* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, October 13, 2009

စိတ္တလတောင် သမိုင်းအကျဉ်း

တချိန်က သီဟိုဠ်သာသနာမှာ ရဟန္တာမထေရ်ပေါင်း မြောက်များစွာ တရားအားထုတ်ခဲ့သောကြောင့် သာသနာအတွက် ကျေးဇူးများရာ လှိုဏ်ဂူပေါင်း များစွာ ရှိရာ စိတ္တလတောင်အကြောင်းကို စိတ်ဝင်စားစရာ ဖော်ပြလိုက်ပါတယ် ၊စိတ္တလပဗ္ဗတတောင်သည် တိဿမဟာရာမ-စိသုပါဝလမ်း၊ တိဿမဟာရာမနှင့် ၂၄ ကီလိုမီတာ အကွာအဝေးတွင် တည်ရှိပါသည်။ သီရိလင်္ကာနိုင်ငံ၏ အရှေ့တောင်ဘက်ပိုင်း လူသူအရောက်အပေါက် နည်းပါးသော တောကြီးအတွင်းတွင် တည်ရှိသည်။ ဗုဒ္ဓဘာသာအကြီးအကျယ်ထွန်းကားခဲ့သောဒေသ ဟုဆိုလျှင် ယုံနိုင်စရာ နည်းပါးလှသော အရပ်ဒေသကြီးလည်း ဖြစ်ပါ၏။

ယခုလက်ရှိနေရာကို အများအားဖြင့် တောင်ဟု မခေါ်ဘဲ ကျောင်းကိုသာ အဓိက ခေါ်ဝေါ်ကြသည်။ ဤအရပ်ဒေသကို နာမည်အမျိုးမျိုးသတ်မှတ်ခေါ်ဝေါ်လေ့ရှိကြသည်။ လက်ရှိ အများစုခေါ်ဝေါ်နေကြသောအမည်မှာ စိတုပါဥ၀ ဟူ၍ ဖြစ်သည်။ အများစုအသံအတိုင်း ရေးပါက စိတြုပ်ပါဝဲ ဟု ခေါ်နိုင်မည် ထင်ပါသည်။ နာမည်အပြည့်အစုံမှာ စိတုပါဥ၀ရာဇမဟာဝိဟာရယ ဖြစ်သည်။

သီရိလင်္ကာနိုင်ငံ၊ သမိုင်းကျမ်းစာများတွင်ကား စိတ္တလပဗ္ဗတဟုသာ ရှိပါသည်။ တစ်ခါတစ်ရံ စိတ္တလကူဋ ဟုလည်း ရေးကြသည်။ အတိတ်တစ်ချိန်က သီရိလင်္ကာနိုင်ငံ၊ ရောဟဏ(ရုဟုနု)ဒေသ၏ ဗုဒ္ဓဘာသာထွန်းကားရာ အလယ်ဗဟိုဌာနကြီးတစ်ခု ဖြစ်ခဲ့သည်။ မဟာဝံသအလိုအားဖြင့် ဘီစီ နှစ်ရာစုတွင် ရောဟဏဘုရင်၊ က၀ံတိဿမင်း သို့မဟုတ် ကာက၀ဏ္ဏတိဿမင်းက ဤကျောင်းကို တည်ဆောက်ခဲ့သည်ဟု သိရသည်။ ယခုအခါမှာ သီရိလင်္ကာအစိုးရက ဤဒေသကို ယလအမျိုးသားဥယျာဉ်ဟု သတ်မှတ်ပြီး တောရိုင်းတိရစ္ဆာန်များကို ဘေးမဲ့ပေးထားသည်။ သီရိလင်္ကာနိုင်ငံ၏ အကြီးမားဆုံးတောကြီးတစ်ခု ဖြစ်နေပေပြီ။ စိတုဝါဥ၀ကျောင်းတော်ကို သီရိလင်္ကာနိုင်ငံ၏ အလှပဆုံးကျောင်းတော်စာရင်းတွင် ထည့်သွင်းထားကြသည်။ ယခုအခါတွင် မိုးတွင်းကာလမှတစ်ပါး ကျန်ရာသီများတွင် အလွန်ပူသည်။ နေအလွန်ပြင်းသော်လည်း သစ်ရိပ်ဝါးရိပ်၊ တောရိပ်တောင်ရိပ်ကြောင့် အပူဒဏ်ကိုကား သိပ်မခံစားရပေ။ ရှေးအခါကာလက ဤအရပ်ဒေသမှာ ရာသီဥတုအကောင်းဆုံးဖြစ်သည်ဟု ဆိုကြသည်။

ဘီစီ တစ်ရာစု၊ ၀ါလဂမ်ဘမင်း(၁၀၃-၈၉,၇၇ ဘီစီ) စိုးစံစဉ်အခါက ရဟန်းတော်ပေါင်း ၁၂၀၀၀ ဤအရပ်ဒေသတွင် သီတင်းသုံးသွားခဲ့ကြသည်ဟု ဆိုပါသည်။ ဘီစီ တစ်ရာစု သတ်မှတ်ထားသော ဂဇဗာဟုက ဂါမိဏိမင်းနှင့် ကရိဠှမင်းတို့၏ ကျောက်စာများကိုလည်း တွေ့ရသည်။ ပင်မကျောင်းတော်ကြီး၏ ၀န်းကျင်တွင် ကျောက်တောင်များရှိရာ ၎င်းကျောက်တောင်များ အနှံ့အပြားတွင် ကျောက်ဂူများစွာရှိ၏။ သဘာဝကျောက်ဂူများကို သားကောင်များဘေးရန်မှ ကင်းစေရန် အကာအရံများ ပြုပေးထားသည်။ ယခုအခါတွင်ကား အုတ်အပျက်အစီးများကိုသာ တွေ့ရတော့သည်။ ယနေ့အချိန်အထိ ဂူပေါင်း ၁၆၀-ခန့်တွေ့ရှိရသည်ဟု ဆိုသည်။ အချို့ဂူများ၏နံရံတွင် နံရံဆေးရေးပန်းချီအပိုင်းအစများကို တွေ့ရသည်။ တွေ့ရှိရသော ရုပ်တုများကို ထောက်ထား၍ မဟာယာန ဗုဒ္ဓဘာသာဝင် များရှိခဲ့ဟန်တူသည်ဟု ပညာရှင်တို့ ယူဆကြသည်။

အလျားအနံများ အံ့သြလောက်အောင် ညီညွတ်ပြီး ချောမွတ်နေသော ကျောက်ပြား၊ ကျောက်တိုင်များစွာကိုလည်း တွေ့ရသည်။ ကြီးမားပြီး ချောမွတ်ညီညာစွာ ထုဆစ်ထားသော ပလ္လင်ကြီးများကိုလည်း တွေ့ရသည်။ ၀ိသုဒ္ဓိမဂ်တွင် စိတုပါဥ၀တွင်ရှိသော ပလ္လင်နှင့်ပတ်သတ်သော ဇာတ်လမ်းတစ်ပုဒ်ပါဝင်သည်။ ဤသို့ ကျောက်သားများကို ထွင်းထုသောဓလေ့မှာ ဗုဒ္ဓရုပ်ပွားတော်များ ထုလုပ်ကိုးကွယ်မှု မပြုခင်ကတည်းက ခေတ်စားခဲ့သည်ဟု ဆိုကြသည်။ ကြီးမားသော ကျောက်တုံးကြီးများကို ညီညာချောမွတ်စွာ ထုလုပ်နိုင်သော သီရိလင်္ကာ၏ ရှေးဟောင်းနည်းပညာများမှာ လူတိုင်းကို မင်သက်မိစေပါသည်။



အလှူ့ရှင်၏အမည်များကို ကျောက်စာအဖြစ် သီးသန့်မဟုတ်ဘဲ နီးစပ်ရာကျောက်တောင်များတွင် ရေးထိုးထားသည်ကို တွေ့ရသည်။ စိသုပါဥ၀ဧရိယာတွင် ကျောက်စာပေါင်း ၁၉-ခုကို တွေ့ရပြီးဖြစ်သည်။ ကျောက်စာအားလုံးကို ရှေးဦးဗရမီအက္ခရာဖြင့် မှတ်တမ်းတင်ထားသည်ကို တွေ့ရသည်။ စိတုဝါဥ၀တွင် ကျောက်တောင်ကြီးများရှိရာ ၎င်းကျောက်တောင်ကြီးများပေါ်တွင် ပုထိုးတော်လေးများ ရှိပါသည်။ အဆိုပါ ပုထိုးတော်များအနက် ကျောင်းတော်ကြီးအနီးမှ ကျောက်တောင်ကြီးပေါ်တွင် တည်ရှိသောပုထိုးတော်မှာ အဓိက ပုထိုးတော်ဖြစ်သည်။ အဓိကပုထိုးတော်ကြီးကို က၀ံတိဿမင်းက တည်ဆောက်ခဲ့သည်ဟု ယုံကြည်ရသည်။ ပုထိုးတော်ကြီး၏ …….. သက္ကရာဇ်ကို ၃-ရာစုဟု သတ်မှတ်ထားသည်။ ၁၉၅၀-ခုနှစ်တွင် ပြန်လည်ပြုပြင်ခဲ့ကြသည်။

ပုထိုးငယ် ၁၀-ဆူကိုကား ၀ါသဘမင်း(၆၇-၁၁၁)က တည်ဆောက်ခဲ့သည်ဟု ဆိုသည်။
သမိုင်းကျမ်းများအရ ၃-ရာစုမှ ၁၁-ရာစုအထိ သမိုင်းတစ်လျှောက်တွင် တိဿမဟာရာမကျောင်းတော်ကြီးသည်သာ ဗုဒ္ဓစာပေသင်ကြားရေး၏ အချက်အခြာဌာနကြီးတစ်ခု တစ်နည်းအားဖြင့် ပရိယတ္တိထွန်းကားရာ အရပ်ဒေသကြီးတစ်ခု ဖြစ်ခဲ့သည်။ စိသုဝါဥ၀ရာဇ မဟာဝိဟာရ ကျောင်းတော်ကြီးသည်ကား တရားအားထုတ်သူ ရဟန်းတော်များ၏ တစ်နည်းအားဖြင့် ပဋိပတ္တိထွန်းကားရာ အရပ်ဒေသကြီးတစ်ခု ဖြစ်ခဲ့သည်။ ရဟန်းတော်ပေါင်း မြောက်များစွာ သီတင်းသုံးခဲ့ကြသည်ဟု သမိုင်းကျမ်းစာများအရ သိရသည်။ အမှန်အားဖြင့် ၎င်းဒေသကြီးနှစ်ခုစလုံးကို က၀ံတိဿမင်းက တည်ဆောက်ခဲ့သည်ဟု ဆိုပါသည်။

စိတ္တလမထေရ်


တိဿအမည်ရသော မထေရ်တစ်ပါးသည် စိတ္တလပဗ္ဗတ သို့မဟုတ် စိသုဝါဥ၀အရပ်တွင် တရားအားထုတ်လျှက်ရှိသည်။ စွမ်းအားရှိသရွေ့ ကြိုးစားအားထုတ်ပါသော်လည်း တရားမရနိုင်သဖြင့် လူထွက်ရန် သူ၏ ဆရာထံ ခွင့်ပန်၏။ သူ့ဆရာကား တိဿမထေရ်၏ ရှေးအတိတ်ကံကောင်းပုံကို မြင်၏။ အချိန်အနည်းငယ် ထပ်တိုးပြီး အားထုတ်လျှင်၊ လက်ရှိဝီရိယထက် အနည်းငယ် တင်ပေးနိုင်လျှင် မကြာမြင့်မီ တရားထူးရနိုင်သည်ကို ကြိုသိနေ၏။ သို့ဖြစ်၍ သူ အသုံးပြုဖို့ရန် ကျောင်းငယ်တစ်ဆောင် ဆောက်စေ၏။ ကျောင်းဆောင်ပြုလုပ်စဉ်တွင် မိမိ၏ ပုံမှန်တရားအလုပ် မပျက်ဖို့ရန်လည်း မှာ၏။
တိဿမထေရ်က သဘောတူပြီး ကျောင်းဆောင်ငယ်ဆောက်လုပ်၏။ အိပ်ယာကို ပြင်ဆင်ပြီး ဆရာကို အကြောင်းကြား၏။

ထိုအခါ သူ၏ဆရာက “ကဲ…သင် ဒီလောက်ဒုက္ခခံပြီး တည်ဆောင်ထားတဲ့ကျောင်းမှာ တစ်ရက်လောက်နေလိုက်ပါ”ဟု ဆို၏။ တိဿမထေရ်လည်း ဆရာ့စကားအတိုင်း နေသောအခါ ညအခါတွင် သူပြုလုပ်ခဲ့ရသော အနေအထားများကို ပြန်လည်အမှတ်ရနေ၏။ သူအားထုတ်ခဲ့သော တရားအားထုတ်မှုများကိုလည်း မြင်ယောင်နေမိ၏။ ထိုအခါ သူ၏စိတ်သည် ကျေနပ်ဝမ်းသာမှုတို့နှင့် ပြည့်လျှမ်းပြီး မကြာမြင်မီ ရဟန္တာဖြစ်သွားခဲ့သည်ဟု ဆိုပါသည်။

ယခု ရေးသားလတ္တံ့သော စာအုပ်မှာ စိတ္တလပဗ္ဗတတောင်မှ စိတ္တလမထေရ်၊ ထိုမှတစ်ဆင့် တိဗက်ရဟန်းတော် သျှီလတိဿတို့မှ ဆင်းသက်လာသောနည်းဖြစ်ရာ တတ်နိုင်သမျှ သမိုင်းခြေရာ ခံကြည့်ခြင်း ဖြစ်ပါသည်။ စိတ္တလတောင်သမိုင်းနှင့် စိတ္တလမထေရ်တို့အကြောင်းမှာ သမိုင်းကျမ်းစာများနှင့် အဋ္ဌကထာများတွင် အထက်ပါအတိုင်း တွေ့နိုင်သော်လည်း မြန်မာနိုင်ငံသို့ အလည်ရောက်လာပြီး ပြန့်ပွားအောင် အားထုတ်ခဲ့သော အရှင်သျှီလတိဿ အကြောင်းကိုကား မတွေ့ရပေ။ မြန်မာပြည်တွင် ရေးသားသော ကန္နီနည်းနှင့်သက်ဆိုင်သော စာအုပ်များနှင့် ဆရာစဉ်ဆက်ပြော စကားများအရသာ သိရှိရခြင်း ဖြစ်လေသည်။ ကန္ဒီဖောင်ဒေးရှင်းမှကူးယူးပြီး ပြန်လည်ဖော်ပြပါသည်၊


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP