တရံတခါ သောက်တာ အပြစ်ရှိလား
အမေး။ ။အရှင်ဘုရား....ယောင်္ကျားလေး တစ်ယောက်အနေနဲ့ တစ်ခါ တစ်လေ သောက်တာ စားတာ အပြစ်ရှိပါသလား၊ မေတ္တာရှေ့ထားဖြေ ကြားပေးတော်မူပါဘုရား။
ပိုင်မင်းဦး
Usa
အဖြေ။ ။အရက်ကို တခါတရံသောက်တာ မိန်းခလေးမှ မဟုတ်ဘူး၊ ယောင်္ကျားလေးလည်း အပြစ်ရှိပါတယ်။ ဘာ့ကြောင့်ဆိုရင် ဘ၀အရည်အသွေးလို့ဆိုရတဲ့ ကိုယ်ကျင့်တရား ငါးပါးသီလထဲမှာ အရက်သေစား သောက်စားတဲ့ သုရာမေရယ သိက္ခာပုဒ် ရှိပါတယ်၊ အရက်သောက်ပြီဆိုရင် ကျန်တဲ့ သူတစ်ပါးအသက်သတ်တာ၊ သူဥစ္စာခိုးတာ၊ သူ့သားမယား လွန်ကျူးတာ၊ လိမ်ပြောတာ ဆိုတဲ့ သီလလေးပါးကို ကျူးလွန်ဖို့ ၀န်မလေးတတ်ကြပါဘူး၊ ငါးပါးသီလထဲမှာ အပြစ်အကြီးဆုံးဟာ အရက်သောက်ခြင်းပါပဲ။
တစ်ခါကစာရေးသူတို့ နေထိုင်တဲ့မြို့လေးမှာ ညဦးကာလ (၇)နာရီလောက် မြို့ထဲက စာရေးသူ ပြန်အလာ ဘီယာဆိုင်တစ်ဆိုင်ထဲက ထွက်လာကြတဲ့ လူတစ်သိုက်ကို ကြည့်လိုက်တော့ မယုံနိုင်စရာပါ၊ လူတစ်သိုက်ဟာ ဆယ်ကျော်သက် အမျိုးသမီးများ ဖြစ်နေလို့ပါပဲ။
ဆိုလိုတာက ယခုခေတ် အချို့လူငယ်များဟာ ကိုးရီးယားဇာတ်လမ်းတွဲတွေကြည့်ပြီး အတုမြင်အတတ်သင်နေကြတာပါ။ ဗုဒ္ဓဘာသာနိုင်ငံမှာ အဲလို မဖြစ်သင့်ပါဘူး၊ မဖြစ်အောင်လဲ မိမိကိုယ်ကို ထိန်းသိမ်းကြဖို့ အထူးလိုအပ်နေပါပြီ၊
ဒါကြောင့် ဗုဒ္ဓဘာသာနိုင်ငံမှာ မွေးဖွားတဲ့ ဗုဒ္ဓဘာသာဝင်များပီပီ ဘုရားဟောအဆုံးအမကို လိုက်နာပြီး ယဉ်ကျေးတဲ့ အနာဂတ်မျိုးဆက်သစ်လူငယ်တစ်ယောက် ဖြစ်အောင် ကျင့်သုံးနေထိုင်သွားမယ်ဆိုပါက အကောင်းဆုံးဖြစ်တယ်။ လိုရင်းပြောရင် အရက်သောက်တာဟာ တရံတခါပဲသောက်သောက် အမြဲပဲသောက်သောက် အပြစ်ရှိပါတယ်။

Oct
12
အမေး။ ။အရှင်ဘုရား….သိမ်နဲ့ပတ်သက်ပြီး မေးချင်ပါတယ်ဘုရား။
သိမ် ဘယ်နှစ်မျိုး ရှိပါသလဲဘုရား။ ဘာလို့ သိမ်ကွဲပြားတာလဲ၊ ခဏ္ဍသိမ်ဆိုတာ ဘာကိုခေါ်တာလဲဘုရား၊ ဘယ်သိမ်က ဘယ်လိုအာနိသင် ရှိပါလဲ၊ သိမ်ဝင်အပ်၊ ချည်တွေက ဘယ်လိုများ စွမ်းပါသလဲဆိုတာ ရှင်းပြပေးပါဘုရား။ သိမ်သမုတ်မယ်ဆိုရင် သာသနာရေးဦးစီးဌာန ခွင့်ပြုစာ မြေစာရင်း ဦးစီးဌာနတွေလည်း ပါရတယ်ဆိုတာ ကြားမိပါတယ်ဘုရား၊ ဒါနဲ့ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ ရှင်းပြပေးတော်မူပါဘုရား။
ခွန်မြလှိုင်
ချင်းမိုင်(ဇင်းမယ်)
အဖြေ။ ။ သိမ်အမျိုးအစားက အကျဉ်းအားဖြင့် နှစ်မျိုး ရှိတယ်။ ၄ ပါး၊ ၄ ပါးထက်များတဲ့ ရဟန်းတော်များ စုပေါင်းကာ ဥတ်ကမ္မ၀ါစာဖတ်ပြီး သမုတ်ရသောသိမ်နှင့် ဥတ်ကမ္မ၀ါစာမဖတ်ဘဲ အလိုလို ဖြစ်သော သိမ်တို့ ဖြစ်ကြပါတယ်။
ဒီနှစ်မျိုးမှာ ပဌမအမျိုးအစားက ဥတ်ကမ္မ၀ါစာဖတ်ပြီး သမုတ်ရတဲ့သိမ်ကို ဗဒ္ဓသိမ် လို့ခေါ်ပြီး၊ ဒုတိယအမျိုးအစားက ဥတ်ကမ္မ၀ါစာ မပါဘဲ ဖြစ်တဲ့သိမ်ကိုတော့ အဗဒ္ဓသိမ် လို့ခေါ်ပါတယ်။
၎င်း နှစ်မျိုးအနက် ဗဒ္ဓသိမ်မှာ (၁)ခဏ္ဍသိမ် ၊ (၂) သမာနသံဝါသကသိမ်၊ (၃)အ၀ိပ္ပ၀ါသသိမ် လို့ သုံးမျိုး ကွဲပြီး၊ အဗဒ္ဓသိမ်မှာလည်း (၁)ဂါမသိမ်၊ (၂)ဥဒကုက္ခေပသိမ်(ရေသိမ်) (၃)သတ္တဗ္ဘန္တရသိမ် လို့ သုံးမျိုး ကွဲပါတယ်။
ဗဒ္ဓသိမ်နဲ့ပတ်သက်ပြီး မဟာသိမ်ဆိုတာလည်း ရှိပါသေးတယ်။
ဖေါ်ပြပါ ဗဒ္ဓသိမ်များဟာ မြေကြီးပေါ်မှာ သမုတ်တဲ့သိမ်များဖြစ်ပါတယ်။ ဒါပေမဲ့ မြေကြီးပေါ်မှာ သမုတ်မှသာ သိမ်ဖြစ်တာမဟုတ်၊ ကျောက်ဖျာစတဲ့ နေရာတွေမှာ သုမတ်ရင်လည်း သိမ် ဖြစ်ကြပါတယ်။ ဒါကြောင့် သိမ်သမုတ်နေရာကို အစွဲပြုပြီး သိမ်အမျိုးမျိုး ကွဲပြားရပြန်ပါ တယ်။ ဒါတွေက… (၁) ကျောက်ဖျာပေါ်မှာ သမုတ်အပ်သောသိမ်။ (၂)ကျောင်းငယ်မှာ သမုတ်အပ်သောသိမ်။ (၃)လိုဏ်မှာ သမုတ်အပ်သော သိမ်။ (၄)ပြာသာဒ်မှာ သမုတ်အပ်သောသိမ်၊ (၅)တောင်ထိပ်မှာ သမုတ်အပ်သောသိမ် ရယ်လို့ သိမ် ငါးမျိုး ကွဲပြန်ပါတယ်။
မြစ်ကို လွမ်းကျော်ပြီး(ငုံပြီး) ဟိုဖက်ကမ်း ဒီဖက်ကမ်း နှစ်ဖက်စလုံးကို အတွင်းပြုပြီး သမုတ်အပ်တဲ့ သိမ်မျိုးကို နဒီပါရသိမ် လို့ ဆိုပါတယ်။
အစိုးရပိုင်း၊ အစိုးရပိုင်းမှ အာဏာပါဝါရှိတဲ့ ဌာနဆိုင်ရာတို့မှ ခွင့်ပြုချက်ရမှသာ သမုတ် လို့ရတဲ့ သိမ်ကတော့ သီးခြားရွာလို့ အဓိပ္ပါယ်ရတဲ့ ‘၀ိသုံဂါမ’ သိမ် ဖြစ်ပါတယ်။
ခဏ္ဍသိမ် ရဲ့ အဓိပ္ပါယ်ကို ပြောပါအုံးမယ်။ ခဏ္ဍ ဆိုတာ ပိုင်းဖြတ်ခြင်း အနက်ကို ဟောပါတယ်။ ဆိုလိုတာက မဟာသိမ်အပိုင်းအခြား အတွင်းမှာ သမုတ်ရတဲ့ သီးခြားသိမ်တစ်မျိုးဖြစ်ပါတယ်။ နားလည်အောင်ပြောရရင် ယနေ့ခေတ် ရဟန်းခံစတဲ့ ကံဆောင်နေကြတဲ့ သိမ်ဟာ အများအားဖြင့် ‘ခဏ္ဍသိမ်’များ ဖြစ်ပါတယ်။
သိမ်အမျိုးအစားများကွဲပြားခြင်းရဲ့အကြောင်းကို ဖြေရရင် ရှုပ်ထွေးလွန်းပါတယ်၊ ဖြေရရင်လဲ စာအုပ် တစ်အုပ်လောက် ဖြစ်နိုင်ဖွယ်ရှိပါတယ်။ ဒါကြောင့် သိမ်အကြောင်းစာအုပ်များ ကို ရှာဖွေဖတ်ရှုရင် အကောင်းဆုံးပါလို့ အကြံပေးပါရစေ။
သိမ်ရဲ့အာနိသင်အစွမ်းသတ္တိကို ပြောရရင် သိမ်ဆိုတာ ဘုရားရှင်ရဲ့ အာဏာစက်ဖြစ်တဲ့ ကမ္မ၀ါစာနဲ့ သမုတ်ထားတဲ့အတွက် သိမ်ဝင်ပစ္စည်းများဟာ ယုံကြည်ရင် ယုံကြည်သလောက် အန္တရာယ်ကင်းခြင်းစတဲ့ အကျိုးအာနိသင်ရှိပါတယ်။ ဒါပေမဲ့ ဘုရားရှင်က သိမ်ဝင်ပစ္စည်းများ ဘာအာနိသင်ရှိတယ်၊ ဘယ်သိမ်က ဘယ်လိုစွမ်းတယ်ဆိုတာ မဟောကြားခဲ့ပါဘူး။ တစ်ခုတော့ရှိတယ်။
မင်းတုန်းမင်းလက်ထက် ဘုရင်ကြီးက ဗန်းမော်ဆရာတော်ကြီးအား ပြည်နင်ဒဏ်ပေးတဲ့အခါ ဗန်းမော်ဆရာတော်ကြီးက တစ်ခြားမသွားဘဲ၊ သိမ်ထဲမှာ ၀င်နေလိုက်ပါတယ်။ ဒါ့အတွက် ဗန်းမော်ဆရာတော်ကြီးအား ဘယ်သူမှ ဖမ်းလို့ မရတော့ပါ။ သိမ်ဆိုတာက ဘုရားရှင်အာဏာစက်ပြုထားတဲ့ သီးခြား နယ်မြေတစ်ခု ဖြစ်နေတာလည်း ပါပါတယ်။
သိမ်လှူတဲ့အကျိုးတရားက ဘုရားမှာစိန်၊ သင်္ကန်းမှာကထိန်၊ ကျောင်းမှာ သိမ် လို့ ဆိုထားပါတယ်။ ကျောင်းအလှူများအနက် သိမ်အလှူဟာ အမြတ်ဆုံးလို့ ပြောပါတယ်။ ကျောင်းလှူတဲ့သူဟာ အဆင်းလှခြင်း၊ ခွန်အားကြီးခြင်း၊ ချမ်းသာခြင်း၊ မျက်စိအားကောင်းခြင်း အကျိုးတရား လေးပါးစလုံးကိုရနိုင်ပါတယ်။ သိမ်အလှူကျတော့ ဒီအကျိုးလေးမျိုးအပြင် ဘုရားသားတော်များဖြစ်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ရဟန်ဖြစ်ဖို့အတွက် သိမ်မရှိရင်မဖြစ်ဘူး။ ဒါကြောင့် ကျောင်းအလှူမှာ သိမ်အလှူဟာ အမြတ်ဆုံးဖြစ်တယ်ဆိုတဲ့အကြောင်း ဖြေကြားပေးလိုက်ပါတယ်။

0 comments:
Post a Comment