* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, October 8, 2009

ထူးဆန်းသော ဖြစ်ရပ်

ထူးဆန်းသည့် အဖြစ်အပျက်တရပ် ဖြစ်သည်။ ၁၉၉၂-ခုနှစ် မတ်လ ၃-ရက်နေ့တွင် မော်လမြိုင်မှ ကျုံဒိုးသို့ ပြေးဆွဲနေသော ပြည်တွင်းရေကြောင်း ကော်ပိုရေးရှင်ပိုင် စက်ကြီး-အမည်ရှိ သင်္ဘောသည် မော်လမြိုင်မှ နံနက် ၇-နာရီတွင် ကျုံဒိုးသို့ ပုံမှန်အတိုင်း ထွက်ခွာလာခဲ့သည်။

စက်ကြီးသင်္ဘောသည် ခါတိုင်းနေ့များနှင့်မတူ ခရီးစတင်ထွက်ခွါရာတွင် ဘယ်ညာလူးလိမ့်နေလေသည်။ ထိုသို့ လူးလိမ့်နေရာမှ တချက်တချက်တွင် တုန်ခါလျက် ရှေ့တိုးနောက်ဆုတ် လှုပ်ရှားနေလေသည်။ ရေယာဉ်အုပ်နှင့် တာဝန်ရှိသူတို့ ခေါင်းချင်းဆိုင် တိုင်ပင်ပြီး သင်္ဘောကို အရှိန်လျှော့၍ မောင်းနှင်စေသည်။ ခရီးသည်များ ငြိမ်ငြိမ်သက်သက် ထိုင်နေကြရန်လည်း တိုက်တွန်းမေတ္တာရပ်ခံကြသည်။ သို့သော် စက်ကြီး သင်္ဘောသည် တုန်ခါမြဲတုန်ခါလျက် လူးလိမ့်မြဲလူးလိမ့်နေလေသည်။

သင်္ဘောစီးခရီးသည်တို့သည် အကြောက်ကြီးကြောက်ကြပြီး တယောက်တပေါက် ပြောဆိုလာကြသည်။ ဤဒေသ ဤခရီးတွင် အချို့စီးပွားရေသမားတို့သည် ကိုယ်ကျိုးအတွက် မသမာမှုအမျိုးမျိုး လုပ်ကိုင်တတ်ကြသည်၊ မကြာခဏ အန္တရာယ်နှင့်လည်း ကြုံတွေ့တတ်လေသည်။ အတွေ့အကြုံအရ သင်္ဘောပေါ်တွင် အမှားတခုခုတော့ဖြစ်နေပြီဟူ၍လည်း ပြောလာကြကုန်သည်။

မော်လမြိုင်မှထွက်လာပြီး ဘုရားဖြူအရောက်တွင် လုံခြုံရေးအဖွဲ့တို့က ပစ္စည်းရှာဖွေခြင်း၊ မှတ်ပုံတင်စစ်ဆေးခြင်းကို ပြုလေသည်။ အထူးသဖြင့် သင်္ဘောပေါ်တွင်မမှန်မကန်ပြုလုပ်မှု ရှိ-မရှိ အထူးအလေးထားပြီး ရှာဖွေကြလေသည်။
သင်္ဘောသည် ဇာသပြင်အနီး ရောက်သောအခါတွင် လူးလိမ့်တုန်ခါနေခြင်းသာမကတော့ချေ။ သင်္ဘောခေါင်မိုးပေါ်ရှိ အပေါ်ပိုင်းခေါင်တိုင်မှာ နီရဲလာလေသည်။ သင်္ဘောအပေါ်ထပ်စီးသူများ ခေါင်းတိုင်နား မနေနိုင်အောင် ပူပြင်းလာလေသည်။ ခေါင်းတိုင်နှင့်ဝေးသောနေရာ အောက်ထပ်တို့ကို ပြေးဆင်းကြလေသည်။ ခဏအကြာတွင် သင်္ဘောခေါင်းတိုင်ကြီး မီးထတောက်လေသည်။ လုံခြုံရေးအဖွဲ့များက ခရီးသည်များကို မထိန်းနိုင်တော့ချေ။ သင်္ဘောပေါ်တွင် တမဟုတ်ချင်း ယောက်ယက်ခတ်နေကြတော့သည်။

ထိုစဉ် ရှာဖွေရေးအဖွဲ့တို့က သင်္ဘောအောက်ထပ် နောက်ခန်းတွင် ဂုန်နီအိတ်နှင့်ပတ်ထားသော ထူးခြားသည့် ရှည်မျောမျော သေတ္တာသဏ္ဍာန်တလုံးကို တွေ့ရှိလေသည်။ ထိုသေတ္တာပေါ်တွင် အမျိုးသမီးတစုက ထိုင်နေကြသည်။ ရှာဖွေရေးအဖွဲ့တို့က သေတ္တာကို ဂုန်နီအိတ်ဖြင့် ပတ်ချည်ထားခြင်းမှာ ထူးဆန်းနေသဖြင့် အမျိုးသမီးများကို ဖယ်ရှားလိုက်ကြသည်။ သေတ္တာတွင်ပတ်ထားသော ဂုန်နီအိတ်ကို ဓားပါးဖြင့်ဖြတ်ပြီး ခွာယူလိုက်သည်။ ထိုအခါ သေတ္တာခပ်ကျဲကျဲဖြင့် ရိုက်ထားသော ကြေးဆင်းတုတော် မတ်ရပ်ရုပ်ပွားတော်တဆူကို သေတ္တာအတွင်းမှ တွေ့ရှိလေသည်။

ရှာဖွေရေးအဖွဲ့တို့က ချက်ချင်းပင် ထိုသေတ္တာကိုထမ်းယူပြီး သင်္ဘောအပေါ် ဦးခန်းသို့ ပင့်ဆောင်သွားကြသည်။ သင်္ဘောဦးခန်းတွင် စားပွဲတလုံးပေါ်တင်ပြီး ပူဇော်ကန်တော့၍ ဆုတောင်းကြလေသည်။
ထိုသို့ ကြေးဆင်းတုရုပ်ပွားတော်ကို ပူဇော်စဉ်မှာပင် သင်္ဘောမှာ လူးလိမ့်တုန်ခါခြင်း ချက်ချင်းပျောက်၍ ငြိမ်သွားလေသည်။ ပို၍ထူးခြားသည်မှာ ခေါင်းတိုင်မီးလောင်နေသည်မှာလည်း လေမတိုက်၊ ငြိမ်းသတ်မှုမရှိဘဲ အလိုလိုငြိမ်းသွားလေသည်။

သင်္ဘောခရီးသည်တို့က သင်္ဘောဦးခန်းသို့ တိုးဝင်၍ ကြေးဆင်းတုတော်ကို အလုအယက်ဝင်ဖူးနေကြသည်။ နောက်ဆုံး မထိန်းနိုင်တော့၍ သင်္ဘောဦးခန်းတံခါးကို ပိတ်လိုက်ရသည်။ ထိုနေ့ညက ကျုံဒိုးဆိပ်ကမ်းသို့ သင်္ဘောဆိုက်ကပ်ချိန်တွင် တဆင့်စကား သတင်းကြားသည့် ပရိသတ်များက အလုအယက် သင်္ဘောပေါ်တက်ရောက်ပြီး ကြေးဆင်းတုတော်ကို ဖူးမြော်ကြသည်။ ပရိသတ်တို့ကို မထိန်းနိုင်တော့သဖြင့် တာဝန်ရှိသူတို့က ပင့်ဆောင်ပြီး ကျုံဒိုးကမ်းနားရှိ ဆုတောင်းပြည့်အေးစေတီတော် ဓမ္မာရုံတွင် ခေတ္တပူဇော်ထားကြသည်။ ထိုနေ့ ညတညလုံး ကျုံဒိုးရွာကြီးသည် ဘုရားဖူးတို့ဖြင့် စည်ကားနေလေသည်။

ဘုရားရုပ်ပွားတော်ကို သစ်သားပြားများဖြင့် ကာ၍ ရိုက်သွင်းထားလျက် ဂုန်နီကြိုးဖြင့် အခိုင်အခံ့ပတ်၍ ချုပ်ထားသည်။ ထိုသေတ္တာထဲတွင် ဘာရှိသည်ကိုမသိကြသော အမျိုးသမီးတို့က တက်ထိုင်နေကြသည်။ ဤသို့သော မဖွယ်မရာ အပြုအမူတို့ကြောင့် အန္တရာယ်ကြုံတွေ့ရပြီး သီသီလေးလွတ်မြောက်ကြရသည်။ ဘုရားဆင်းတုတော်က အန္တရာယ်ကို နိမိတ်ပြခြင်းနှင့် ရှာဖွေရေးအဖွဲ့တို့က ရှာဖွေတွေ့ရှိခြင်းသည် ခရီးသည်အားလုံးအတွက် အလွန်ကံကောင်းလှသည်ဟူ၍ ပြောဆိုကြသည်။

ထိုနေ့က တွေ့ရှိရသော ကြေးဆင်းတုရုပ်ပွားတော်သည် ခြေစုံရပ်တော်မူလျက် အောက်ခံပလ္လင်ကို ခြင်္သေ့သုံးစီးဖြင့် သွန်းလုပ်ထားသည်။ ညာလက်တော်မှာ ရင်ဘတ်တော်ပေါ် တင်တော်မူသော ကရုဏာမုဒြာဖြစ်သည်။ ဉာဏ်တော်အမြင့် ၁၂-ပေ ၆-လက္မ ရှိသည်။ ကြေးပိဿာချိန် ၁၅-ပိဿာ ရှိ၏။
မသမာသော စီးပွားရေးသမားများမှာ လူယောင်ဖျောက်ထားကြသဖြင့် မည်သူမည်ဝါဖြစ်သည်ကို မသိကြ၊ ဖမ်းမမိလိုက်ပေ။ သို့ရာတွင် ထိုမသမာသူများသည် ယခုဘဝတွင်ပင် ဘေးဆိုးကြမ္မာဆိုးများ ကြုံတွေ့ကြရမည်မှာ မုချမလွဲဖြစ်သည်။ မည်သို့ပင်ဖြစ်စေ တန်ခိုးပြတော်မူသော ကြေးဆင်းတုတော်ကား ပြည်ပသို့မရောက်ဘဲ မြန်မာပြည်သူတို့လက်ဝယ် ပြန်လည်ရောက်ရှိ၍ ပူဇော်ခွင့်ရခဲ့သည်မှာ ကံထူးလှပေသည်။

( မန်းသင့်နောင်-ကော့ကရိတ် )


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP