* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, November 24, 2009

လွတ်မြောက်ခြင်းငှါ သင့်လှသည်သာတည်း...

အဿုသုတ်...

သာဝတ္ထိပြည်၌ သီတင်းသုံး နေတော်မူ၏။ ရဟန်းတို့ ဤသံသရာ၏ အစကို မသိနိုင်၊ မသိမှု 'အဝိဇ္ဇာ'ဖြင့် ပိတ်ဖုံးအပ်ကုန်သည် တဏှာနှောင်ကြိုးဖြင့် ဖွဲ့ချည်အပ်ကုန်သည် ဖြစ်၍ ဤဘဝမှ ထိုဘဝ ထိုဘဝမှ ဤဘဝသို့ ပြေးသွားကျင်လည်ကြရကုန်သော သတ္တဝါတို့၏ ရှေ့အစွန်းသည် မထင်။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း...
ဤရှည်စွာသော အဓွန့်ကာလ၌ ဤဘဝမှ ထိုဘဝ ထိုဘဝမှ ဤဘဝသို့ ပြေးသွားကျင်လည်ကြရကုန်စဉ် မချစ်မနှစ်သက်အပ်သော သူတို့နှင့် ပေါင်းဖော်ရခြင်းကြောင့်လည်းကောင်း၊ ချစ်နှစ်သက်ကုန်သော သူတို့နှင့် ကွေကွင်းရခြင်းကြောင့်လည်းကောင်း မြည်တမ်းငိုကြွေးရကုန်သော သင်တို့၏ ယိုစီးသော မျက်ရည်ကြည်နှင့် မဟာသမုဒ္ဒရာလေးစင်းရေသည် အဘယ်က ပိုလွန် များပြားသနည်းဟု မေးတော်မူ၏။ အသျှင်ဘုရား ဤရှည်စွာသော အဓွန့်ကာလ၌ ဤဘဝမှ ထိုဘဝ ထိုဘဝမှ ဤဘဝသို့ ပြေးသွား ကျင်လည်ကြရကုန်စဉ် မချစ်မနှစ်သက်အပ်သောသူတို့နှင့် ပေါင်းဖော်ရခြင်းကြောင့် လည်းကောင်း၊ ချစ်နှစ်သက်ကုန်သော သူတို့နှင့် ကွေကွင်းရခြင်းကြောင့် လည်းကောင်း မြည်တမ်းငိုကြွေးရကုန်သော အကျွန်ုပ်တို့၏ ယိုစီးသော မျက်ရည်ကြည်သည် သာလျှင် များလှပါ၏၊ မဟာသမုဒ္ဒရာလေးစင်းရေသည် မများလှပါဟု မြတ်စွာဘုရား ဟောတိုင်းသော အခြင်းအရာဖြင့် တရားတော်ကို အကျွန်ုပ်တို့ သိရပါကုန်၏ ဟု လျှောက်ကုန်၏။

ရဟန်းတို့ ကောင်းလေစွ ကောင်းလေစွ၊ ရဟန်းတို့ ဤရှည်စွာသော အဓွန့်ကာလ၌ ဤဘဝမှ ထိုဘဝ ထိုဘဝမှ ဤဘဝသို့ ပြေးသွားကျင်လည် ကြရကုန်စဉ် မချစ်မနှစ်သက်အပ်သော သူတို့နှင့် ပေါင်းဖော်ရခြင်းကြောင့် လည်းကောင်း၊ ချစ်နှစ်သက်ကုန်သော သူတို့နှင့် ကွေကွင်းရခြင်းကြောင့် လည်းကောင်း မြည်တမ်းငိုကြွေးရကုန်သော သင်တို့၏ ယိုစီးသော မျက်ရည်ကြည်သည်သာလျှင် များလှပေ၏၊ မဟာသမုဒ္ဒရာလေးစင်း ရေသည် မများလှ ဟု ဤငါဟောတိုင်းသော အခြင်းအရာဖြင့် တရားတော်ကို ကောင်းစွာ သိကြကုန်၏။

ရဟန်းတို့ ရှည်စွာသော နေ့ညဥ့်တို့ပတ်လုံး သင်တို့သည် အမိ၏ သေခြင်းကို တွေ့ကြုံခံစားရဖူး လှလေပြီ၊ ထိုအမိ၏ သေခြင်းကို တွေ့ကြုံခံစားရကုန်သည် ဖြစ်၍ မချစ်မနှစ်သက်အပ်သော သူတို့နှင့် ပေါင်းဖော်ရခြင်းကြောင့် လည်းကောင်း၊ ချစ်နှစ်သက်အပ်သော သူတို့နှင့် ကွေကွင်းရခြင်းကြောင့် လည်းကောင်း မြည်တမ်းငိုကြွေးရကုန်သော ထိုသင်တို့၏ ယိုစီးသော မျက်ရည်ကြည်သည် များလှလေပြီ၊ မဟာ သမုဒ္ဒရာလေးစင်းရေသည် မများလှပေ။

သင်တို့သည် အဖ၏ သေခြင်းကို တွေ့ကြုံခံစားရဖူးလှလေပြီ။ ပ။
အစ်ကို၏ သေခြင်းကို တွေ့ကြုံခံစားရဖူးလှလေပြီ။
နှမ၏ သေခြင်းကို တွေ့ကြုံခံစားရဖူးလှလေပြီ။
သား၏ သေခြင်းကို တွေ့ကြုံခံစားရဖူးလှလေပြီ။
သမီး၏ သေခြင်းကို တွေ့ကြုံခံစားရဖူးလှလေပြီ။
ဆွေမျိုးတို့၏ ပျက်စီးခြင်းကို တွေ့ကြုံခံစားရဖူးလှလေပြီ။
စည်းစိမ်ဥစ္စာ ပျက်စီးခြင်းကို တွေ့ကြုံခံစားရဖူးလှလေပြီ။
ရဟန်းတို့ ရှည်စွာသော နေ့ညဥ့်တို့ပတ်လုံး သင်တို့သည် ရောဂါနှိပ်စက် ပျက်စီးခြင်းကို တွေ့ကြုံခံစားရဖူးလှလေပြီ။ ရောဂါနှိပ်စက်ပျက်စီးခြင်းကို တွေ့ကြုံ ခံစားရကုန်သည် ဖြစ်၍ မချစ်မနှစ်သက်အပ်သော သူတို့နှင့် ပေါင်းဖော်ရခြင်း ကြောင့်လည်းကောင်း၊ ချစ်နှစ်သက်အပ်သော သူတို့နှင့် ကွေကွင်းရခြင်းကြောင့် လည်းကောင်း မြည်တမ်းငိုကြွေးရကုန်သော ထိုသင်တို့၏ ယိုစီးသော မျက်ရည်ကြည်သည် များလှလေပြီ၊ မဟာသမုဒ္ဒရာလေးစင်းရေသည် မများလှပေ။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ဤသံသရာ၏ အစကို မသိနိုင်။ပ။

ဤသို့လျှင် အလုံးစုံသော သင်္ခါရတို့၌ ငြီးငွေ့ခြင်းငှါ သင့်လှသည်သာလျှင်တည်း၊ တပ်ခြင်းကင်းခြင်းငှါ သင့်လှသည်သာလျှင်တည်း၊ လွတ်မြောက်ခြင်းငှါ သင့်လှသည်သာလျှင်တည်း ဟု ဟောတော်မူ၏။ 126

၃ - အဿုသုတ်၊ ပဌမဝဂ်၊ နိဒါနဝဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP