* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, December 31, 2009

ဘဒ္ဒါကုဏ္ဍလကေသာထေရီ အပိုင်း-၄ နိဂုံး


ထိုဘဒ္ဒါကုဏ္ဍလကေသာဘိက္ခုနီ အရှင်မ၏ အပါဒန်ပါရမီတရားတို့မှာ ဤသို့ဖြစ်ပေ၏။

လွန်ခဲ့သော ကမ္ဘာတစ်သိန်းထက်၌ ပဒုမုတ္တရ မြတ်စွာဘုရား ပွင့်တော်မူသောအခါ ဘဒ္ဒါ အလောင်းအလျာသည် ဟံသာဝတီပြည်ကြီးဝယ် ခေမာအလောင်း၊ ကိသာမဂေါတမီ အလောင်းဖြစ်သော သူဌေးသမီးတို့နှင့် တစ်မြို့တည်းနေရသော သူဌေးသမီး ဖြစ်ခဲ့ပေ၏။ ထိုအခါ မြတ်စွာဘုရား၏ တရားတော်ကို နာယူ၍ သရဏဂုံ ဆောက်တည်၏။

တစ်နေ့သောအခါ မြတ်စွာဘုရားသည် ဘိက္ခုနီမ တစ်ပါးကို ‘ခိပ္ပာဘိညဧတဒဂ်’ ထားတော်မူသည်ကို မြင်သဖြင့် သူဌေးသမီးသည် မြတ်စွာဘုရားနှင့် သံဃာတော်တို့အား ကြီးကျယ်သော အလှူကြီးပေး၍ ခိပ္ပာဘိညဆုကို တောင်းပေ၏။ ထိုအခါ ပဒုမုတ္တရမြတ်စွာဘုရားသည် ဤသို့ ဗျာဒိတ်ပေးတော်မူ၏။

“ချစ်သမီး၊ သင်အလိုရှိသော ဆုသည် ပြည့်စုံလတ္တံ့။ ဤကမ္ဘာမှ အနောက် ကမ္ဘာတစ်သိန်းရောက်လျှင် သြက္ကာကမင်းမျိုးဖြစ်သော ဂေါတမမြတ်စွာဘုရား ပွင့်တော်မူလတ္တံ့။ ထိုအခါ၌ ချစ်သမီးသည် ဘဒ္ဒါကုဏ္ဍလကေသာ ဟူသောအမည်ဖြင့် ရဟန္တာမိန်းမ ဖြစ်လတ္တံ့”

သူဌေးသမီးသည် ထိုဘဝမှ စုတေလေသော် တာဝတိံသာနတ်ပြည်၌ ဖြစ်၏။ ထိုဘုံမှ စုတေသော် ယာမာနတ်ပြည်၌ ဖြစ်၏။ ထိုမှ တစ်ဖန် တုသိတာနတ်ပြည်၊ နိမ္မာနရတီ နတ်ပြည်၊ ပရနိမ္မိတ ဝသဝတီနတ်ပြည် တို့၌ တစ်ဘုံပြီး တစ်ဘုံ တက်ဆင့်ကာ နတ်မင်းကြီးတို့၏ အဂ္ဂမဟေသီ မိဖုရားကြီး ဖြစ်ခဲ့၏။

ထိုနတ်ပြည်များမှ စုတေခဲ့ပြန်သော် စကြာမင်း၊ ဧကရာဇ်မင်းတို့၏ အဂ္ဂမဟေသီ မိဖုရားကြီးချည်း ဖြစ်၏။ ယင်းသို့ လူ့ပြည် နတ်ပြည်တို့၌ လူမင်းစည်းစိမ် နတ်မင်းစည်းစိမ်တို့ကို ခံစား၍ ကမ္ဘာတစ်သိန်း ကာလပတ်လုံး စံစား၍ လာခဲ့ရာ ဘဒ္ဒကပ်ကမ္ဘာ အတွင်း၌ ကဿပမြတ်စွာဘုရား ပွင့်တော်မူသောအခါ ကိကီမင်းကြီး၏ သမီးတော် ခုနှစ်ပါးတွင် စတုတ္ထ သမီးတော် ဘိက္ခုဒါယိကာမ ဖြစ်ပေသည်။ ရဟန်းပြုရန် မိဘခွင့်မပေး၍ ကုမာရီ ဗြဟ္မာစာရီ အကျင့်ကို ကျင့်သုံးဆောက်တည် နေခဲ့ရကာ ထိုဘဝမှစုတေ၍ နတ်ပြည်၌ တစ်ကြိမ် ဖြစ်ပြီးနောက် ယခု နောက်ဆုံး ဘဝတွင် ရာဇဂြိုဟ် သူဌေးသမီးဖြစ်ကာ ရာဂဖောက်ပြန်၍ သူခိုးကို သူသတ်တို့လက်မှ ငွေဖြင့် ရွေးယူ ပေါင်းသင်းရာက မြတ်စွာဘုရား၏ သာသနာတော်အတွင်းသို့ ရောက်ရှိခဲ့လေသည်။

ဘဒ္ဒါကုဏ္ဍလကေသာ ဘိက္ခုနီသည် ဘိက္ခုနီ ကျောင်းတိုက်သို့ ရောက်ပြီးနောက် မကြာမီတွင် ခွေးတစ်ကောင်သည် လူ၏ လက်ပြတ်ကို ကိုက်ချီ၍ ယူလာပြီး အနီး၌ ချထား၏။ သဲအလူးလူး ဖုန်အလိမ်းလိမ်း ဖြစ်နေသော လက်ပြတ်ကို မြင်သဖြင့် ဘဒ္ဒါကုဏ္ဍလကေသာသည် နိမိတ်ထင်လာသဖြင့် အပေါင်းအသင်းများထံ စုံစမ်းရာ မြတ်စွာဘုရားထံ ပေးပို့ကြလေသည်။

[မြတ်စွာဘုရားသည် ခန္ဓာငါးပါး၊ အာယတန တစ်ဆယ့်နှစ်ပါး ဓာတ်တစ်ဆယ့်ရှစ်ပါး၊ အသုဘ၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရားတို့ကို ဟောတော်မူရာ ဘဒ္ဒါကုဏ္ဍလကေသာမှာ သောတာပတ္တိဖိုလ်၌ တည်လေ၏။ နောက်များ မကြာမီ ခြေဆေးရင်း ဖြစ်ပျက်သည်ကိုမြင်၍ အလုံးစုံသော သင်္ခါရ တရားတို့သည် ဤခြေဆေးသော ရေကဲ့သို့ ပျက်ချည် ဖြစ်ချည် နေသော ဖြစ်ပျက်တရားတွေ ဟူ၍ ကြံစည်သော အခါ၌ ကိလေသာ အာသဝေါမှ ကင်းလွတ်၍ အလုံးစုံသော တေဘူမက ရုပ် နာမ် တရား၌ စွဲလမ်းခြင်းမရှိ၊ ရဟန္တာအဖြစ်သို့ ရောက်လေ၏။ ဤသို့လည်း မူကွဲ ရှိလေသည်။]

ဘဒ္ဒါကုဏ္ဍလကေသာ ထေရီမြတ်လှ အရှင်မသည် ခိပ္ပာဘိညဧတဒဂ် ရတော်မူပေ၏။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP