* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, November 15, 2009

သာသနာမှတ်ကျောက် (၁)


(သာသနာမှတ်ကျောက် ခေါင်းစဉ်များ အောက်တွင် ထေရ၀ါဒ ဗုဒ္ဓသာသနာမှ ရဟန်းပညာရှိ လူပညာရှိများ၏ မြန်မာနှင့် အင်္ဂလိပ်ဘာသာ ကျမ်းများကို အနည်းငယ်မျှစီ မိတ်ဆက်တင်ပြမည် ဖြစ်ပြီး ရှည်ချင်သလောက် ရှည်ကာ ကြိုကြားကြိုကြား ပေါ်လာမည့် အခန်းဆက်စာ ဖြစ်လေသည်။)



ဝိပဿနာရှုနည်း(အကျဉ်းချုပ် )(မဟာစည်ဆရာတော်)(၁)

စာရေးသူတို့ခေတ်တွင် ၀ိပဿနာ တရားရှုမှတ်နည်းများနှင့် ခေတ်စားလာသဖြင့် ၀မ်းသာဖို့ကောင်းသည်ဟု ဆရာတော်များက အမိန့်ရှိကြပါသည်။ တရားပွဲအများစုတွင် ဒါနကထာ၊ သီလကထာ စသည်ဖြင့် အစပျိုး၍ပြီးလျှင် တရားရှုမှတ်နည်းများဖြင့် အဆုံးသတ်တတ်သည်မှာ အလွန်အားရဖွယ် ကောင်းပါသည်။ မြတ်စွာဘုရား၏ အလိုတော်ကျလည်း ဖြစ်ပါလိမ့်မည်။ အင်တာနက်နှင့် စက်ကိရိယာများ၏ အကူအညီကြောင့်လည်း ၀ိပဿနာရှုမှတ်နည်း မျိုးစုံကို အလွယ်တကူ သိနိုင်ခြင်း၊ ကမ္မဋ္ဌာန်းပြသော ဆရာကို အလွယ်တကူ ရနိုင်ခြင်း ၊တရားတော်များကို အလွယ်တကူ ဖတ်ရှုခွင့်၊ နာကြားခွင့်ရနိုင်ခြင်း စသည့် အခွင့်အရေးများကို ရရှိနေသဖြင့် ၀မ်းသာဖို့ ကောင်းသည်မှာ မှန်ကန်ပါသည်။

သို့ရာတွင်...

ခေတ်စားလာသော ၀ိပဿနာရှုမှတ်နည်းများတွင် နည်းတုနည်းမှားများ ပါဝင်လာခြင်း၊ အဆုံးအဖြတ် အမှားအယွင်းများ ပါဝင်လာခြင်း၊ အတွေးအခေါ် အမှားအယွင်းများ ပါဝင်လာခြင်းများကို တွေ့ရှိရသဖြင့် ဗုဒ္ဓသာသနာ၌ သက်ဝင်ယုံကြည်သော ဥပါသကာတစ်ဦးအနေနှင့် ၀မ်းသာမှုကြားထဲမှ စိုးရွံ့မှုများ ပေါ်ပေါက်လာသည်ကို ၀န်ခံလိုပါသည်။

ဝိပဿနာ မဟုတ်သော တရားများကို ၀ိပဿနာတရားလုပ်၍ တရားနည်းပေးနေမှုများ၊ မဂ်ဥာဏ်ဖိုလ်ဥာဏ် အစစ်မဟုတ်သော်လည်း အစစ်ဟုတ်သည်ဟု အဆုံးအဖြတ်ပေးမှုများ၊ မိမိတို့တရားစခန်းမှာ တစ်ခါဝင်ရုံနှင့် တစ်မဂ်တစ်ဖိုလ်ရနိုင်သည်ဟု လိမ်ညာဟောပြောမှုများလည်း အခါအားလျော်စွာ ပေါ်ပေါက်လာတတ်သဖြင့် ထိုထိုသော အမှားအယွင်းပေါင်း မြောက်မြားစွာကို ရဟန်းပညာရှိ လူပညာရှိတို့က စောဒနာကြ၊ ရှင်းလင်းကြနှင့် ပရဟိတကိစ္စအတွက် အလုပ်များကြရသည်ကိုလည်း မြင်တွေ့ အားနာမိလှပါသည်။

လူအများတွင် သာသနာတော်နှင့် ပတ်သက်၍၊ တရားဓမ္မများနှင့် ပတ်သက်၍ ရှိသင့်ရှိထိုက်သော စာတွေ့လက်တွေ့ သုတပညာတို့ ရှိကြပါမူ အမှားကို အမှား၊ ဒုဿီလကို ဒုဿီလ၊ အလ္လဇီကို အလ္လဇီ၊ ၊ အဓမ္မကို အဓမ္မ၊ မာယာကို မာယာ၊ သာေ႒ယ်ကုိ သာေ႒ယ် ဟု မိမိနည်းယူ နာကြားနေသော အချိန်အတွင်းမှာ အလျင်အမြန်ပဲ သိမြင်ကြသဖြင့် မိစ္ဆာတရားတို့လည်း ကျော်ကြားခွင့် ရမည်မဟုတ်။ သူတော်ကောင်းများလည်း ရှင်းရလင်းရ စောဒနာရ၊ ၀ိနိစ္ဆယအဆုံးအဖြတ်များ အများအပြား ပြုရသောဝတ္တရားများမှ အလွန်အမင်း သက်သာရခွင့်ရသွားပေမည်။

ဝိပဿနာရှုမှတ်ပုံနှင့် ပတ်သက်၍ ကျမ်းဂန်အထောက်အထားများ၊ ယောဂီများ၊ ရဟန်းများ၏ ကိုယ်တွေ့အဖြစ်အပျက်များစွာဖြင့် ခိုင်မာ တိကျစွာဖော်ပြထားသော ၀ိပဿနာရှုနည်းကျမ်းကြီးများ၊ ၀ိပဿနာ တရားတော်များ၊ မြန်မာဘာသာဖြင့် အများအပြား ရှိပါလျက် နည်းတုနည်းမှား နည်းအယောင်ဆောင်များ မြန်မာပြည်အတွင်း ပေါ်ပေါက်လာရဲသေးသည်မှာမူ များစွာအံ့သြဖွယ် ကောင်းပါသည်။ နက်နဲသော ကျမ်းများဖြစ်သဖြင့် ခြောက်သွေ့၍ ငြီးငွေ့စဖွယ် ကောင်းသည်ဟုဆိုကာ ရှောင်ရှားသူ များလေသလား မပြောတတ်။ လယ်တီဆရာတော်ဘုရား၏ ဒီပနီကျမ်းများ၊ မဟာစည်ဆရာတော် ၊ မိုးကုတ်ဆရာတော်၊ သီတဂူဆရာတော်၊ ယခုအခါ ပိုင်းလော့ဆရာတော် အစရှိသော ဆရာတော်များ၏ ကျမ်းများ ဟောတရားများမှာလည်း ခြောက်ခြောက်သွေ့သွေ့များချည်း ဖြစ်ပါသည်။ ကိလေသာ အငွေ့အသက် မကပ်ရောက်သော တရားများမှာ စာရေးသူတို့လို ပုထုဇဉ်များအတွက် ခြောက်သွေ့သည်ဟု ထင်မှတ်စရာများချည်း ဖြစ်ပါသည်။ ဘုရားဟော တရားများနှင့် သာသနာတော်ကိုလေးစားသော အခြား ကျေးဇူးရှင် သံဃာတော် အရှင်သူမြတ်များစွာ တို့၏ သြ၀ါဒအဆုံးအမများ သည်လည်း ဤအတိုင်းပင် ခြောက်ခြောက်သွေ့သွေ့များချည်းသာ ဖြစ်ပါသည်။ ဤစကားကိုထောက်၍ ရယ်စရာ၊ ငိုစရာ၊ ကိလေသာ ဖြစ်စရာ၊ ပျော်စရာ ရွှင်စရာကလေးများ (အလွန်အမင်း ) များနေသော တရားများ၊ နည်းများကို တွေ့ရတိုင်း သတိကပ် ဆင်ခြင်သဖြင့် မိမိတို့အတွက် အမှားမရှိသည်သာတည်း။

ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် ဆရာတော်များသည် ပါဠိတော်နှင့် အဋ္ဌကထာများကို လေးစားကြသည်။ လေးစားသည့်အတိုင်း ပဋိပတ္တိသာသနာသည် ပရိယတ္တိသာသနာနှင့် တစ်ထပ်တည်း ဖြစ်ရမည် ဟု ခံယူတော်မူကြသည်။ တနည်းဆိုရသော် စာတွေ့နှင့်လက်တွေ့ သဘောညီမျှမှု ရှိရမည်ဟု သဘောပေါက်ခံယူတော် မူကြသည်။

ထိုသို့သော ထေရ၀ါဒဆရာတော်များ ပြုစုတော်မူသည့် ၀ိပဿနာရှုနည်းကျမ်းများအနက်မှ လက်လှမ်းမီသော ကျမ်းတစ်ကျမ်းကို တင်ပြလိုပါသည်။ မဟာစည်ဆရာတော်ဘုရား ပြုစုသော ၀ိပဿနာရှုနည်းကျမ်းအကျဉ်းချုပ် ဖြစ်ပါသည်။ ၀ိပဿနာရှုနည်းကျမ်းကြီး၏ ခိုင်မာပုံ၊ လက်တွေ့ကျပုံ၊ ရှင်းလင်းပုံများကို အများသိပြီးသားဖြစ်သကဲ့သို့ ထိုကျမ်းကြီးကို အနှစ်ချုပ်ထားသော ၀ိပဿနာရှုနည်း အကျဉ်းချုပ်ကျမ်းမှ တချို့တလေကို နမူနာမျှ ထုတ်ဖော်၍ပြရလျှင် အသစ်နာကြားရသူများ၊ ထပ်မံနာကြားရသူများအတွက် ကုသိုလ်တရားများ တိုးပွားကြမည်ဟု ယုံကြည်မိသဖြင့် ယခင်ကလည်း မကြာခဏ ကောက်နုတ်ပြခဲ့ပါသည်။

ယခုအခါမှာမူ ပဋိပတ္တိသာသနာသည် ပရိယတ္တိသာသနာနှင့် ကိုက်ညီမှုရှိရမည် ဟူသော အမြော်အမြင်စကားကို လေးစားထောက်ရှု မီးမောင်းထိုးပြလိုသော စေတနာအားဖြင့် သာသနာမှတ်ကျောက် ခေါင်းစဉ်အတွင်း ထည့်၍ ဤစာကို ကြိုးစား၍ ရေးသားရပါသည်။ ချွတ်ချော်သော စာလုံးပေါင်း သတ်ပုံများ၊ နှစ်သက်ဖွယ်မကောင်းသော အရေးအသားများ ပါဝင်ခဲ့ပါမူ စာရေးသူ၏ တာဝန်သာ ဖြစ်ပါသည်။

မဟာစည်နည်းအရ တရားရှုမှတ်ရာတွင် ၀မ်းဗိုက်၏ ဖောင်းမှုပိန်မှုကို ရှုမှတ်အပ်ပုံကို ၀ိပဿနာရှုနည်းကျမ်း အတွဲ၂ အခန်း၅ တွင် မှတ်ချက်ကလေး ပြု၍ ကျမ်းဂန်အကိုးအကားနှင့် ဖော်ပြထားသည်မှာ တရားအားထုတ်လိုသူများအတွက် များစွာ အားရကျေနပ်ဖွယ် ကောင်းပါသည်။

____"၀မ်းဗိုက်၏ ဖောင်းခိုက် ပိန်ခိုက်၌ ထင်ရှားသော တောင့်တင်းမှု လှုပ်ရှားမှုများသည် ၀ါယောဓာတ်၊ ဖောဋ္ဌဗ္ဗရုပ် ဖြစ်သောကြောင့် ဖောင်းတယ် ပိန်တယ်ဟု ရှုမှတ်လျက် ထိုတောင့်တင်းလှုပ်ရှားမှုတို့ကို မှန်ကန်စွာ သိခြင်းသည် "ရူပံ ဘိက္ခဝေ ယောနိသော မနသိကရောထ၊ ရူပါနိစ္စတဉ္စ ယထာဘူတံ သမနုပဿထ- ရဟန်းတို့ ရုပ်ကို သင့်လျော်မှန်ကန်စွာ နှလုံးသွင်းကြ ရှုကြကုန်လော့၊ ရုပ်၏မမြဲခြင်းကိုလည်း ဟုတ်တိုင်း မှန်စွာ ရှုကြကုန်လော့ "

"အနိစ္စညေ၀ ဘိက္ခဝေ ဘိက္ခု ရူပံ အနိစ္စန္တိ ပဿတိ၊ သာဿ ဟောတိ သမ္မာဒိဋ္ဌိ- ရဟန်းတို့ ရဟန်းသည် မမြဲသည်သာလျှင် ဖြစ်သော ရုပ်ကို မမြဲဟု ရှုမြင်၏၊ ထိုရဟန်း၏ ထိုရှုခြင်းသည် သမ္မာဒိဋ္ဌိ အမြင်မှန်ပေတည်း"(သံ-၂၊၄၂)


ဤသို့ အစရှိသော ခန္ဓသံယုတ် ဒေသနာတော်တို့နှင့်လည်း ညီညွတ်၏။ မဟာသတိပဋ္ဌာန သုတ်လာ ခန္ဓဓမ္မာနုပဿနာ၌လည်း အတွင်းဝင်၏။ "(စာ-၁၃)___________

ဤကောက်နုတ်ချက်မှာ မဟာစည်ဆရာတော်၏ စေ့စပ်သေချာပုံ၊ အမြော်အမြင်ကြီးပုံနှင့်၊ ဖောင်းသည် ပိန်သည်ဟု ရှုမှတ်ခြင်းသည် ကျမ်းဂန်နှင့် ညီပုံကို ဖော်ပြသော ကောက်နုတ်ချက် အမြွက်ဖြစ်၏။

ဆက်လက်ဖော်ပြမည့် ကောက်နုတ်ချက်မှာ တရားစတင်ရှုမှတ်ရာတွင် ကြုံတွေ့တတ်သော သံသယကို ရှင်းလင်းပေးသော ကောက်နုတ်ချက် ဖြစ်ပါသည်။

______"မိမိ၏ ၀မ်းဗိုက်ကို စိတ်ဖြင့် စူးစိုက်၍ ကြည့်နေပါ။ ဖောင်းကြွလာတာ ပိန်ကျသွားတာကို တွေ့ရလိမ့်မည်။ ဖောင်းတာ ပိန်တာကို ထင်ရှားမတွေ့ရပါက ဗိုက်မှာ လက်ကို ကပ်ထားကြည့်ပါ။ တအောင့်လောက်ကြာ၍ ဖောင်းတိုင်း ပိန်တိုင်း ထင်ရှားပေါ်လာလျှင် ၀င်သက်ရှုခိုက်၌ ၀မ်းဗိုက်ဖောင်းကြွ ရွေ့ရှားလာသည်ကို ဖောင်းတယ် ဟု မှတ်။ ထွက်သက်ရှုခိုက်၌ ၀မ်းဗိုက်ပိန်ကျသွားသည်ကို ပိန်သည်ဟု မှတ်။ ဖောင်းခိုက်၌ ၀မ်းဗိုက်ဖောင်းတက်လာသည်ကို ထင်ရှားသိရမည်။ ပိန်ခိုက်၌ ၀မ်းဗိုက်ပိန်ကျသွားတာကို ထင်ရှားသိရမည်။ သို့ဖြစ်လျှင် ၀မ်းဗိုက်သဏ္ဍာန် ပညတ်ကိုလဲ သိရာ မရောက်လောဟု တွေးတော၍ မယုံမှားလေလင့်။ အားထုတ်ခါစ၌ ပညတ်ကို လုံးလုံးဖျောက်၍ ရှုရန် မဖြစ်နိုင်။ ပညတ်ရော ထင်ရှားသိ၍ ရှုမှတ်မှသာ သမာဓိသတိဥာဏ် ရင့်သန်လွယ်ပေသည်။ ဥာဏ်ရင့်သန်သော အခါ၌ကားပညတ်အာရုံ အလုံးစုံ ကွယ်ပျောက်၍ ပရမတ်သဘော၌သာ အသိဥာဏ်ရောက်လျက် ရှိလိမ့်မည်။ ထို့ပြင် ဒွါရ ၆ ပါး၌ ထင်ရှားစွာ ဖြစ်ပေါ်သော ရုပ်နာမ်တို့ကို အစဉ်အတိုင်း မှတ်သိခြင်းသည်သာလျှင် ၀ိပဿနာ၏ ပြည့်စုံသော အလုပ်သဘောမှန် ဖြစ်ပေသည်။ သို့သော်လဲ အားထုတ်ခါစ၌ သတိသမာဓိ အားမရှိသေးသောကြောင့် ဖြစ်စဉ်အတိုင်း လိုက်၍ ရှုမှတ်ရန် ခဲယဉ်း၏။ မမှတ်တတ်ဘဲသော်လည်း ရှိတတ်၏။ မှတ်စရာကို ရှာကြံလျက် အချိန်များစွာလဲ ကုန်တတ်၏။ ထို့ကြောင့် အစဉ်ထာဝရလဲ ရှိ၍ မှတ်သိရန်လဲ အလွန်လွယ်ကူ ထင်ရှားသော ဖောင်းမှု ပိန်မှုတို့ကို အစအရင်းခံ ပြု၍ ရှုမှတ်ရန် ဤ၌ ညွှန်ပြအပ်ပေသည်။ ဥာဏ်ရင့်သော အခါ ဖြစ်စဉ်အတိုင်း လိုက်၍ မှတ်ပုံကို နောက်ဤ တွေ့ရလတ္တံ့။ "( စာ၁၄-၁၅)______

စတင်ရှုမှတ်သော အခါ ပညတ်အာရုံကို လုံးလုံး ဖျောက်ဖျက်ဖြစ်၍ မဖြစ်နိုင်ပုံ၊ သမာဓိဥာဏ်များရမှ ပညတ်အာရုံများ ကွာကျကာ လက္ခဏာရေးသုံးပါးလည်း အဆင့်ဆင့် ထင်ရှားလာပုံ၊ သမာဓိဥာဏ်များဖြစ်အောင် သက်စွန့်ကြိုးပမ်း အားထုတ်အပ်ပုံကို ဖော်ပြထားသော ၀ိပဿနာ ဥာဏ်စဉ်များ ဖြစ်ပုံအခန်းမှာ အလွန်စိတ်ဝင်စားဖွယ် ကောင်းသလောက် လက်တွေ့ကျကာ ခိုင်မာ တိကျလှပါသည်။

_____"ရုပ်နာမ် ၂ပါး တခြားစီ ကွဲပြားလျက် ထင်ရှားသော အခါ၌ သုတနည်းသူ ဖြစ်လျှင် ဤသို့ သဘောကျတတ်၏။ ဖောင်းတာနှင့် မှတ်တာ၊ ပိန်တာနှင့် မှတ်တာ၊ ထိုင်တာနှင့် မှတ်တာ၊ ကွေးတာနှင့် မှတ်တာ၊ ဤသို့ စသည်ဖြင့် ၂ ခု၊ ၂ ခုသာ ရှိတာပဲ။ သည့်ဟာ ၂ခု အပြင် မရှိတော့ဘူး။ လူဆိုတာလဲ သည်ဟာ ၂ ခုပဲ။ မိန်းမယောကျာ်းဆိုတာလဲ သည်ဟာ ၂ခုပဲ။ သည်ဟာ ၂ ခုမှ တပါး ပုဂ္ဂိုလ်သတ္တ၀ါကောင်ရယ်လို့ အသီးအခြား မရှိတော့ဘူး ဟူ၍ မှတ်နေဆဲမှာပင် သဘောကျလျက် ဆင်ခြင် ဆုံးဖြတ်တတ်၏။ သုတရှိသူ ဖြစ်လျှင်ကား အာရုံရုပ် မှီရာ ရုပ်နှင့် မှတ်မှု နာမ်တို့ကိုသာ မှတ်တိုင်းတွေ့မြင်ရသောကြောင့် ဤသို့သဘောကျလျက် ဆင်ခြင်ဆုံးဖြတ်တတ်၏။ ရုပ်နာမ် ၂ ပါးမျှသာ ရှိတာ ဟုတ်မှတ်ပါပေသည်။ ဤရုပ်နာမ် ၂ မျိုးမှ တစ်ပါး မိန်းမယောကျာ်း၊ ပုဂ္ဂိုလ် သတ္တ၀ါကောင် ဟူ၍ အသီးအခြား မရှိပြီ။ မှတ်ခိုက်မှာ မှတ်သိရတဲ့ ရုပ်နှင့် မှတ်သိမှုနာမ် ဤနှစ်မျိုးသာ ရှိသည်။ မမှတ်ဘဲ နေခိုက်မှာလဲ အတူတူဘဲ။ ဖြစ်ဆဲ မှီရာရုပ်နှင့် ကြံမှု စသော နာမ် ၌နှစ်မျိုးသာရှိသည်။ ဤ ရုပ်နာမ် ၂မျိုးကိုပဲ ပုဂ္ဂိုလ်သတ္တ၀ါ မိန်းမ ယောကျာ်းဟု ခေါ်ဝေါ်နေကြရပေသည်။(....)ဤသို့ စသည်ဖြင့် သဘောကျလျက် ဆင်ခြင်ဆုံးဖြတ်တတ်၏။ ထိုသို့သော ဆင်ခြင်မှုများကိုလဲ ပေါ်တိုင်းပေါ်တိုင်း ဆင်ခြင်တယ် ဆင်ခြင်တယ် ဟု မှတ်ပြီးလျှင် ဖောင်းမှု ပိန်မှု စသော မှတ်နေကျကိုသာ ဆက်၍ မပြတ်မှတ်ပါလေ" (စာ-၁၉) _____ဟု နာမရူပပရိစ္ဆေဒ ဥာဏ် ဖြစ်ပုံကို အသေးစိတ် ဖော်ပြထားသည်။

______"ထို့ထက် ဘာဝနာ ရင့်သန်သော အခါ ကိုယ်အမူအရာ တစ်စုံတစ်ခုကို ပြုရန် ကြံသော ထိုစိတ်သည် အလိုလိုပင် ထင်ရှားပေါ်၏။ ဖြစ်ပေါ်လာသည်နှင့် တပြိုင်နက် ထိုစိတ်ကို လွယ်ကူစွာပင် မှတ်သိနိုင်၏။ အားထုတ်ခါစကမူကား ကွေးမည် ကြံစဉ်မှာ ကွေးချင်တယ် ဟုမှတ်ခဲ့သော ထိုကွေးချင်တဲ့ စိတ်ကို ရှင်းလင်းစွာ မသိနိုင်ခဲ့သေး။ ဘာဝနာ ရင့်သန်သော ထိုကာလ၌ကား ကွေးချင်တဲ့ စိတ်ကို ဘယ်အရာနှင့်မျှ မရောဘဲ ရှင်းလင်းထင်ရှားစွာ သိနိုင်၏။ ထို့ကြောင့် ကိုယ်အမူအရာ ပြုပြင်လိုတိုင်း ပြုပြင်ရန် ကြံတဲ့ စိတ်ကို ရှေးဦးစွာ မှတ်ရ၏။ ထို့နောင်မှ ပြုပြင်တဲ့ ကိုယ်အမူအရာကို ဆက်၍ မှတ်ရ၏/(....)ထို့ကြောင့် ကွေးမည် ဆန့်မည် စသည်ဖြင့် ကြံတဲ့ စိတ်အမျိုးမျိုးရှိလို့ ကွေးမှု ဆန့်မှု စသော ကိုယ်အမူအရာ၊ ရုပ်အမျိုးမျိုး ဖြစ်ပေါ်နေသည် ဟူ၍လဲ မှတ်ဆဲမှာပင် သဘောကျလျက် ဆင်ခြင် ဆုံးဖြတ်မိ၏။ အအေးဓာတ် အပူဓာတ်ကြောင့် အေးရုပ်ပူရပ် အမျိုးမျိုး ဖြစ်ပေါ်နေသည် ဟူ၍လည်းကောင်း၊ စားသောက်တဲ့ အစာအာဟာရရှိလို့၊ ဤကိုယ်ရုပ်များတည်တံ့လျက် ဖြစ်နေသည် ဟူဤလည်းကောင်း၊ ဖောင်းမှု ပိန်မှု စသော မှတ်စရာတွေ ရှိလို့၊ မှတ်သိနေမှုများ ဖြစ်နေသည် ဟူ၍ လည်းကောင်း မြင်စရာ အဆင်း ကြားစရာ အသံ စသော အာရုံတွေ ရှိလို့။ မြင်မှု ကြားမှု စသော စိတ်များ ဖြစ်ပေါ်နေသည် ဟူ၍ လည်းကောင်း၊ မျက်စိ၊ နား စသော မှီရာရုပ်ရှိလို့ မြင်မှု ကြားမှု စသော စိတ်များ ဖြစ်ပေါ်နေသည် ဟူ၍ လည်းကောင်း (....) ဤရုပ်နာမ်တွေကို ဖြစ်ပေါ်အောင် ဖန်ဆင်း ပြုလုပ်ပေးသူကား မရှိပြီ။ သူတို့၏ ဆိုင်ရာ အကြောင်းများကြောင့်သာ ဖြစ်ပေါ်သည် ဟူ၍ လည်းကောင်း ဤသို့ စသည်ဖြင့်လဲ သဘောကျလျက် ဆင်ခြင်ဆုံးဖြတ်တတ်၏။ ဤသို့သော ဆုံးဖြတ်မှုမှာ ရှုမှတ်မှုကို ရပ်ဆိုင်း၍ ကြာမြင့်စွာ စဉ်းစားလျက် ဖြစ်ရသည်ကား မဟုတ်ပေ၊ မှတ်ရင်းမှတ်ရင်းပင် ရှင်းလင်းစွာ အလိုလို သိသိသွားသည်ဟု ထင်ရလောက်အောင် လျင်မြန်စွာ ဖြစ်ပေါ်လာသော သိမှု သာတည်း။ ဤဆင်ခြင်မှုများကိုလည်း ဆင်ခြင်တယ် သဘောကျတယ်၊ သိတယ် ဟု မှတ်ပြီးလျှင် မှတ်နေကျကိုသာ ဆက်၍ ဆက်၍ မပြတ်မှတ်ပါလေ။"(စာ ၂၀) _____ဟု ပစ္စယပရိဂ္ဂဟ ဥာဏ်ဖြစ်ပုံကို ဖော်ပြပါသည်။ ဤတွင် ဆင်ခြင်မှု ဟူသည်မှာ တမင် အားထုတ်ကာ တွေးခေါ်နေခြင်းမျိုးကို မဆိုလိုဘဲ တရားရှုမှတ်ရင်း သိလာသော အသိများအား အလိုအလျောက် သုံးသပ်မိခြင်း ဖြစ်သည်ကို ဆိုလိုခြင်းအား လည်းကောင်း၊ အဆိုပါဆင်ခြင်မှုများကိုလည်း ကြာရှည်လက်ခံ သိမ်းဆည်း မထားအပ်ဘဲ ဆင်ခြင်သည် စသည်ဖြင့် ရှုမှတ်အပ်ပုံကိုလည်းကောင်း သိမြင်ပြီ ဖြစ်ပါသည်။

ဤစကားကို ထင်ရှားစေဦးမည့် စာပိုဒ်တိုကလေးမှာကား ဤသို့ ဖြစ်ပါသည်။ _____"ဤလို ဆင်ခြင်မှုများကိုလည်း မှတ်ပြီးလျှင် မှတ်နေကျများကိုသာ မပြတ်မှတ်သွားပါလေ။ ဤသို့သော ဆင်ခြင်မှုမှာ ပင်ကိုယ်ဥာဏ်လဲ မထက်၊ သုတလည်း နည်းသော သူအား နည်းနည်းကျဉ်းကျဉ်းသာ ဖြစ်တတ်သည်။ (..)ဆင်ခြင်မှုကို အလေးမပြုဘဲ မှတ်မှုကိုသာ အလေးပြု၍ အတင်းမှတ်နေလျှင်ကား ထိုသူတို့မှာလည်း နည်းနည်းကျဉ်းကျဉ်းသာ ဖြစ်၍ ဥာဏ်အတက် မြန်တတ်၏။ ဤအရာ၌ အနည်းငယ် ဆင်ခြင်ရုံမျှဖြင့်လည်း ကိစ္စပြီးသည်သာဟူ၍ တစ်ထစ်ချ ယုံကြည်ထားပါလေ။" (စာ-၂၀)______


ဆက်လက်၍ ကောက်နှုတ်ဖော်ပြမည့် အကြောင်းအရာများမှာ ဖြစ်ပျက်မြင်သည်ဟု ဆိုအပ်သည့် သမ္မဿနဥာဏ်နှင့် ဥဒယဗ္ဗယ ဥာဏ်အထူးများ ဖြစ်ပုံများ ဖြစ်ပါသည်။ ဤအပိုင်းများမှာ အရေးကြီးပြီး စိတ်ဝင်စားဖွယ်လည်း ကောင်းသည်။

ဆက်ရန်...(သာသနာမှတ်ကျောက်(၂)-၀ိပဿနာရှုနည်းအကျဉ်းချုပ်(၂))

သင်္ကေတများ
(...)သည် စာများမည်စိုးသဖြင့် ချန်လှပ်ထားမှုများ
__" "__သည် ကောက်နုတ်ချက်များ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP