* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, November 24, 2009

ဘုရားရှင်ပြုံးတော်မူတယ်…

ဤဝေါပေပါလေးအား http://www.lknt11.com/ မှကူးယူဖော်ပြပါသည်..။

နားထဲမှာ ခဏခဏကြားရတဲ့ စကားလေးတစ်ခွန်း အမြဲရှိပါတယ်။ အသက်ကြီးမှ တရားအားထုတ်မယ်ဆိုတဲ့ စကားလေးတစ်ခွန်းပါ။ လူအများစုနဲ့စကားပြောမိပြီး စကားလေးစပ်မိလို့.. တရားအလုပ် လုပ်ပါလားလို့ ပြောလိုက်ရင်..။ ငါ့အသက်ကငယ်ငယ်ပဲရှိသေးတာ.. ကြီးမှလုပ်တော့မယ်.. နောက်ပြီး.. တရားအလုပ်ဆိုတာ ဘုန်းကြီးတွေနဲ့ပဲဆိုင်တာပါ.. ငါတို့ အလုပ်မဟုတ်ပါဘူး.. ဆိုပြီး ဆင်ခြေအမျိုးမျိုးပေးနေတဲ့လူတွေ တော်တော်များပါတယ်။ ဆင်ခြေပေးတဲ့လူတွေများလာတော့.. သူတို့ကိုကြည့်ပြီးတော့ တခါတခါကျ မေးလိုက်ချင်တယ်။ အသက်ကြီးမှလုပ်မယ်ဆိုတော့ ဘယ်လောက်ထိ နေရမယ်ဆိုတာ သိလို့လားဆိုတဲ့ မေးခွန်းတစ်ခုပါ။ နောက်ပြီး သေနေ့စေ့လို့ သေမင်းခေါ်မယ့်အချိန်ကျရင်လည်း.. ငါကတရားအားမထုတ်ရသေးလို့ ပြီးမှလိုက်ခဲ့မယ်လို့ရော ဆင်ခြေပေးလို့ရမှာလားဆိုတဲ့ မေးခွန်းလေးတွေပါ။ အဲ့ဒါတွေမေးလိုက်ရင်လည်း.. မလုပ်ချင်တဲ့သူဟာ ဘယ်လိုပြောပြော ရလိ့မ်မယ် မထင်ပါဘူး။ လူတိုင်းလူတိုင်းမှာ သူ့ခံယူချက် သူ့အယူအဆနဲ့သူရှိကြတော့ အတင်းကြီးတိုက်တွန်းပြောဆိုလို့လည်း မဖြစ်ပြန်ပါဘူး။ ဒီတော့ သူတို့ပြောတဲ့စကားတွေမှန်မမှန်ကို ဘုရားအဆုံးအမတွေနဲ့ပဲ တိုက်ကြည့်ပြချင်ပါတယ်။

ဘုရားရှင်ဟောပြဆုံးမထားတဲ့ ပုထုဇဉ်တွေကြိုမသိနိုင်တဲ့ အရာငါးမျိုးဆိုတာ ရှိပါတယ်။ အဲ့ဒါတွေကတော့ (၁) ဇီဝိတိ= ဘယ်အသက်အရွယ်မှာ သေရမယ်ဆိုတာ ကြိုမသိနိုင်ဘူး (၂) ဗျာဓိ= ဘယ်အနာရောဂါနဲ့ သေရမယ်ဆိုတာ ကြိုမသိနိုင်ဘူး (၃) ကာလိ= မနက်၊ နေ့လည်၊ ည၊ ဘယ်ကာလမှာ သေရမယ်ဆိုတာ ကြိုမသိနိုင်ဘူး (၄) ဒေဟနိက္ခေပနံ= ဘယ်နေရာ၊ ဘယ်ဒေသမှာသေမယ်၊ ဘယ်သုဿာန်မှာ သင်္ဂြီုဟ်မယ်ဆိုတာလည်း ကြိုမသိနိုင်ဘူး (၅) ဂတိ= ဘယ်ဘုံရောက်မယ်ဆိုတာလည်း ကြိုမသိနိုင်ဘူး ဆိုတဲ့ အချက်ငါးချက်ပါ။ ဒါတွေဟာ တကယ်တမ်းတိုက်ပြီး စစ်ဆေးကြည့်လိုက်တော့ လုံးဝကို မှန်နေတာပါနော်။ ဒါကိုတောင်မှ အသက်ကြီးမှလုပ်မယ်.. နောက်မှလုပ်မယ်ဆိုတော့ ဘယ်လိုပြောရပါ့မလဲ..။ ကိုယ့်ရှေ့မှာတင် အသက်ကြီးသည်ငယ်သည်မဟုတ်ဘူး.. တဖြုတ်ဖြုတ်နဲ့ ကြွေပြနေတဲ့သူတွေကလည်း ဘုရားအဆုံးအမက အမှန်ပဲဆိုတာကို သက်သေပြနေသလိုပါပဲ။ ဒါကိုတောင်မှ အသက်ကြီးမှလုပ်မယ်လို့ ပြောထွက်ကြတယ်။ ဒီလိုပဲ ဘုရားအဆုံးအမကို အသက်ကြီးမှလုပ်မယ်ဆိုပြီး မလုပ်ဖြစ်ဘဲ ခွက်လက်ဆွဲတောင်းစားရတဲ့ ဘုရားရှင် လက်ထက်က သာဓကတစ်ခု ထုတ်ပြချင်ပါတယ်။ ဘုရားရှင်ကိုယ်တော်တိုင် ပြုံးတော်မူပြီး ဆုံးမပြောကြားခဲ့တဲ့ ဇတ်ကြောင်းလေးတစ်ခုပါ။

ဘုရားရှင်လက်ထက်တော် အခါတုန်းက ကုဋေပေါင်းများစွာကြွယ်ဝတဲ့ သူဋ္ဌေးကြီးလင်မယားနှစ်ယောက် ရှိပါတယ်။ သူတို့နှစ်ဦးမှာ သူဋ္ဌေးကြီးဟာ ပထမအရွယ်မှာ စီးပွားရှာမယ်ဆို ပထမတန်းစားသူဋ္ဌေးကြီးအဖြစ် ရောက်ရှိမှာဖြစ်ပြီး.. တရားရှာမယ်ဆိုရင် ရဟန္တာဖြစ်တဲ့အထိ ပါရမီတွေပါလာပါတယ်။ သူဋ္ဌေးကတော်ကတော့ ပထမအရွယ်မှာ စီးပွားရှာမယ်ဆို ပထမတန်းစားသူဋ္ဌေးမကြီးဖြစ်ပြီး.. တရားရှာမယ်ဆိုရင် အနာဂါမ်ဖြစ်တဲ့အထိ ပါရမီပါရှိပါတယ်။ ဒုတိယအရွယ် တတိယအရွယ်တွေမှာလည်း သူတို့တွေ တရားထူးရဖို့ ပါရမီတွေပါရှိခဲ့ပါတယ်။ ဒါပေမယ့် တရားအလုပ်ကိုကိုယ်နဲ့ မဆိုင်သလိုနေပြီး မိတ်ဆွေပေါင်းမှားကာ ပျက်ဆီးချင်တိုင်း ပျက်ဆီးခဲ့တဲ့အတွက် ခွက်လက်ဆွဲတောင်းစားရတဲ့ ဘ၀အထိကို ရောက်သွားရတာပါ။ တတိယအရွယ်ထိကျော်လွန်လာပြီး အသက်(၈၀)ကျော်လာတဲ့ အချိန်မှာတော့ သူတို့မှာရှိတဲ့ငွေကြေးလည်း ဆုံးရှုံး တရားထူးလည်းမရနဲ့.. ဘ၀ကို မလှမပ ဇတ်သိမ်းသွားရတဲ့ ဇတ်ကြောင်းလေးပါ။


အဲ့ဒီ့ဇာတ်ကြောင်းလေးမှာ ခွက်လက်ဆွဲတောင်းနေတဲ့ လင်မယားနှစ်ယောက်ကိုစတွေ့တော့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ပြုံးတော်မူပါတယ်။ ဘုရားရှင်တို့ ပြုံးတော်မူတယ်ဆိုတာ အကြောင်းအရင်းရှိပါတယ်။ ပြုံးတော်မူတဲ့အခါမှာတော့ အရှင်အာနန္ဒာက မေးပါတယ်။ ဘာလို့ပြုံးတော်မူတာလဲအရှင်ဘုရား ဆိုတော့.. ဘုရားရှင်ကိုယ်တော်မြတ်ကြီးက သူ့ရဲ့တပည့်သား သံဃာတော်တွေကို ဆုံးမသြ၀ါဒ ပေးတော်မူပါတယ်။ ချစ်သားတို့.. တကယ်တော့ ဒီသူဋ္ဌေးလင်မယားနှစ်ယောက်ဟာ ရှေးဘ၀က မဂ်ဥာဏ် ဖိုလ်ဥာဏ်ရဖို့ ပါရမီတွေအပြည့်ပါရှိခဲ့တယ်.. ဒါပေမယ့် သူတို့ဟာ ပထမအရွယ် ဒုတိယအရွယ် တတိယအရွယ်ဆိုတဲ့ အရွယ်သုံးပါးလုံးမှာ တရားဓမ္မကို ကြိုးစားအားထုတ်ဖို့ မေ့လျော့ခဲ့ကြတဲ့အတွက် မဂ်ဥာဏ်ဖိုလ်ဥာဏ်နဲ့ ဝေးခဲ့ရတယ်.. ဆိုတဲ့ ဆုံးမစကားလေးပါ။ ဘုရားရှင်ရဲ့ပါဋ္ဌိတော်မှာတော့ အကျယ်ဖွင့် ပြထားပါတယ်။ ကျွန်တော့်အနေနဲ့ အများနားလည်လွယ်အောင်ပဲ ရေးပေးလိုက်တာပါ။


ဒီအကြောင်းအရာလေးတွေးမိတော့ အင်မတန်သံဝေဂရမိပါတယ်။ ဒီလောက် မဂ်ဥာဏ်ဖိုလ်ဥာဏ် ရရှိဖို့ ပါရမီတွေ ပါရှိလာတာတောင် တရားအားထုတ်ဖို့ မေ့လျော့ခဲ့တဲ့အတွက် မဂ်တရားဖိုလ်တရားနဲ့ ဝေးခဲ့ရတယ်ဆိုတဲ့ အချက်လေးပါ။ ရှေးကအတိတ်ကံတွေ ဘယ်လောက် ကောင်းခဲ့ကောင်းခဲ့ ဒီဘ၀မှာ ကြိုးစားအားထုတ် ကျင့်ကြံမှုမရှိဘူးဆိုရင် ဘုရားရှင်တောင် မကယ်နိုင်ဘူးဆိုတဲ့ အသိလေးလည်း မှတ်သားမိပါတယ်။ ဘုရားရှင်ပြုံးတော်မူတယ်ဆိုတာလည်း သူ့တပည့်သားသံဃာတော်တွေကို ဒီအချက်လေးကို သိစေချင်လို့ပါပဲ။ ဘုရားရှင်လက်ထက်မှာ ဘုရားရှင်ပင် ရှိနေပါစေ.. ကိုယ်တိုင် မကျင့်ကြံအားမထုတ်ဖူးဆိုရင် ဘာမှအလွယ်တကူ မရနိုင်ဘူးဆိုတာကို ဘုရားရှင်က သိစေလိုတယ်လို့ ကျွန်တော်ကတော့ ယူဆမိပါတယ်။ ပါရမီတွေဘယ်လောက်ရှိခဲ့ရှိခဲ့ အရွယ်သုံးပါးကို ကျော်လွန်ပြီး အသက်အရွယ်အိုမင်းရင့်ရော်တဲ့အခါမှာ တရားအားထုတ်ဖို့ဟာ အင်မတန် ခက်ခဲတယ်ဆိုတာလည်း သိလာရပါတယ်။ ဒါမလို့လည်း ဘုရားရှင်က တရားအားထုတ်လို့မရတဲ့ဘေးမှာ အသက်အရွယ်အိုမင်းရင့်ရော်ခြင်းကို ပထမအချက်အနေနဲ့ ဟောပြဆုံးမထားတာပါ။


ဒီဇာတ်လမ်းမှာ.. သူဋ္ဌေးလင်မယားဟာ အသက်(၈၀)ကျော်အထိ နေသွားရတဲ့သူတွေပါ။ ကျွန်တော်တို့ လက်ရှိအနေနဲ့ဆိုရင် သူတို့လိုနေရမယ်လို့တောင် ပြောလို့မရနိုင်ပါဘူး။ သေမင်းကလည်း သူခေါ်ချင်တဲ့အချိန် ခေါ်တာပါ။ ကိုယ့်အနေနဲ့ကလည်း ဘယ်လောက်နေချင်နေချင် ကံပါသလောက်ပဲ လောကကြီးမှာ နေခွင့်ရတာပါ။ ဒါတောင်မှ မသိခြင်းများစွာနဲ့ အနာဂတ်ကိုမျှော်လင့်ပြီး လက်တွေ့ဘ၀ကို တရားနဲ့အညီ မနေနိုင်တာကြတွေဟာ နှမြောဖို့ ကောင်းပါတယ်။ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ ဆုံးမစကားနဲ့ပြောရရင်တော့ အ၀ိဇ္ဇာ၊ တဏှာဖုံးလွှမ်းမှုတွေ အားကြီးလွန်းတော့ သေဖို့ကို အမေ့ကြီးမေ့ပြီး နေဖို့ကိုပဲ ပြင်ဆင်နေကြတဲ့ အကန်းပုထုဇဉ်တွေလို့ပဲ ပြောရတော့မှာပါ


ဓမ္မဘေရီဆရာတော်ဘုရားကြီး ဆုံးမသြ၀ါဒပေးသလိုဆိုရင်တော့.. ငါးပျော်မပျော်ကြနဲ့.. ငါးတွေဟာတဖြေးဖြေး ရေခမ်းလာပြီး စည်ကားလာတာကို အပျော်ကြီး ပျော်နေကြတယ်.. ဒါပေမယ့် သူတို့ဟာ တဖြေးဖြေး ရေခမ်းလာတာကိုတော့ မေ့နေကြတယ်ဆိုတဲ့ ဆုံးမစကားလေးပါ။ ကျွန်တော်တို့တွေလည်း ဒီလိုပါပဲနော်.. တဖြေးဖြေးနဲ့အိုအိုလာတာဟာ ရေခမ်းခမ်းလာတာပါ။ ရေမခမ်းခင်မှာလည်း ငါးမျှားတံနဲ့ပါသွားချင်လည်း ပါသွားနိုင်ပါတယ်။ ဒ့ါကြောင့်.. နေဖို့ကိုလည်း ပြင်ဆင်သလို သေဖို့ကိုလည်း ပြင်ဆင်ပါလို့ သတိပေးလိုပါတယ်။ ဖြစ်လာရတဲ့ လူ့ဘ၀အခိုက်အတန့်လေးမှာ.. မေ့လျော့မှုတွေနဲ့ မနေမိစေပဲနဲ့.. အရွယ်သုံးပါးလုံးမှာ တရားအားထုတ်ကျင့်ကြံစေချင်ပါတယ်။ ဒါမှလည်း ဘုရားရှင် ပြုံးတော်မူခဲ့တဲ့ သူဋ္ဌေးလင်မယားလိုဘ၀မျိုး မရောက်ရမှာပါ။ ဘုရားရှင်မှာကြားသွားတဲ့ နောက်ဆုံးစကားဖြစ်တဲ့ အပ္ပမာဒတရားလက်ကိုင်ထားကာ ကြိုးစားကျင့်ကြံနိုင်ကြပါစေလို့ ဆန္ဒပြုရင်း…။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP