* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, November 15, 2009

အနှိုင်းမဲ့ဗုဒ္ဓ၏ အနှိုင်းမဲ့ တရားတော်

( ဂဏက မောဂ္ဂလ္လာနသုတ်-သာသနာ့ကျင့်စဉ် လမ်းညွှန်သူ ဥပမာ-အမြတ်ဆုံးအရာ လေးမျိုး )

အခါတပါးမှာ မြတ်စွာဘုရားဟာသာဝတ္ထိမြို့ ၀ိသာခါရဲ့ ပုဗ္ဗာရုံကျောင်းတော်မှာ သီတင်းသုံးနေတော်မူပါတယ်။ အဲဒီကျောင်းတော်ဟာ အုတ်ပြာသာဒ် (အုတ်တိုက်) ဖြစ်ပါတယ်။

အဲဒီအခါမှာ ဂဏကမောဂ္ဂလ္လာန်ဆိုတဲ့ ပုဏ္ဏားဟာ မြတ်စွာဘုရားအထံတော်သို့ ချဉ်းကပ်ပြီး-အရှင်ဂေါတမ၊ ဒီဝိသာခါရဲ့ အုတ်တိုက်ကို ဆောက်တဲ့အခါမှာ (အုတ်မြစ်ကစပြီး) အပေါ်ဆုံး လှေခါးထစ်တိုင်အောင် အဆင့်ဆင့် အစဉ်အတိုင်း ဆောက်ရပါတယ်။

ဗေဒင်သုံးပုံကို သင်တဲ့အခါမှာ တဆင့်ပြီးတဆင့် (အစမှစပြီး လွယ်ရာမှ ခက်ရာသို့) အစဉ်အတိုင်း သင်ရပါတယ်။
လေးအတတ်ကို သင်တဲ့အခါမှာလည်း တဆင့်ပြီးတဆင့် အစဉ်အတိုင်း သင်ရပါတယ်။
ကျွန်ုပ်တို့ရဲ့ ဂဏန်းအတတ်မှာလည်း တဆင့်ပြီးတဆင့် အစဉ်အတိုင်း သင်ရပါတယ်။

ကျွနုပ်တို့ထံသို့ တပည့်တယောက် ရောက်လာလျှင် တစ်အလီမှ ဆယ်အလီထိ အစဉ်အတိုင်း အဆင့်ဆင့် သင်ပေးပါတယ်။ ပြီးမှ တရာကိုလည်း ရေတွက်ခိုင်းပါတယ်။ တရာကျော်ကိုလည်း ရေတွက်ခိုင်းပါတယ်။

အရှင်ဂေါတမ အရှင်တို့ရဲ့ သာသနာတော်မှာလည်း အစမှစပြီး တဆင့်ပြီးတဆင့် အဆင့်ဆင့်ကျင့်ရတဲ့ ကျင့်စဉ် ရှိပါသလား-လို့ လျှောက်ထားခဲ့ပါတယ်။
အဲဒီအခါမှာ မြတ်စွာဘုရားက-ပုဏ္ဏား ငါဘုရားရဲ့ သာသနာမှာလည်း အစမှစပြီး အစဉ်အတိုင်း အဆင့်ဆင့် ကျင့်ရတဲ့ကျင့်စဉ် ရှိတယ်။
ပုဏ္ဏား-ဥပမာအားဖြင့် လိမ္မာကျွမ်းကျင်တဲ့ မြင်းဆရာတယောက်ဟာ ကောင်းတဲ့ အာဇာနည်မြင်းတကောင်ကိုရလျှင် ရှေးဦးစွာ ပါးစပ်၌ ဇက်ခွံ့မှုကို သင်ပေး၊ လေ့ကျင့်ပေးတယ်။ အဲဒီနောက် အဆင့်ဆင့် သင်စရာအတတ်ကို သင်ပေးတယ်။

အဲဒီဥပမာအတိုင်းပဲ လူတယောက်ဟာ ဘုရားရဲ့ သာသနာမှာ ရဟန်းပြုလာမယ်ဆိုရင် အဲဒီရဟန်းကို
(၁) သီလကို စောင့်ထိန်းရန် ဆုံးမတော်မူတယ်။
(၂) အဲဒီနောက် တဆင့်တက်ပြီး မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် ဆိုတဲ့ ဣနြေ္ဒခြောက်ပါးကို စောင့်ထိန်းရန် ဆုံးမတော်မူတယ်။
အဲဒီခြောက်ပါးကို မစောင့်စည်းလျှင် လောဘ၊ ဒေါသတွေ ဖြစ်လာတတ်တယ်။
အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိနဲ့ သဘောတရားတို့ကို အာရုံပြုတဲ့အခါ ယောက်ျားပဲ မိန်းမပဲ ဘယ်ပုံသဏ္ဌာန်ပဲလို့ မစွဲယူရန် သတိထားရတယ်။ ခြေလက်အင်္ဂါနဲ့ ပြုံးဟန် ရယ်ဟန်စတဲ့ အမူအရာ ကောင်းတဲ့အနေအထား မကောင်းတဲ့အနေအထားတို့ကို မစွဲယူရန် သတိထားရတယ်။

(၃) အဲဒီနောက် တဆင့်တက်ပြီး အစာအာဟာရကို သုံးဆေင်တဲ့အခါမှာ အတိုင်းအရှည်ကို သိရန် ဆုံးမတော်မူတယ်။
အစာအာဟာရကို သုံးဆောင်တဲ့အခါမှာ-ငါသည် မြူးတူးပျော်ပါးရန် မသုံးဆောင်ပါ၊ မာန်မာနကြီးရန်၊ အသားတိုးရန်၊ အဆင်းလှရန် မသုံးဆောင်ပါ။
ဤခန္ဓာကို တည်တံ့ရန်သာ သုံးဆောင်ပါ၏။ ဆာလောင်မွတ်သိပ်ခြင်းကို ပယ်ဖျောက်ရန်သာ သုံးဆောင်ပါ၏။ မြတ်သောအကျင့်ကို ကျင့်ကြံအားထုတ်ရန်သာ သုံးဆောင်ပါ၏။

ဤသို့သုံးဆောင်ခြင်းကြောင့် ဝေဒနာဟောင်းလည်း ကင်းပျောက်ပါစေသတည်း၊ ဝေဒနာသစ်လည်း မဖြစ်ပါစေသတည်း၊ ငါ့အား မျှတခြင်း၊ ကိုယ်ခန္ဓာ အပြစ်ကင်းခြင်း၊ ပေါ့ပါးချမ်းသာစွာ နေထိုင်ရခြင်းတို့ ဖြစ်ပါစေသတည်း-လို့ ဆင်ခြင်ရန် ဆုံးမတော်မူတယ်။

(၄) အဲဒီနောက် တဆင့်တက်ပြီး နိုးနိုးကြားကြားနေရန် ဆုံးမတော်မူတယ်။ နေ့အခါမှာ စင်္ကြံသွားခြင်းနဲ့ဖြစ်စေ၊ ထိုင်ခြင်းနဲ့ဖြစ်စေ အကုသိုလ်ကင်းအောင် အားထုတ်ပါ။
ညဥ့်ဦးယံမှာလည်း စင်္ကြံသွားခြင်းနဲ့ ဖြစ်စေ၊ ထိုင်ခြင်းနဲ့ဖြစ်စေ၊ အကုသိုလ်ကင်းအောင် အားထုတ်ပါ။
သန်းခေါင်ယံမှာ လက်ယာနံဘက်စောင်းပြီး လက်ယာခြေပေါ်မှာ လက်ဝဲခြေ စဉ်းငယ်လှန်ကာ တင်ထား၍ သတိနဲ့ဉာဏ်ယှဉ်ပြီး အိပ်ပါ။
အိပ်တဲ့အခါမှာ ဘယ်အချိန်ထမယ်လို့ နှလုံးသွင်းပြီး အိပ်ပါ။
မိုးသောက်ယံမှာ စောစောထပြီး စင်္ကြံသွားခြင်း၊ ထိုင်ခြင်းဖြင့် အကုသိုလ်ကင်းအောင် အားထုတ်ပါလို့ ဆုံးမတော်မူတယ်။

(၅) အဲဒီနောက် တဆင့်တက်ပြီး သတိထားရန်၊ ဆင်ခြင်ရန် ဆုံးမတော်မူတယ်။
ရှေ့တိုးတဲ့အခါ၊ နောက်ဆုတ်တဲ့အခါ၊ ရှေ့တည့်တည့် ကြည့်တဲ့အခါ၊ ဘေးကြည့်တဲ့အခါ၊ ကွေးတဲ့အခါ၊ ဆန့်တဲ့အခါ၊ သပိတ်ပွေ့တဲ့အခါ၊ သင်္ကန်းဝတ်ရုံတဲ့အခါ၊ စားသောက်တဲ့အခါ၊ ခဲတဲ့အခါ၊ လျက်တဲ့အခါ၊ ကျင်ကြီးကျင်ငယ် စွန့်တဲ့အခါ၊ သွားတဲ့အခါ၊ ရပ်တဲ့အခါ၊ ထိုင်တဲ့အခါ၊ လျောင်းတဲ့အခါ၊ နိုးတဲ့အခါ၊ ပြောတဲ့အခါ၊ ဆိတ်ဆိတ်နေတဲ့အခါ စသည်ဖြင့်အရာရာမှာ အမြဲတမ်း သတိထားရန် ဆင်ခြင်ရန် ဆုံးမတော်မူတယ်။
အကုသိုလ်မဖြစ်ဘဲ ကုသိုလ်ဖြစ်မှ ရှေ့တိုးခြင်း နောက်ဆုတ်ခြင်း စသည်ကို ပြုလုပ်ရန် ဆုံးမတော်မူတယ်။

( ၆) အဲဒီနောက် တဆင့်တက်ပြီး ဆိတ်ငြိမ်ရာမှာ နေရန် ဆုံးမတော်မူတယ်။
ရဟန်း-သင်သည် ဆိတ်ငြိမ်ရာ ကျောင်းမှာနေပါ။ တောမှာဖြစ်စေ၊ သစ်ပင်ရင်းမှာဖြစ်စေ၊ နေပါ။ တောင်မှာဖြစ်စေ၊ ချောက်မှာဖြစ်စေ၊ တောင်ခေါင်းမှာဖြစ်စေ၊ သင်္ချိုင်းမှာဖြစ်စေ၊ တောအုပ်မာဖြစ်စေ၊ လွင်ပြင်မှာဖြစ်စေ၊ ကောက်ရိုးပုံမှာဖြစ်စေ နေပါ-လို့ ဆုံးမတော်မူတယ်။

ပုဏ္ဏား အဲဒီရဟန်းဟာ ငါဘုရားရဲ့ အဆုံးအမအတိုင်း ဆိတ်ငြိမ်တဲ့နေရာမှာ သီတင်းသုံးနေတယ်။ သူဟာ ဆွမ်းခံပြန်ကြွလာတဲ့အခါ ဆွမ်းစားပြီးနောက် ကမ္မဋ္ဌာန်းထိုင်တယ်။ ထိုင်တဲ့အခါ ထက်ဝယ်ဖွဲ့ခွေ (တင်ပလ္လင်ခွေ) ပြီး ခန္ဓာကိုယ်ကို ဖြောင့်မတ်စွားထားတယ်။ သတိကို ကမ္မဋ္ဌာန်းဘက်မှာ ဦးတည်ထားတယ်။ အဲဒီရဟန်းဟာ ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်အထိ ရနိုင်တယ်။

ပုဏ္ဏား-ငါဘုရားရဲ့ ဒီအဆုံးအမများဟာ ရဟန္တာမဖြစ်သေးတဲ့ ရဟန်းများအတွက် (ရဟန္တာဖြစ်ရန်) ဖြစ်တယ်။ ရဟန္တာရဟန်းများအတွက် မျက်မှောက်ဘ၀မှာ ချမ်သားစွာနေရကြောင်း ဖြစ်တယ်။ သတိတရား၊ ဆင်ခြင်ဉာဏ်တရားတို့ တိုးပွားကြောင်းဖြစ်တယ်။ အဲဒီအခါမှာ ဂဏကမောဂ္ဂလ္လာန်ပုဏ္ဏားက မြတ်စွာဘုရားအား-
အရှင်ဂေါတမ အရှင်ဂေါတမက ဒီလိုဆုံးမလိုက်တဲ့အခါ အရှင်ဂေါတမရဲ့ တပည့်အားလုံးဟာ နိဗ္ဗာန်ရောက်ကြပါသလားဘုရား-လို့ မေးမြန်းလျှောက်ထားတဲ့အခါ-
ပုဏ္ဏား-တချို့ရောက်ပြီး တချို့မရောက်ကြပါဘူး-လို့ ဖြေကြားတော်မူခဲ့ပါတယ်။

အဲဒီအခါမှာ ဂဏကမောဂ္ဂလ္လာန် ပုဏ္ဏားက-
အရှင်ဂေါတမ နိဗ္ဗာန်ဟာ တကယ်ရှိတယ်၊ နိဗ္ဗာန်ရောက်ကြောင်းကို အရှင်ဂေါတမကလည်း ဟောပြတယ်။ သို့ပါလျက် အရှင်ဂေါတမရဲ့ တပည့်များဟာ ဘာကြောင့် တချို့သာ နိဗ္ဗာန်ရောက်ပြီး တချို့မရောက်ကြပါသလဲဘုရား-လို့ လျှောက်ထားခဲ့ပါတယ်။

အဲဒီအခါမှာ မြတ်စွာဘုရားက-
ပုဏ္ဏား-ရာဇဂြိုဟ်မြို့ သွားတဲ့လမ်းကို သင်ညွှန်ပြနိုင်ပါသလား-လို့မေးမြန်းတော်မူခဲ့ပါတယ်။
မှန်ပါ-ညွှန်ပြနိုင်ပါတယ်ဘုရား-လို့ လျှောက်ထားတဲ့အခါ-
ပုဏ္ဏား-ရာဇဂြိုဟ်မြို့ကို သွားချင်တဲ့ လူတယောက် သင့်အထံသို့ ရောက်လာတယ်။ သင်ကလည်း ရာဇဂြိုဟ်သွားလမ်းကို ညွှန်ပြတယ်။ ဒါပေမဲ့ အဲဒီလူက သင်ပြတဲ့အတိုင်း မသွားဘဲ နောက်ပြန်လှည့်လာတယ်။ ဒီတော့ ရာဇဂြိုဟ်မြို့ကို မရောက်ဘူး။

ရာဇဂြိုဟ်မြို့ကို သွားချင်တဲ့ ဒုတိယလူတယောက် သင့်အထံရောက်လာတယ်။ သင်ကလည်း ရာဇဂြိုဟ်သွားလမ်းကို ညွှန်ပြတယ်။ ဒီဒုတိယလူကတော့ သင်ပြတဲ့အတိုင်း သွားတယ်။ ဒါကြောင့် သူဟာ ရာဇဂြိုဟ်သို့ လွယ်လွယ်ကူကူ ရောက်သွားတယ် ဆိုပါတော့။
ပုဏ္ဏား အဲဒီလူနှစ်ယောက်အနက် ဘာကြောင့် ပထမလူက ရာဇဂြိုဟ်ကို မရောက်ဘဲ ဒုတိယလူက ရောက်သလဲ-လို့မေးမြန်းတော်မူခဲ့ပါတယ်။

အရှင်ဂေါတမ-ဒီ (ပထမလူမရောက်တဲ့) အရာမှာ ကျွန်ုပ်ဘာမှ မတတ်နိုင်ပါ။ ကျွန်ုပ်ဟာ ခရီးလမ်းညွှန်သူမျှသာ ဖြစ်ပါတယ်-လို့ လျှောက်ထားတဲ့အခါ-
ပုဏ္ဏား-တချို့ရဟန်းများ နိဗ္ဗာန်မရောက်တဲ့အရာမှာ ငါဘုရားဟာ ဘာမှမတတ်နိုင်ပါ။ ငါဘုရားဟာ နိဗ္ဗာန်လမ်းညွှန်သူမျှသာ ဖြစ်တယ်-လို့ မိန့်ကြားတော်မူခဲ့ပါတယ်။
အဲဒီအခါမှာ ဂဏကမောဂ္ဂလ္လာန်ပုဏ္ဏားက မြတ်စွာဘုရားအား-

အရှင်ဂေါတမ တချို့ပုဂ္ဂိုလ်များဟာ ယုံကြည်ခြင်း သဒ္ဓါတရား မရှိကြဘဲလျက် အသက်မွေးမှု အတွက်သာ ရဟန်းပြုသူများ ဖြစ်ကြတယ်။ သဒ္ဓါတရားဖြင့် ရဟန်းပြုသူများ မဟုတ်ကြ။ စဉ်းလဲကြတယ်။ လှည့်ပတ်ကြတယ်။ လိမ်လည်ကောက်ကျစ်ကြတယ်။ ပျံ့လွင့်ကြတယ်။ မာန်တက်ကြတယ်။ လျှပ်ပေါ်လော်လီကြတယ်။ နှုတ်ထွက်ကြမ်းကြတယ်။ ပရမ်းပတာ ပြောကြတယ်။ မျက်စိစတဲ့ ဣနြေ္ဒတံခါးကို ပိန်ဆို့မထားကြ။ အစားအစာ၌ အတိုင်းအရှည်ကို မသိကြ။ နိုးနိုးကြားကြား မနေကြ။ ရဟန်းတရား၌ မငဲ့ကွက်ကြ။ သိက္ခာပုဒ်ကို သိပ်မလေးစားကြ။ လာဘ်များရန်သာ ကျင့်ကြတယ်။ ဘုရားအဆုံးအမကို ပေါ့ပေါ့ဆဆ နာယူကြတယ်။ ဆုတ်ယုတ်ခြင်းသို့ ဦးတည်နေကြတယ်။ နိဗ္ဗာန်ရရန် ကြောင့်ကြမစိုက်ကြ။ ပျင်းရိကြတယ်။ လုံ့လနည်းကြတယ်။ သတိကင်းကြတယ်။ ဆင်ခြင်ဉာဏ် မရှိကြ။ စိတ်လေကြတယ်။ ပညာမဲ့ကြတယ်။ ထိုင်း,အကြတယ်။
အရှင်ဂေါတမဟာ အဲဒီပုဂ္ဂိုလ်များနဲ့ အတူ နေတော်မမူပါ။

တချို့ အမျိုးကောင်းသားများဟာ သဒ္ဓါတရားဖြင့် ရဟန်းပြုလာကြသူများ ဖြစ်ကြတယ်။ မစဉ်းလဲကြ။ မလှည့်ပတ်ကြ၊ မလိမ်လည် မကောက်ကျစ်ကြ၊ မပျံ့လွင့်ကြ၊ မာန်မာနမကြီးကြ၊ မလျှပ်ပေါ် မလော်လည်ကြ၊ နှုတ်ထွက် မကြမ်းကြ၊ ပရမ်းပတာ မပြောဆိုကြ၊ မျက်စိ စသော ဣနြေ္ဒတံခါးတို့ကို ပိတ်ဆို့ထားကြတယ်။ အစားအစာ၌ အတိုင်းအရှည်ကို သိကြတယ်။ နိုးနိုးကြားကြား နေကြတယ်။ ရဟန်းတရားကို ငဲ့ကွက်ကြတယ်။ သိက္ခာပုဒ်ကို အလွန်လေးစားကြတယ်။ လာဘ်များရန်သာ မကျင့်ကြ၊ ဘုရားအဆုံးအမကို ပေါ့ပေါ့ဆဆ မနာယူကြ။ ဆုတ်ယုတ်ကြောင်း (အကုသိုလ်ကို ပြုဖို့ရာ) ကြောင့်ကြ မစိုက်ကြ။ နိဗ္ဗာန်သို့ဦးတည်၍ ကျင့်ကြတယ်။ ၀ီရိယရှိကြတယ်။ နိဗ္ဗာန်အတွက် စိတ်ထက်သန်ကြတယ်၊ သတိရှိကြတယ်၊ ဆင်ခြင်ဉာဏ် ရှိကြတယ်၊ တည်ကြည်ကြတယ်၊ စိတ်မလေကြ၊ ပညာရှိကြတယ်၊ မထိုင်း မအကြ။
အရှင်ဂေါတမဟာ အဲဒီပုဂ္ဂိုလ်များနှင့်အတူ နေတော်မူပါတယ်။

အရှင်ဂေါတမ၊ အမြစ်နံ့သာ ဟူသမျှတို့တွင် စန္ဒကူးနက် အမြတ်ဆုံး ဖြစ်ပါတယ်။
အနှစ်နံ့သာ ဟူသမျှတို့တွင် စန္ဒကူးနီ အမြတ်ဆုံး ဖြစ်ပါတယ်။
အပွင့်နံ့သာ ဟူသမျှတို့တွင် မုလေးပန်း အမြတ်ဆုံး ဖြစ်ပါတယ်။
ယခုလက်ရှိတရားတို့တွင် အရှင်ဂေါတမ၏ အဆုံးအမ တရားတော် အမြတ်ဆုံး ဖြစ်ပါတယ်ဘုရား။

အရှင်ဂေါတမ၊ အရှင်ဂေါတမရဲ့ တရားတော်ဟာ အလွန်နှစ်သက်ဖွယ် ကောင်းလှပါပေတယ်။
အရှင်ဂေါတမ၊ အရှင်ဂေါတမရဲ့ တရားတော်ဟာ အလွန်နှစ်သက်ဖွယ် ကောင်းလှပါပေတယ်။
အလွန်ထင်ရှားလှပါပေတယ်။ မှောက်ထားတဲ့အိုးကို လှန်ပြသကဲ့သို့လည်း ဖြစ်ပါတယ်။ မျက်စိလည်နေသူအား လမ်းမှန်ကို ညွှန်ပြသကဲ့သို့လည်း ဖြစ်ပါတယ်။ မျက်စိကောင်းတဲ့သူတွေ အဆင်းကိုမြင်ရအောင် အမိုက်မှောင်မှာ ဆီမီးတန်ဆောင်ကို ထွန်းပြသကဲ့သို့လည်း ဖြစ်ပါတယ်။

အရှင်ဂေါတမ၊ အကျွန်ုပ် အရှင်ဂေါတမကိုလည်း ဆည်းကပ်ကိုးကွယ်ပါတယ်၊
တရားတော်ကိုလည်း ဆည်းကပ်ကိုးကွယ်ပါတယ်၊
သံဃာတော်ကိုလည်း ဆည်းကပ်ကိုးကွယ်ပါတယ်၊
အရှင်ဂေါတမက အကျွန်ုပ်ကို ယနေ့မှစ၍ အသက်တမျှ ဆည်းကပ်ကိုးကွယ်တဲ့ ဥပါသကာ (ဒကာတယောက်) ဟု သိမှတ်တော်မူပါ-လို့လျှောက်ထားခဲ့ပါတယ်။

( အရှင်သာသန၀ရ-ဓမ္မာစရိယ၊ MA)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP