* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, October 4, 2009

မြတ်ဗုဒ္ဓ၏ နဝမဝိပါက်တော်


ရှေးကမ္ဘာတခုတွင် ဘုရားအလောင်းတော်သည် တံငါရွာတရွာ၌ သူငယ်ကလေးဖြစ်ခဲ့သည်။ ထိုသို့ တံငါမျိုး၌ ဖြစ်စဉ်အခါ ငါးကြီးတကောင်ကို မိထားသော တံငါသည်ကြီးများသည် ဝိုင်းအုံ၍ ငါးကြီး၏ ဦးခေါင်းကို ထုနှက်ပုတ်ခတ်နေကြသည်။ ထိုသို့ အားရပါးရ ဝိုင်းအုံထုနှက်နေကြစဉ် ငါးကြီးသည် တဖြည်းဖြည်းငြိမ်ကျပြီး သေသွားလေသည်။ အလောင်းတော်သူငယ်သည် ဘေးတွင် ရပ်ကြည့်နေကာ တဖြည်းဖြည်းနဲ့ ငါးကြီးသေသွားသည်ကို ဝမ်းမြောက်အားရစိတ် ဖြစ်ပေါ်လာသည်။ ထိုသို့ ဝမ်းမြောက်အားရစိတ် ဖြစ်ပေါ်သော အကုသိုလ်ကံကြောင့် အပါယ်ငရဲမှာ ခံစားခဲ့ရပြီး ဖြစ်လေရာရာဘဝများမှာ ခေါင်းခဲဝေဒနာ စွဲကပ်ခဲ့ရလေသည်။ အဆုံးဘဝ သမ္မာသမ္ဗုဒ္ဓ-ဖြစ်တော်မူသောအခါ ရံဖန်ရံခါ ခေါင်းခဲဝေဒနာကို ခံရတော်မူလေသည်။


ကိုယ်တိုင်ထုနှက်ခြင်းတွင် မပါဝင်၊ သူတပါးထုနှက်ခြင်းကိုသာ ကြည့်ပြီး ဝမ်းမြောက်မိသောကြောင့် အကျိုးပေး နစ်နာခဲ့ရသည်။ ဤဝတ္ထုကို ထောက်ဆ၍ အကုသိုလ်မှု ပြုလုပ်နေသည်များကို မြင်လျှင် ယောနိသောမနသိကာရကို သုံးပြီး မကောင်းသောစိတ် မဝင်ဘဲ ကောင်းသောစိတ် မွေးမြူရန် အရေးကြီးလှပေသည်။

ဤအမှုမျိုးနှင့်ပတ်သက်၍ အထူးသတိပြု ရှောင်ရှားရန်နှင့် အကုသိုလ်ဖြစ်ပွားတတ်သော ပုံလေးဆယ်ကို ပညာရှိကြီးများက ဆောင်ပုဒ်အနေဖြင့် ( ကိုယ်တိုင်, တိုက်တွန်း, ချီးမွမ်း, စိတ်တူ, ပွားပြန်မူ၊ မှတ်ယူလေးဆယ်ကံ ) ဟု စပ်ဆိုထားကြသည်။

၁။ အကုသိုလ်ကို ကိုယ်တိုင်ပြုလုပ်ခြင်း။
၂။ သူတပါးပြုအောင် တိုက်တွန်းခြင်း။
၃။ သူတပါးပြုသည်ကို ဝမ်းမြောက်ဝမ်းသာ ချီးမွမ်းခြင်း။
၎။ အလိုတူ၍နေခြင်း။
ဤလေးမျိုးကို ဒုစရိုက် ၁၀-ပါးနှင့်မြှောက်လျှင် အကုသိုလ်ပေါင်း လေးဆယ်ရှိလေသည်။ သည်လေးဆယ်မှာ ဘယ်အကုသိုလ်ပဲ ပြုပြု သက်သာခွင့်မရှိဘဲ မကောင်းကျိုးပေးမြဲ ဖြစ်သည်ကိုအမြဲသတိထား ရှောင်ရှားသင့်ကြပေသည်။

ဤအကြောင်းကို လယ်တီပဏ္ဍိတဦးမောင်ကြီး က အမေးအဖြေ ပြုလုပ်ထားပုံမှာ-
သုံးလူ့ထွတ်ဖူး၊ မြိုက်မှူးသျှောင်ကေ။
ရံဖန်ခါလဲ၊ ခေါင်းခဲပစေ။
ဝေဒနာဝဋ်၊ မလွတ်ကုန်ချေ။
ဘယ်ဝိပါက် အဆက်ပါခဲ့ပေ။

ရှေးခါကပ်ဟောင်း၊ မကောင်းကံဆော်။
တံငါမျိုးဇာတ်၊ ဖြစ်လတ်သနော်။
ငါးတို့ဦးခေါင်း၊ ထုထောင်းမြင်သော်။
ဝမ်းမြောက်မိ လိုက်ဘိဝိပါက်တော်။

ကျမ်းကိုး။ မဟာဗုဒ္ဓဝင် အတွဲ-၆၊ သာဓုသုန္ဒရီကျမ်း ပ-တွဲ။

အောင်အဂ္ဂ

( မြတ်မင်္ဂလာ ၂ဝဝ၁-ခု ဧပြီလ )


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP