင်းကို မိဘတိုင်းက ချစ်ကြတယ်လို့ပဲ ကျွန်တော်မြင်မိတယ်။ ရင်နဲ့လွယ်ပြီး မွေးလာ တဲ့သားကို မဆိုထားနဲ့ ရင်ငွေ့ပေးပြီး မွေးရတဲ့ တိရိစ္ဆာန်တောင် သားသမီးကို ချစ်ကြသေးတာ မြင်ဖူးကြမှာပါ။ နောက်ဆုံး ချစ်တာမချစ်တာကို စာမဖွဲ့နဲ့ဦး။ လူအဖြစ်မွေးပေးလိုက်တာကိုပဲ ကျေးဇူးတင်ထိုက်ပါတယ်။ ဟုတ်တယ်။ ခုလို ကာလကြီး ထဲမှာ (မရိုသေစကားပြောရရင်) ကိုယ့်သားသမီးကို ဗိုက်ထဲမှာတင် သတ်ပစ်နေတဲ့ မိခင်တွေ ဒုနဲ့ဒေး ပါပဲ။ မဖြစ်သင့်တာ တွေလို့ ပြောရမှာပဲ။

အမေနေ့ဆိုတော့ အမေ့အကြောင်းတွေကို ထုတ်ဖော်ချီးမွန်းကြတာတွေ လုပ်ကြတယ်။ ကျွန်တော်ကတော့ မလုပ်ချင်ဘူး။ အမေ့လောက်ကို စိတ်ဓာတ်အရည်အချင်း မပြည့်ဝသေးလို့ပဲ။ ဘာမှမဟုတ်တဲ့ ကျွန်တော်က အမေ့ကို မချီးမွမ်းချင်ဘူး။ အမေ တော်တယ်လို့ ပြောချင်စိတ်မရှိဘူး။ သည့်အတွက်တော့ ခွင့်လွှတ်ပါအမေ။ အမေ့ပြတိုက်ဖွင့်ပြမှ တစ်ခါတစ်ရံ သတိရကြတဲ့သူမျိုး ကျွန်တော်မဖြစ်ချင်ဘူး။ ကျွန်တော့်အတွက်တော့ အမေနေ့ဆိုတာ နာရီတိုင်း၊ မိနစ်တိုင်း၊ နေ့တိုင်း၊ လတိုင်း၊ နှစ်တိုင်း သက်ဆုံးတိုင်ပါပဲအမေ။ ဒါကြောင့်လည်း အမေ့စကားဆိုရင် အလေးအနက်ထားပြီး နားထောင်ခဲ့တာ အမေ အသိပါပဲ။ အမေက အရက်သောက်တာမကြိုက်ဘူး။ ဆေးလိပ်သောက်တာမကြိုက်ဘူး။ ကျွန်တော် တစ်ခုမှ မသောက်ဘူး အမေ။ အချိန်တိုင်းမှာ အမေ့စကားတွေ ကျွန်တော်နားထောင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမေ့စကား တွေ ပြတိုက် ထဲမရောက်စေချင်လို့ပါပဲအမေ။

ဒါပေမယ့်အမေရယ် လောကမှာ အမေ့သားတွေ အမေ့စကားကို ပြတိုက်ထဲမှာ ထားကြတာများပါတယ်။ အရက်သောက် ကြတယ်။ ဆေးလိပ်သောက်ကြတယ်။ မကောင်းတဲ့ မိန်းမတွေနဲ့ ပေါင်းသင်းကြတယ်။ ဒါတွေ ရှောင်ဖို့ အမေ အတန်တန် တားတာ သားကြားတာပေါ့အမေရယ်။ ငါ့သားတွေက မကောင်းတာမဖြစ်ဖို့ ဆုံးမတာကို ချုပ်ချယ်တယ်ထင်ပြီး ငါ့ကို ပြန်ပြောကြဆိုကြတယ်၊ ကြာလာရင် သူတို့အတွက် အကုသိုလ်တွေ တိုးလားလိမ့်မယ်ဆိုပြီး ခုဆို အမေလက်လျော့လိုက် ရတယ်မဟုတ်လားအမေ။ အားမငယ်ပါနဲ့ အမေရယ်။ တစ်နေ့ကျရင် သူတို့နားလည်လာမှာပါ။ အမေ့မေတ္တာ ဘယ်လောက် ဖြူစင်တယ်ဆိုတာကို တစ်နေ့ကျရင် သူတို့မြင်နိုင်မှာပါအမေ။ အချိန်လေးတော့ ပေးရမှာပေါ့။ သူတို့ကိုယ်တိုင် မိဘနေရာ ရောက်လာတဲ့တစ်နေ့ကျရင် အမေ့ခံစားချက်တွေ နားလည်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်တာပါပဲအမေ။

အမေ သူတို့အရွယ်တုန်းက သူတို့လောက်မဆိုးဘူးလို့ ဖွားဖွားပြောတာ ကျွန်တော်ကြားဖူးထားတယ်။ အမေ့သမီးတွေက ခုဆို အတတ်ကောင်းတွေ တတ်နေလိုက်ကြတာအမေရေ။ ဟိုယခင်က လမ်းဘေး လ္ဘက်ရည်ဆိုင်တောင် မိန်းမပျိုလေးတွေ မထိုင်ကြဘူး။ ခုအချိန်မှာတော့ လမ်ဘေးဘီယာဆိုင်မှာပါ မိန်းမပျိုးလေးတွေ ထိုင်နေကြတာ မြင်တွေ့ ကြားသိနေရတာ စိတ်မကောင်းစရာပဲ အမေရယ်။ အမေ့သမီးတွေလေ …. တောမှာနေတုန်းကတော့ လုံမလေး လုံးမလေး နဲ့ ဘကြီးဘထွေးတွေကြားထဲမှာ ပြားပြားဝပ်နေလာတာ။ မြို့ပေါ်လည်းရောက်ရော မလုံ့တလုံမလေးတွေ ဖြစ်ကုန်ပြီ အမေရေ။ ပြောရတာတောင် ရှက်စရာပဲ။ သူတို့တွေကလည်း ပြောကြတယ်။ ဒီနေ့က အမေများနေ့။ အမေကို ချစ်ခင် ကြောင်း၊ ယုယကြောင်း၊ သတိရကြောင်း လွမ်းဆွတ်ကြောင်းတွေ တဖွဲ့တနွဲ့ အမေရှေ့မှာ လာချွဲကြဦးမယ်ထင်တယ်။ တကယ့်လက်တွေ့ဘ၀မှာတော့ အမေ့စကားတွေဟာ ပြတိုက်ထဲမှာပဲ သူတို့ထားကြတာပါ။ မြန်မာအမျိုးသမီးကောင်းဆိုတဲ့ အမေ့ခြေရာကို ထပ်ချပ်မကွာ နင်းမယ့်အစား ခေါက်သိမ်းထားလိုက်တာတွေ များနေတယ်အမေရေ။

ဒါတွေ အမေ မြင်ဦးမှာလား၊ ဒါတွေ အမေပြင်ဦးမှာလား အမေ။ ကျွန်တော်ကတော့ အမေ့လို အမေတွေ လောကမှာ ရှိစေ ချင်သေးတယ်။ ကိုယ့်အိမ်ကိုယ့်ယာမှာ ကိုယ့်ဇနီး၊ ကိုယ့်မယား၊ ကိုယ့်လင်၊ ကိုယ့်သားနဲ့ နွေးထွေးတဲ့ မိသားစုဘ၀လေး တွေ ရှိနေစေချင်သေးတယ်။ ငယ်စဉ်တည်းက မျိုးစေ့မကောင်းခဲ့တော့ အရွယ်ပြောင်းလို့ မိခင်လောင်းဖြစ်ရတဲ့အချိန်မှာ ကိုယ့်ရင်သွေးကို ကိုယ်မမွေးချင်တဲ့ အမျိုးသမီးတွေ မပေါ်ထွန်းစေချင်ဘူး။ ငယ်စဉ်တည်းက အစဉ်အလာကောင်းပြီး အရွယ်ပြောင်းလို့ ဖခင်လောင်းဖြစ်တဲ့အချိန်မှာ ကိုယ့်ရင်သွေးကို ကိုယ်တိုင်မွေးလို့ မေတ္တာအပြည့်ပေးနိုင်တဲ့ ဖခင်ကောင်း တွေ ပေါ်ထွက်စေချင်တယ်။ အမေက ရှေ့ဆောင်လမ်းပြ လမ်းကောင်းလမ်းမှန် ချပေးတာ မှန်ပေမယ့် အမေ့သားတွေ၊ အမေသမီးတွေ အယူလွဲပြီး ခုဆို မူကွဲတဲ့မြန်မာတောင် ဖြစ်တော့မလားပဲ အမေရယ်

ဒါကြောင့် ကျွန်တော်က အမေ့အကြောင်း၊ အမေ့စကားဆိုရင် ပြတိုက်ထဲမှာ မထားချင်ဘူးလို့ ဆိုတာပါ။ အမေမြင်နိုင်ခဲ့ရင် ဘယ်လောက်ကောင်းမလဲ။ အမေဖြစ်လာမယ့် အမေလောင်းတွေ အမေအကြောင်း။ အမေအခန်းကဏ္ဍတွေ ကျယ်ကျယ် ပြန့်ပြန့်လိုက်နာကြရင် ဘယ်လောက်ကောင်းမလဲ အမေ။ လက်တွေ့နယ်ပယ်မှာ အမေ့အခန်းကဏ္ဍတွေ နေ့စဉ်ဘ၀မှာ ပါဝင်ခွင့်ရစေချင်ပါပြီ။ ပုခက်လွှဲသော လက်တို့ရဲ့ ဂန္ဓ၀င်ပုံရိပ်တွေ လောကအလယ် ထွက်ပေါ်လာစေဖို့အတွက် ကောင်းခဲ့ တဲ့အမေဟောင်းတို့ရဲ့အစဉ်အလာကို ပြောင်းလဲယူမယ့် အမေလောင်းတို့က လေးလေးနက်နက်လိုက်နာကြမှလည်း အမေ့ စကား၊ အမေ့ပုံရိပ်တွေ ပြတိုက်ထဲမှာ မထားဘူးဆိုတာ ပေါ်လွင်မှာပါ။ ဒါကြောင့် ၁၂ လမှ ၁ခါ သတိရကြတဲ့ ပြတိုက်ထဲက အမေများနေ့ ဘ၀မှ လက်တွေဘ၀မှာ နေ့စဉ်နဲ့အမျှ အမှတ်ရကြတဲ့ အမေများနေ့ အဖြစ် ဖော်ဆောင်နိုင်ကြပါစေ။

မှတ်ချက်။ ။ အထက်ပါ ကဗျာအား မဇ္ဈိမဂုဏ်ရည်ဆရာတော်ဦးကောဝိဒ ရေးသားသည့် အမွေခံထိုက်သူဖြစ်ပါစေစာအုပ်မှ ထုတ်နှုတ်ဖော်ပြပါသည်။

သုခရိပ်



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP