လွတ်လပ်ခြင်းနှင့် လူငယ်များ...
လူတိုင်းသည် လွတ်လပ်မှုကို လိုလားကြသည်။ သို့သော် လွတ်လပ်ခြင်း ဆိုသည့် အဓိပ္ပာယ်ကို လေးလေးနက်နက် သိထားသင့်ပေသည်။ “လွတ်လပ်” ဆိုသော အဓိပ္ပာယ်သည် မြန်မာ အဘိဓာန်ထဲတွင် “အနှောင်အဖွဲ့ အချုပ်အချယ်မှ ကင်းသည်” ဟု ဖွင့်ဆိုထားသည်။
ထို “လွတ်လပ်” စကားလုံး နှစ်ခုကို ထပ်မံ၍ ခွဲထုတ်လိုက်သောအခါ “လွတ်” ဆိုသော စကားလုံးနှင့် “လပ်” ဆိုသော စကားလုံး နှစ်ခုကို ရရှိပါသည်။
“လွတ်” စကားလုံးကို စိစစ်ကြည့်လျှင် “တစ်စုံတစ်ရာ မရှိ။ ကင်းမဲ့သည်။ လပ်သည်။ ချုပ်ချယ်မှု၊ ငြိတွယ်မှု စသည်တို့မှ ကင်းသည်။ စည်းကမ်း အထိန်းအကွပ် မဲ့သည်” ဟု အဓိပ္ပာယ် ဖော်ဆောင်နိုင်သည်။
“လပ်” စကားလုံးသည် “မရှိဖြစ်သည်။ ကင်းမဲ့သည်။ အလွတ်ကျန်သည်” ဟု အဓိပ္ပာယ် သက်ရောက်သည်။
လွတ်လပ်ခြင်းကို လောကီတွင် အဓိပ္ပာယ် အမျိုးမျိုးကို အချိန်ကာလ၊ နေရာဒေသ အပေါ်တွင် မူတည်၍ အမျိုးမျိုး သုံးစွဲကြသည်။ ဥပမာ - လူမှုရေး လွတ်လပ်မှု၊ စီးပွားရေး လွတ်လပ်မှု၊ နိုင်ငံရေး လွတ်လပ်မှု၊ အတွေးအခေါ် လွတ်လပ်မှု အစရှိသဖြင့် ဖြစ်ကြပါသည်။
သို့သော် မည်သို့သော လွတ်လပ်ခြင်း၊ လွတ်လပ်မှု ဖြစ်စေကာမူ စည်းဘောင် အတွင်းတွင်သာ ဖြစ်ကောင်းနိုင်ပါသည်။ စည်းလွတ်၊ ဘောင်လွတ် လွတ်လပ်ခြင်းမျိုးကိုကား ယဉ်ကျေးသော မည်သည့် လူ့အဖွဲ့အစည်း၊ လူ့အသိုင်းအ၀ိုင်းကမျှ လက်ခံလိမ့်မည် မဟုတ်ပါချေ။
နိုင်ငံရေးတွင်လည်း နိုင်ငံရေး လွတ်လပ်မှု ရှိသည်။ ထိုစကားသည် မှန်ပါပေသည်။ သို့သော် နိုင်ငံတော်ကို ပျက်စီးစေနိုင်သော လွတ်လပ်မှုမျိုးကိုတော့ တိုင်းပြည်ကို အမှန်တကယ် ချစ်မြတ်နိုးကြသော တိုင်းသူပြည်သား မှန်သမျှ လက်ခံလိမ့်မည် မဟုတ်။ နိုင်ငံရေး လွတ်လပ်မှုသည် တိုင်းပြည်ကြီးပွားတိုးတက်စေရန် မှန်ကန်သော လမ်းကြောင်း ဖြစ်မှသာလျှင် ဖြစ်တန်ကောင်းသည်။
ထိုနည်းတူစွာပင် စီးပွားရေး လွတ်လပ်မှု တွင်လည်း သမ္မာအာဇီဝ စည်းဘောင်အတွင်းမှ သာလျှင် လွတ်လပ်ခြင်းသည် ကောင်းပေလိမ့်မည်။ မိစ္ဆာအာဇီဝဖြင့် စီးပွားရှာခြင်းသည် စည်းဘောင်ကို ကျော်လွန်သွားပေပြီ။ တစ်ပါးသောသူ၏ လည်ပင်းကို တက်နင်းကာ ကြီးပွားတိုးတက်ချင်သော လူများအတွက် စည်းဘောင်ကို ကျော်လွန်၍ စီးပွားရှာခြင်းသည် ထိုသူတို့အတွက် ကြီးမားသော မဟာအောင်မြင်ခြင်းဟု ယူဆနေပေလိမ့်မည်။ သို့သော် မဟာအကုသိုလ် အထုပ်ကြီးကို ပိုင်ဆိုင်လိုက်ရသည် ဆိုခြင်းကိုတော့ ထိုသူတို့သည် သတိမူမိကြလိမ့်မည် မဟုတ်ချေ။
လူမှုရေးနယ်ပယ်သည် ကြီးမားကျယ်ပြန့်လွန်းလှသည်။ လူမှုရေး လွတ်လပ်မှုကို ကြည့်မည် ဆိုလျှင်လည်း ပြဿနာ ပေါင်းစုံ ရောပွမ်းနေသည်ကို တွေ့မြင်နိုင်သည်။ အကြောင်းကား စည်းကမ်းဘောင်ထဲတွင် လွတ်လပ်ခြင်း မဟုတ်သောကြောင့်ပင်တည်း။
သို့ဖြစ်လျှင် စည်းကမ်းဘောင်ထဲတွင် လူမှုရေး လွတ်လပ်ခြင်း ဆိုသည်မှာ မည်သည့်အရာကို ညွှန်ပြရမည်နည်း ဟု မေးလာသော် မြတ်စွာဘုရား ဟောကြား ဆုံးမထားသော ငါးပါးသီလသည်ပင်လျှင် လူမှုရေးနယ်ပယ်၏ အလွန်အရေးကြီးလှသော စည်းမျဉ်း စည်းကမ်း ဘောင် သာလျှင် ဖြစ်ပါသည်။ ဤ အချက်သည် မည်သူမျှ ငြင်းချက် ထုတ်၍ မရသော အချက်ပင်တည်း။
ဗုဒ္ဓဘာသာဝင် မဟုတ်သော လူများပင် ဖြစ်လင့်ကစား ဤ ငါးပါးသီလသည် လောကကြီးထဲတွင် နေထိုင်နေကြသော လူသားအားလုံးနှင့် သက်ဆိုင်နေပါသည်။
တစ်ချိန်က ဘာသာမဲ့ ပုဂ္ဂိုလ်တစ်ဦးနှင့် စာရေးသူ စကားပြောစဉ်က ဖြစ်သည်။ ထိုပုဂ္ဂိုလ်သည် မည်သည့်ဘာသာမျှ မကိုးကွယ်သည့်အတွက် ထိုသူတွင် လူ့စည်းကမ်းကျင့်ဝတ် ဟူ၍ တစ်စုံတစ်ရာမျှ သင်ဖူး၊ ဖတ်ဖူးခြင်းများလည်း မရှိပေ။ သို့ဖြစ်သော်ငြားလည်း စာရေးသူပြောပြသော ငါးပါးသီလအကြောင်းကို အတော်လေးပင် စိတ်ဝင်စားမှု ရှိခဲ့သည်။
ငါးပါးသီလကို မလုံခြုံသည့်အတွက် လူ့လောကနယ်ပယ်တွင် ဖြစ်လာနိုင်သော ပြဿနာများနှင့် ငါးပါးသီလကို လုံခြုံသဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို စာရေးသူ ရှင်းပြခဲ့သည်။ ထိုသူသည် တလေးတစားပင် နားထောင်ခဲ့၍ တတ်နိုင်သမျှ ကြိုးစားပြီး လိုက်နာကျင့်ဆောင်ပါမည် ဆိုသည့်အကြောင်း စာရေးသူကို လျှောက်ထားခဲ့သည်။
ကမ္ဘာတွင် ခေတ်မီတိုးတက်နေသော နိုင်ငံတစ်နိုင်ငံမှ လူအများကို စာရေးသူ ဆွေးနွေးဖူးသည်။ ထိုနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံ တစ်နိုင်ငံတော့ ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံကဲ့သို့ ထေရ၀ါဒ ဗုဒ္ဓသာသနာ ထွန်းကားနေသာ နိုင်ငံမဟုတ်ပါ။ မဟာယာန ဗုဒ္ဓဘာသာ ထွန်းကားနေသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပေသည်။
ထိုနိုင်ငံရှိ လူအများသည် လွတ်လပ်ခြင်းကို အလေးထားကြသည်။ မြတ်နိုးကြသည်။ ထိုကြောင့် သူတို့ နိုင်ငံသည် ယနေ့ခေတ်တွင် ကမ္ဘာ၌ ထိပ်တန်းဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်နေသည်ဟု ဂုဏ်ယူဝင့်ကြွားစွာ စာရေးသူကို ပြောပြကြသည်။ အမှန်တကယ်လည်း ထိုနိုင်ငံသည် ထိပ်တန်းဝင်နိုင်ငံ ဖြစ်နေပါသည်။ ထို့နောက် စာရေးသူသည် သူတို့နိုင်ငံရှိ လူများကို လေ့လာကြည့်ရာ လူမှုရေး နယ်ပယ်များတွင်လည်း လွတ်လပ်မှု လွန်ကဲနေကြသည်ကို တွေ့မြင်ရပေသည်။
အိမ်ထောင်မကျသေးသော လူငယ်၊ လူရွယ်များသည်လည်း လွတ်လပ်ချင်တိုင်း လွတ်လပ်နေကြသည်။ အိမ်ထောင်ကျပြီး အိမ်ထောင်ရှင်များလည်း လွတ်လပ်ချင်တိုင်း လွတ်လပ်နေကြသည်။ အိမ်ထောင်ကျပြီး သူများသည် ပို၍ လွတ်လပ်အောင် သားသမီးမွေးဖို့ ပင်လျှင် တာဝန်ကြီးတစ်ရပ် အဖြစ် သတ်မှတ်ထားကြသည်။ ထိုကြောင့် အိမ်ထောင်သက်တမ်း နှစ်ကာလ ကြာရှည်သော်လည်း သားသမီး မယူကြပေ။ သားသမီး မရှိကြသော အိမ်ထောင်ရှင်များသည် သားသမီး သံယောဇဉ် မရှိကြသဖြင့် ကွာရှင်းဖို့ရာ အတော်ပင် လွယ်ကူကြပေသည်။
ဤ အကြောင်းကြောင့်ပင်လျှင် ထိုနိုင်ငံတွင် လင်မယား ကွာရှင်းမှုများစွာကို နေ့စဉ်နှင့် အမျှ ကြားနေရပေသည်။ ထိုသူတို့ အနေဖြင့် အိမ်ထောင်ကွာရှင်းမှု ပြဿနာသည် အရေးမကြီးသော ပြဿနာ တစ်ခုအဖြစ် ယူဆထားကြပေသည်။ ထို့ကြောင့်ပင်လျှင် လူမှုရေး ဖောက်ပြန်မှုများစွာကို ထိုနိုင်ငံတွင် လွယ်ကူစွာ ကျူးလွန်နိုင်ကြသည်။ စစ်မှန်သော မေတ္တာတရားကို ထိုကဲ့သိုသော လူများတွင် အဘယ်မှာ ရှာတွေ့နိုင်အံ့နည်း။
အတွေးအခေါ် လွတ်လပ်မှုနှင့် ပတ်သက်၍လည်း စာရေးသူ ဆက်ဦးအံ့။ ယနေ့ခေတ် လွတ်လပ်လွန်ချင်သော လူငယ်၊ လူရွယ်များသည်လည်း လူကြီးသူမများ၏ ဆိုဆုံးမသော ယဉ်ကျေးမှုကို လက်ခံဖို့ ၀န်လေးကြသည်။ လူကြီးများကိုလည်း ခေတ်မမီတော့သော လူအိုများ အိုပယ် စာရင်းများအထဲတွင် ထည့်ထားချင်ကြသည်။ မိဘများက ဆိုဆုံးမလျှင်လည်း ဓာတ်ပြားဟောင်းကြီးကိုပဲ ပြန်ဖွင့်ပြသည်၊ အဓိပ္ပာယ် မရှိသည့် အရာများကိုသာ ပြောဆိုနေကြသည်ဟု သားသမီးများကလည်း အထင်အမြင် မှားတတ်ကြသည်။
ချုပ်ချယ်တာကို မကြိုက် ဟု ပြောဆိုနေကြသော လူငယ်များသည် ထိုချုပ်ချယ်ခြင်းသည်ကား စည်းကမ်း ဖြစ်သည် ဆိုသည်ကိုတော့ မသိချင်ယောင် ဆောင်နေတတ်ကြသည်။ စည်းကမ်းသည် ချုပ်ချယ်ခြင်းမဟုတ်။ စည်းကမ်းသည် လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်ပင်ဖြစ်သည်။ မှန်ကန်သော ပုံစံကျအောင် ဘောင်သွင်းပေးခြင်းသာ ဖြစ်သည်။
ထိုကြောင့် ယနေ့ခေတ် လူငယ်များသည် လူကြီးများနှင့် ရင်းနှီးစွာ နေထိုင်ရမည်ကိုကား ကျားအမြီးကို ဆွဲရမည့်အလား စိုးရိမ်ကြောက်လန့်ကြသည်။ လူကြီးမိဘ များကိုလည်း သံယောဇဉ် နည်းလာကြရသည်။ မေတ္တာတရားများ ခေါင်းပါးလာကြသည်။ ဂရုဏာတရားများ ကင်းမဲ့လာကြသည်။ မုဒိတာထားနိုင်ဖို့ စဉ်းစားမပေး။ ဥပေက္ခာကို အသိဉာဏ်တရား နည်းပါးစွာဖြင့် လျစ်လျူရှုကြတော့သည်။
ထိုကဲ့သို့ လူငယ်များ၏ စိတ်ပိုင်းဆိုင်ရာ လမ်းလွဲများ တွေးနေမိခြင်းကြောင့် လူငယ်များ ကိုယ်တိုင်အတွက်လည်း မလိုလားအပ်သည့် ဆိုးကျိုးများစွာကို ဖြစ်ပေါ်လာစေရသည်။ လူကြီးများကိုလည်းပဲ အထီးကျန်ဘ၀ကို ရောက်အောင် လူငယ်များက တွန်းပို့လိုက်ကြသည်။ ကျေးဇူးတရားကို တုန့်ပြန် ပေးဆပ်နိုင်ရန် မဆိုထားဘိ၊ ကျေးဇူးကန်းဖို့ကိုသာ ဇောင်းပေးနေသည်။
လူငယ်များသည် သူတို့ကိုယ် သူတို့ လွတ်လပ်စွာ တွေးခေါ်ခြင်းသည်ပင်လျှင် သူတို့၏ မှန်ကန်သော အခွင့်အရေး တစ်ရပ်ဟု အမှတ်မှားနေကြသည်။ လွတ်လပ်ချင်တိုင်း လွတ်လပ်၍ မရကောင်းသော အရာများ ရှိနေသည်ကိုကား ယနေ့ခေတ် လူငယ်ထု တစ်ရပ်လုံး သတိဉာဏ်ပညာဖြင့် အစဉ်မပြတ် ဂရုစိုက်နေရမည် ကိုတော့ မေ့လျော့နေကြပေသည်။
အတွေးအခေါ်ကို မိမိ ထင်မြင်သလို လွတ်လပ်စွာ တွေးခေါ်နိုင်သော်လည်း မိမိ၏ အတွေးအခေါ်များသည် လမ်းကြောင်းမှန်နေဖို့တော့ အမှန်ပင် လိုအပ်လှပေသည်။ မိမိတစ်ဦးတည်း တွေးခေါ်ထားခြင်းကို မိမိတစ်ဦးတည်း အမှန်လုပ်နေ၍ မရ။ မိမိထက် လောကအတွေ့အကြုံ၊ အတွေးအခေါ်ရင့်ကျက်သော ပညာရှိ လူကြီးများ၏ အကူအညီဖြင့်သာလျှင် မိမိ၏ အတွေးအခေါ်ကို မှန်ကန်သည့် လမ်းကြောင်းအပေါ်ကို တည့်မတ်ပေးနိုင်ပေလိမ့်မည်။
ဤ အချက်သည် ယနေ့ခေတ် လူငယ်များအတွက် အထူးသတိပြုရမည့် အချက်ပင်ဖြစ်သည်။
“လွတ်လွန်းအားကြီးလျှင် လပ်သွားတတ်သည်” ဆိုသည့် စကားကို လူငယ်များ အနေဖြင့် မိမိ၏ နံဘေး အနီးတွင် မိမိ၏ အစောင့်အရှောက် တစ်ခု အဖြစ် အမြဲတမ်း ဆောင်ထားရပေမည်။ တချို့ လူငယ်များက ခေတ်ရေစီးကြောင်းအတိုင်း လိုက်နေတာပဲ ဟု ဆင်ခြေပေးကောင်း ပေးနိုင်ပါသည်။
ထိုကဲ့သို့ ဆင်ခြေပေးသော လူငယ်များအနေဖြင့် အလေးအနက် စဉ်းစားရမည့် အချက်မှာ မိမိတို့ မျှောလိုက်နေသော ခေတ်ရေစီးကြောင်း အထဲတွင် မကောင်းသော မစင်၊ အညစ်အကြေးများ ရောပါနေလျှင်ကော ထိုခေတ်ရေစီးကြောင်း အထဲတွင် ဆက်ပြီး မျောပါ လိုက်နေမည် လော ဟူသည့် မေးခွန်းကို မှန်မှန်ကန်ကန် ဖြေဆိုနိုင်ဖို့ ကြိုးစားနိုင်ရပေမည်။
ဥပမာ အနေဖြင့် ပြောရလျှင် အနုပညာ ရေစီးကြောင်းကိုပင် ကြည့်ကြမည်။ အနုပညာသည် လူထုအတွက် media ပင် ဖြစ်သည်။ ရုပ်ရှင်၊ ဗီဒီယို၊ ဂီတ၊ သဘင် စသော အနုပညာ ရေစီးကြောင်းအထဲတွင် အသိပညာ တိုးတက်စေသော အရာများကို တွေ့မြင်နိုင်သလို အသိပညာကို နိမ့်ကျ ညစ်နွမ်းစေသော အရာများစွာကိုလည်း တွေ့မြင်နိုင်ပေသည်။ ထိုအချင်းအရာကို ကြည့်ခြင်းအားဖြင့် ထိုအနုပညာ ရေစီးကြောင်းအထဲတွင် အညစ်အကြေး မစင်များ ရောနှောလျှက် မျောပါနေသည်ကို သိရှိရသည်။
အများ မိုးခါးရေသောက်သည်အတွက် မိမိပါ လိုက်၍ သောက်ကြစတမ်း ဟု ဆိုလျှင် အများ အပါယ်ကျလျှင် မိမိလည်း အပါယ်၌ အများနည်းတူ ကျခံနေရပေလိမ့်မည် ကို သတိချပ်စေချင်သည်။
ဤ အချက်များသည် မိမိတို့ အတွက် လုပ်သင့်တာကို လုပ်၍ မလုပ်သင့်တာကို မလုပ်ကြရန် နှိုးဆော်လိုက်သော ဆိုင်းဘုတ်ပင် ဖြစ်သည်။
သို့ဖြစ်ပါ၍ ယနေ့ခေတ် လူငယ်ထု အနေဖြင့် အမှားနှင့် အမှန်များကို တိကျစွာ ခွဲခြမ်း စိတ်ဖြာတတ်အောင် လွတ်လပ်စွာတွေးခေါ် ရမည်။ တွေးခေါ်ရရှိလာသော အမှန်တရားများကိုလည်း ကျင့်ကြံအားထုတ်နိုင်အောင် ကြိုးစားကြရပေမည်။
သို့မှသာ ဒုက္ခဆင်းရဲသော သံသရာရေလျင်တွင် မမြုပ်ဘဲ တည်ငြိမ်အေးချမ်းလှသော နိဗ္ဗာန်ကမ်းဆီသို့ လွတ်လပ်စွာ ကူးခပ်သွားလာနိုင်မည် ဟု အသိပေး ပြောကြားလိုက်ရပေတော့သည်…

0 comments:
Post a Comment