ငြိမ်းအိထွေး ကျောင်းပြန်တက်ပြီ
ကလေးကို ကျောင်းပြန်ထားမယ်လုပ်တော့ စာသင်နှစ်ဝက် ကျိုးနေပြီမို့ ကျောင်းတွေက လက်မခံမှာ ပူရသေးတယ်။ ကလေးကလဲ ကျောင်းနဲ့ ဝေးနေတာ သုံးနှစ်ကျော်ပြီ။ စစ်ကိုင်းတောင် အောင်မြေဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းက ကျောင်းထိုင်ဆရာတော်ကို ဦးဇင်း ဦးကောဝိဒက အကျိုးအကြောင်း သွားလျှောက်ထားတော့ ဆရာတော်က ချက်ချင်း လက်ခံလိုက်ပါတယ်။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဖြစ်တဲ့အတွက် ကျောင်းလခ၊ ခုံကြေး၊ ဘာကြေး တစ်ပြားတစ်ချပ်မှ ပေးစရာမလိုဘူး...တဲ့။
ငြိမ်းအိထွေးဖို့ အဖြူအစိမ်း ကျောင်းဝတ်စုံကလေးကို ၁၀,၀၀၀ ကျပ်နဲ့ ဝယ်တယ်။ လွယ်အိတ်ဖြူလေး လွယ်လို့ ကျောင်းတက်ဖို့ အသင့်ဖြစ်ပါပြီ။ ပထမတန်းက ပြန်ထားရတဲ့အတွက် ကလေးအငယ်တွေနဲ့ အတူတက်နေရတာကို ဆရာတော်က ကလေး အခြေအနေပေါ် မူတည်ပြီး လိုက်နိုင်သလို အတန်းတင်ပေးမယ်လို့ မိန့်တော်မူပါတယ်။ ဆရာတော်ရဲ့ သက်ကယ်မိုး စာသင်ကျောင်းလေးထဲမှာ စာသင်နှစ်လယ်ရောက်မှ ကျောင်းသူလေးတစ်ယောက် ထပ်တိုးလာပြီ။ အောင်မြေဦး ဗ/က ကျောင်းက ကိုရင်လေးတွေကလဲ ဆွမ်းလောင်းအသင်းရဲ့ အရုဏ်ဆွမ်းကို လာဘုဉ်းပေးနေကျ၊ ဆွမ်းရပ်နေကျ သာမဏေတွေပါ။
၁၀-၁၀-၀၉ နေ့ဆွမ်းအလှူရှင် ဒေါ်စန်းစန်းဝင်း (ကိုရီးယား)ကလဲ ဝေယျာဝစ္စ ဒကာမကြီး ဒေါ်ကြည်ဌေးနဲ့ သမီး မငြိမ်းအိထွေး သားအမိကို ငွေ ၃၀,၀၀၀ ကျပ် လှူဒါန်းခဲ့ပါတယ်။


0 comments:
Post a Comment