နတ်တော် လပြည့်နေ့
ချစ်ခင်လေးစားရပါသော ဓမ္မမိတ်ဆွေများရှင့်မြန်မာရိုးရာ ၁၂လရာသီပွဲတော်တွေ အနက်မှာ နတ်တော်လပြည့် နေ့ကတော့ ရှေးယခင်က နတ်ပွဲဖြစ်ပြီး အခုခေတ်မှာတော့ စာဆိုတော်ဂုဏ်ပြုပွဲများ ကျင်းပပြုလုပ်ဖြစ်ပါတယ်။ နတ်တော်လကိုလည်း စာဆိုတော်လ အနေနဲ့သတ်မှတ်ထား ခဲ့ပါတယ်။
ဘာသာရေး အခမ်း အနားများကို တစ်လတစ်ကြိမ် ကျင်းပနေကြတဲ့ သာသနာရေး ဦးစီးဋ္ဌာနကတော့ လောက အကြောင်းမဖက် ဓမ္မကြောင်းသက်သက်ကိုသာ ရေးဖွဲ့ကြတဲ့ ဓမ္မစာဆိုတော် များကြီးတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ နတ်တော်လပြည့်နေ့ကို ဓမ္မစာဆိုတော်နေ့အဖြစ် ကျင်းပ ကြပါတယ်။ ဓမ္မစာပေတွေ၊ ဆရာတော်ဘုရားများ ဟောကြားတော်မူတဲ့ တရားဓမ္မအသံဖိုင်၊ ဗီဒီယို ဖိုင်တွေကို အင်တာနက် စာမျက်နှာ တွေက တစ်ဆင့် ဖြန့်ဖြူးပေးနေတဲ့ Dhamma Website Developer, Dhamma Blogger များအားလုံး သည်လည်း
ဓမ္မစာဆိုတော်များ စာရင်းဝင် အဖြစ်သတ်မှတ်ရမှာ ပါပဲနော်။
လောက ရေးရာ စိတ်အာရုံ မကျက်စားပဲ ဓမ္မစာပေတွေကို အာရုံထားလို့ တစ်စိုက်မတ်မတ် လေ့လာရေးသား မျှဝေပေးခဲ့တာ တွေဟာ တကယ်တော့ ချီးကျူး ဂုဏ်ပြုစရာကောင်းလှပါတယ်။ ပျော်စရာ ကာမဂုဏ် အာရုံတွေကို Click တစ်ချက်လုပ်ရုံနဲ့ ရရှိ သာယာနိုင်တဲ့ online ပေါ်မှာမဟုတ်လား။ ငြိမ်းချမ်း အေးမြ၊ သန့်စင်တဲ့ ဓမ္မစာမျက်နှာ များစွာကို မငြိမ်းအေးသော စိတ်ရဲ့ကွန်းခိုရာ နေရာများ အဖြစ် တည်ဆောက် ဖန်တီး နိုင်ကြတာကိုလည်း လေးစားမိပါတယ်။ ရေးသားတဲ့လူတွေ ဘယ်လောက်ရေးရေး တလေးတစား ဖတ်ရှု သူများကြောင့်လည်း ဓမ္မစာမျက်နှာများ စည်ပင်ထွန်းကားခဲ့တာ ဖြစ်လို့ ဖတ်ရှုကြတဲ့ ဓမ္မမိတ်ဆွေများကို အထူးပဲကျေးဇူးတင်ရမှာ ဖြစ်ပါတယ်။
ထင်ရှားတဲ့ ဓမ္မ စာဆိုတော် တွေကိုပြန်ကြည့်ရင် ပုဂံခေတ် ကအစပြုပြီး အနန္တသူရိယ အမတ်ကြီး၊ ပင်းယခေတ် စတုရင်္ဂဗလ အမတ်ကြီး၊ အင်းဝခေတ် ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌသာရ၊ တောင်ဖီလာဆရာတော်၊ ကုန်းဘောင်ခေတ် မှာဆရာတော် ဦးဗုဓ်၊ သင်္ဂဇာ ဆရာတော်၊ ဗြိတိသျှခေတ်မှာ မာန်လည်ဆရာတော်၊ လယ်တီ
ဆရာတော်၊ လွတ်လပ်ရေးကြိုခေတ်မှာ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနာကာဘိဝံသ တို့ရေးသားခဲ့တာ တွေဟာ တန်ဘိုးမဖြတ်နိုင်တဲ့ ဓမ္မအမွေအနှစ် တွေပါပဲ။ အခုမျက်မှောက်ခေတ်မှာ တိပိဋကဓရ ဆရာတော် ဦးဝိစိတ္တသာရာဘိဝံသက အစပြု လို့ဆရာတော်ပေါင်းများစွာရေးသားခဲ့တဲ့ ဓမ္မစာပေများကို ကျွန်မက ညွတ်ညွတ်နူးနူး ပူဇော် အထူး ပြုလိုလှပါတယ်။
ဒီပနီ အမျိုးမျိုး၊ သံဝေဂစာအမျိုးမျိုး၊ ကျမ်းစာအမျိုးမျိုး၊မေတ္တာစာအမျိုးမျိုး၊ ဆုံးမစာအမျိုးမျိုး လင်္ကာအမျိုးမျိုး တို့ဟာ ရဟန်းရှင်လူတို့ရဲ့ နှလုံးသားနဲ့ ပါးစပ်ဖျားမှာ ရှင်သန်နေဆဲ ဖြစ်ပါတယ်။ ကြီးမြတ်တဲ့ စာပေနှလုံးသား၊ စေတနာ အရှိန်အဟုန် အင်အား ကိုလည်း ကျွန်မကအားကျ အတူယူလိုလှပါတယ်။ နတ်တော်လပြည့် ဓမ္မစာဆိုတော်နေ့ အခါသမယမှာ ကျွန်မ နှစ်သက်ခဲ့ လေးစားကြည်ညိုခဲ့တဲ့ ပုဂံခေတ်က ဓမ္မစာဆိုတော် *အနန္တသူရိယ အမတ်ကြီး* ရဲ့သံဝေဂ စာလင်္ကာ တစ်ပုဒ်ဟာ ကျွန်မ ဝိဉာဉ်ကို ပူးဝင်ရှင်သန် လို့လာ ပြန်ပါတော့တယ်။
၁။ သူတည်းတစ်ယောက် ကောင်းဘို့ရောက်မူ၊ တစ်ယောက်သူမှာ ပျက်လင့်ကာသာ ဓမ္မတာတည်း။
၂။ ရွှေအိမ်နန်းနှင့် ကြငှာန်းလည်းခံ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တစ်သက်လျာတည်း။
၃။ ကြင်နာသနား၊ ငါ့အားမသတ်၊ ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊ လူတကာတို့၊ ခန္ဓာခိုင်ကျည်၊ အတည် မမြဲ၊ ဖောက်လွဲတတ်သည်၊ မချွတ်စသာ၊ သတ္တဝါတည်း။
၎။ ရှိခိုးကော်ရော်၊ ပူဇော် အကျွန်၊ ပန်ခဲ့တုံ၏။ ခိုက်ကြုံဝိပါတ်၊ သံသာစက်၌၊ ကြိုက်လတ်တုံမူ၊ တုံ့မယူလို၊ ကြည်ညိုစိတ်သန်၊ သခင်မွန်ကို ချန်ဘိစစ်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏၊ သွေးသည် အနိစ္စာ ငါခန္ဓာတည်း။
ရဲရင့်တည်ကြည်သလို စိတ်နှလုံးထက်မြက် လှတဲ့ ဓမ္မစာဆိုတော်ကြီးဟာ သူသတ်ကုန်းရောက်တဲ့ အချိန်တိုင်အောင် တုန်လှုပ်မှု မရှိ၊ လောကကိုအမှန်အတိုင်းသိရှိတဲ့ သမ္မာဒိဋ္ဌိဉာဏ်တွေ ထွန်းတောက် ပြီးသည်ကဗျာလေးကို ရေးသွားခဲ့တယ်ဆိုတာ သိသာထင်ရှားလှပါတယ်။ ပုဂံခေတ် နေပြည်တော် တွင်းမှာ မင်းယဉ် နရသိင်္ခနဲ့ နရပတိစည်သူတို့ ဝေဠုဝတီကို အကြောင်းပြုပြီး မောဟ အမှောင်ဖုံးခဲ့တဲ့ အရေးမှာ အမတ်ကြီးဟာ တန်ဆာခံဖြစ်ခဲ့ရတာ ဘယ်သူ့ကိုမှ အပြစ်မတင်သွားခဲ့ပါဘူး။ သူ့ရဲ့ သေမင်းကိုရင်ဆိုင်ပုံ ဟာလည်း အကြောင် အကျိုးသိမြင်တဲ့ စိတ်နဲ့ငြိမ်သက်နေပါတယ်။ သံသရာမှာ ပြန်တွေ့ခဲ့ရင်တောင် ခွင့်လွှတ်စိတ်နဲ့ အတုန့်အလှည့်မယူလိုပါကြောင်း သဘောထားကြီးပြခဲ့ပါတယ်။ ဓမ္မစာဆိုတော်တို့ရဲ့ စိတ်ဓာတ်အဆင့်အတန်းမြင့်မား ကြတာဟာ မြတ်ဗုဒ္ဓရဲ့ အရိပ်အောက်က တရားဓမ္မ ဂုဏ်တော်များကို ခိုလှုံခဲ့ ရလို့ပါပဲ။ အနှိုင်းမဲ့စံပြ နမူနာအဖြစ် မြတ်ဗုဒ္ဓ ကိုဦးထိပ်ပန်ဆင်ပြီး လူထုကြားမှာ တရားဓမ္မများ စိမ့်ဝင်ပျံ့နှံ့အောင် လမ်းပြ ရှေ့ဆောင်နိုင်ခဲ့တဲ့ဓမ္မစာဆိုတော်များကို၊ မှန်းဆ ကြည်ညို ကန်တော့နေမိရင်း …..၊
ဓမ္မဘလော့ဂါများကိုလည်း ဂုဏ်ပြု အားပေးရင်း နတ်တော်လပြည့်နေ့ကို ဖြတ်သန်းလွန်မြောက် စေပါတော့ တယ်။

0 comments:
Post a Comment