* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, November 6, 2009

အနှိုင်းမဲ့ချမ်းသာ


မင်္ဂလာပါရှင်..ဒီနေ့ဆရာတော်ဦးဇောတိက နဲ့ အရှင်ဆန္ဒာဓိက တို့ရဲ့ဓမ္မစာပေလေးတွေကို စိတ်ဝင်တစားဖတ်မိရင်းနဲ့ ကျွန်မနှစ်သက်မိတဲ့ ဓမ္မစာပေတချို့ကို မောင်နှမတွေဖတ်နိုင်ဘို့အတွက် ပြန်လည်ဝေမျှလိုက်ပါတယ်နော်။ ဖတ်ပြီးတဲ့သူတွေများမယ်လို့ထင်ပါတယ်။ဖတ်ပြီးပေမယ့်လည်း ပြန်ဖတ်မိရင် အကျိုးရှိတဲ့ ဓမ္မစာပေလေးတွေမို့ ပြန်မှတ်မိပြီး ကိုယ့်ကိုယ်ကိုယ်ပြန်ဆင်ခြင်နိုင်တာပေါ့နော်။ ကျွန်မဆိုရင်လည်း ဆရာတော်ဦးဇောတိက နဲ့ အရှင်ဆန္ဒာဓိက တို့ရဲ့စာအုပ်တွေအိမ်မှာတော်တော်စုံအောင်ရှိနေတော့ အသိမိတ်ဆွေတွေကိုလက်ဆောင်ပေးတာပေးပြီး ကျန်ရှိတဲ့စာအုပ်လေးတွေကို အားနေရင်မကြာခဏ အကြိမ်ကြိမ်ဖတ်မိနေပါတယ်။ ဖတ်မိတော့ သတိလေးကပ်မိတယ်။ အမြဲမှတ်မိနေတဲ့ စာတွေရှိနေပေမယ့်လည်း စာတွေအားလုံးကိုတော့မမှတ်မိနိုင်တာမို့ ခဏခဏပြန်ဖတ်ဖြစ်တာပါ။

အနှိုင်းမဲ့လာဘ်

ကျန်းမာရေးကောင်းကောင်းမကောင်းကောင်း
အနာရောဂါရှိရှိ မရှိရှိ
တရားအားထုတ်မှုကိုတော့
လုံးဝလက်မလွှတ်သင့်ပါဘူး။
အနာရောဂါဖြစ်လာတာဟာ
သတိအားကောင်းဖို့ ၊မမေ့လျှော့ဖို့
ဖြစ်လာတာပဲလို့နှလုံးသွင်းပြီး
မကျန်းမာတဲ့ကြားထဲကပဲ
စွမ်းနိုင်သလောက်ကြိုးစားအားထုတ်ရပါမယ်။

အရာရာကိုအကောင်းဘက်ကနေ
ကြည့်တတ် ၊မြင်တတ် ၊နှလုံးသွင်းတတ်တဲ့
ယောနိသောမနသိကာရမရှိခြင်းကြောင့်
စိတ်ကျန်းမာရေးချို့ယွင်းရတာပါ။
စိတ်ကျန်းမာရေးချို့ယွင်းသူတွေရဲ့
အဓိကအားနဲချက်ကတော့
အရာရာကို နားလည်မှု ၊ခွင့်လွတ်မှု
ခေါင်းပါးခြင်းပါပဲ။

အကောင်းထဲမှာလည်းအဆိုးရှိ
အဆိုးထဲမှာလည်းအကောင်းရှိတာမို့
အကောင်းနဲ့အဆိုးကိုမျှတအောင်
တွေးယူပြီးစိတ်တည်ငြိမ်အောင်
ထားတတ်မယ်ဆိုရင်အကောင်းနဲ့
တွေ့လို့လည်းစိတ်မတက်တော့ပါဘူး။
အဆိုးနဲ့တွေ့လို့လည်း
စိတ်မပျက်တော့ပါဘူး။
ဒါဆိုရင်စိတ်ကျန်းမာရေးကောင်းပါပြီ။

************************************

အနှိုင်းမဲ့အပြစ်

" ဒေါသ " ဆိုတဲ့စကားလုံးကိုယ်တိုင်ကိုက
" အပြစ် " လို့အဓိပ္ပါယ်ထွက်နေတော့
ဒေါသ သမားတစ်ယောက်က
သူတစ်ပါးအပေါ်အရာရာအပြစ်မြင်တတ်တာဟာ
သိတ်တော့မဆန်းလှပါဘူး။
ဒါပေမယ့် သူတစ်ပါးရဲ့အမှား၊ရံခါ အမှန်ကို
အပြစ်မြင်၊ အပြစ်တင်မယ်ကြံတိုင်း
" ငါ့မှာရောအမှားလုံးဝ မရှိဘူးလားလို့ "
ဆင်ခြင်နှလုံးသွင်းနိုင်မယ်ဆိုရင်တော့
သူတစ်ပါးရဲ့ လုပ်ရပ်တွေအပေါ်
သည်းခံခွင့်လွှတ်နိုင်စွမ်း
တိုးပွားလာမှာ အမှန်ပါ။

မသိတဲ့သူရဲ့ အမှားကို
သိတဲ့သူက သည်းခံခွင့်လွှတ်ရပါမယ်။
မသိလို့ မှားတာကို
သည်းခံခွင့်လွှတ်နိုင်စွမ်း မရှိဘူးဆိုရင်
ကိုယ်လည်းမသိတဲ့သူစာရင်းထဲ
ဝင်သွားပါလိမ့်မယ်။
တကယ်တော့ မသိလို့မှားသူထက်
အမှားကို ခွင့်မလွှတ်နိုင်သူက
ပိုပြီး မသိရာရောက်ပါတယ်။

အရသာနဲ့ ခွန်အားဆိုတဲ့
ကောင်းကွက်ကိုမြင်တတ်တော့လည်း
ဒူးရင်းသီးဟာဈေးကြီးပေးဝယ်စားရသတဲ့
အမြတ်တနိုးသစ်သီးအဖြစ်
စားထိုက်သူတွေရဲ့ချစ်ခြင်းကို
ခံယူနေရတော့တာပါပဲ ။

**************************************
လူသားတွေရဲ့စိတ်ဓါတ်နဲ့ ဘ၀ကို ပျက်စီးအောင်ဖျက်ဆီးတတ်တဲ့ အပြစ်တွေအားလုံးထဲမှာ ဒေါသအပြစ်ဟာ အဆိုးဝါးဆုံးအပြစ်၊ ကြောက်မက်ဖွယ်အကောင်းဆုံးအပြစ်ဖြစ်ပါတယ်။" ဒေါသ " ဆိုတဲ့ စကားလုံးကိုယ်တိုင်က" အပြစ်" ဖြစ်နေလို့ပါပဲ။
ဒေါသဆိုတဲ့နေရာမှာ စိတ်တိုတာ ၊စိတ်ဆိုးတာ ၊ စိတ်ပျက်တာ၊စိတ်ညစ်တာ၊ စိတ်ကောက်တာ၊အမျက်ထွက်တာ ၊ရန်ငြိုးဖွဲ့တာ ၊ဂလဲ့စားချေတာ ၊၀မ်းနည်းတာ၊ ပူဆွေးတာ၊လွမ်းဆွတ်တာ၊စိုးရိမ်တာ ၊ကြောက်ရွံ့တာ ၊ ငိုကြွေးတာ ၊....အားလုံးပါဝင်ပါတယ်။ဒါတွေအားလုံးဟာ ဒေါသ သဘော ၊ဒေါသ လက္ခဏာတွေချည်းပါပဲ။
ဒေါသ ကဘာတွေကိုပျက်စီးစေသလဲဆိုရင်တော့ နှစ်ဖက် ကိုပျက်စီးစေပါတယ်။ဒေါသကြောင့် နှစ်ဖက်ပျက်စီးရပါတယ်။
ကိုယ် နဲ့ စိတ် ဆိုတဲ့ နှစ်ဖက် ၊ မိမိအကျိုး နဲ့ သူတစ်ပါး အကျိုးဆိုတဲ့နှစ်ဖက် ၊ ပစ္စုပ္ပန်အကျိုး နဲ့ တမလွန်အကျိုးဆိုတဲ့ နှစ်ဖက်၊အဲလိုအားဖြင့် ဒေါသကြောင့် နှစ်ဖက် ပျက်စီးရပါတယ်။
နဂိုက ရုပ်ရည်ဘယ်လောက်ပဲ ချောမောလှပပါစေ ၊ဒေါသ၀င်လာပြီဆိုရင် အရုပ်ဆိုးအကျည်းတန်သွားပါတယ်။ဒေါသဟာ လူရဲ့ပင်ကိုယ်ရုပ်အဆင်းကိုဖောက်ပြန်ပျက်စီးသွားစေပါတယ်။ကိုယ်အမူအရာ ၊နှုတ်အမူအရာတွေ ကြမ်းတမ်းရိုင်းပျ မဲ့ရွဲ့စုတ်ပြတ်ပြီး ကျက်သရေယုတ်သွားစေပါတယ်။
ဒေါသလွှမ်းမိုးနေတဲ့သူအတွက် မပြောရဲတဲ့စကား ၊မပြုရဲတဲ့အလုပ်ဆိုတာ မရှိတော့ပါဘူး ။ဘာမဆိုပြောရဲ ၊ဘာမဆိုပြုလုပ်ရဲပါတယ်။ဒါပေမယ့် ဒေါသလွှမ်းမိုးနေသူရဲ့ သန္တာန်မှာ အသိဥာဏ် အမှောင်ကျပြီး မပြောသင့်တာတွေကို ပြောသင့်တယ်ထင်တယ်၊ မပြုသင့်တာတွေကိုပြုသင့်တယ် ထင်နေတဲ့အတွက် သူပြောလိုက်သမျှ ၊ သူပြုလိုက်သမျှ အရာအားလုံးဟာ အပြောမှား ၊အပြုမှားတွေချည်းပဲဖြစ်နေတတ်ပါတယ်။
လူတွေကချီးမွမ်းရင်တော့ နှစ်သက်ကြပေမယ့်ကိုယ်လုပ်တဲ့အရာကိုမှားနေလို့ထောက်ပြဝေဖန်ခံရရင်မ
ခံချိမခံသာတွေဖြစ် ဝေဖန်တဲ့သူကို ရန်သူလို့အထင်ခံရပြီး ဒေါသတွေနဲ့ အငြိုးတွေထားတတ်ကြပါတယ်။
ဒေါသငြိမ်းကြောင်းနည်းလမ်းကောင်းတွေ အများကြီးရှိတဲ့အထဲက အလွယ်ကူဆုံး နဲ့ အရှင်းလင်းဆုံး နည်းလမ်းနှစ်ခုကတော့ အကောင်းမြင်ဝါဒလက်ကိုင်ထားခြင်း နဲ့ မေတ္တာဘာဝနာ ၊သတိပဌာန်ဘာဝနာ ပွားများခြင်းတို့ပါပဲ။
တစ်လောကလုံးရဲ့ အနှိုင်းမဲ့ကျေးဇူးရှင်ဖြစ်တဲ့ မြတ်စွာဘုရားရှင်က ဒေါသအပြစ်ဟာ အနှိုင်းမဲ့အပြစ် ဖြစ်တယ်လို့ "နတ္တိ ဒေါသ သမော ကလိ " ဆိုတဲ့ စကားတော်နဲ့ ဟောကြားညွှန်ပြထားတာမို့ လူသားတိုင်း ၊လူသားတိုင်း ဒေါသအပြစ်ဆိုတဲ့ အနှိုင်းမဲ့အပြစ်ကို အကြွင်းမဲ့ပျောက်ပျက်အောင် ဖျောက်ဖျက်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

***************************************
အရပ်ဆယ်မျက်နှာ၌ရှိကြသော
နတ်လူသတ္တ၀ါအားလုံးတို့သည်
ဘေရန်ရောဂါကင်းကွာ၍
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

(အရှင်ဆန္ဒာဓိက ၏ အနှိုင်းမဲ့ချမ်းသာ ဓမ္မစာပေမှ ကောက်နှုတ်ဖော်ပြချက်ဖြစ်ပါသည်။ )

1 comments:

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP