သမာနတ္တတာစီးဆင်းမှု
၁-က
'' The days of a lonely wolf are ending."
"သင်းကွဲဝံပုလွေတစ်ကောင်ရဲ့ နေ့ရက်များကုန်ဆုံးသွားပါပြီ"တဲ့။
ရားစုသစ်ထောင့်ချိုးမှာ စီးစီးပိုးပိုး ကြားလိုက်ရတဲ့ အသံတစ်ခုပဲဖြစ်ပါတယ်။ ကမ္ဘာမြေရဲ့ နံရံအသီးသီးမှာ ရုတ်ရုတ်သဲသဲ စိန်ခေါ်မှုတွေက ဆူနာမီ(Tsunami) လှိုင်းတံပိုးတွေလို ကြောက်မက်ဖွယ် ရှုပ်ထွေးမြင့်တက်လာခဲ့ကြပါတယ်။ တိမ်းရှောင်ပုန်းလို့ မလွတ်နိုင်တော့ပါဘူး။ ဆန်းသစ်တီထွင်မှုတွေ လျှံကျနေတဲ့ နည်းပညာခေတ်ရဲ့ လိုအပ်ချက်အသစ်စက်စက်တွေက လူသားတစ်ယောက်ရဲ့ နေ့စဉ်ဒိုင်ယာရီကို မလူးလွန့်သာအောင် ချည်နှောင်ထားလိုက်ကြပါပြီ။
တစ်နေ့ထက်တစ်နေ့ လေးလံပုံကျလာတဲ့ လူနေမှုဘ၀ပုံစံသစ်ကလည်း လူသားတစ်ဦးချင်းစီရဲ့ ခံနိုင်စွမ်းရည်ကို အမျိုမျိုးစမ်းသပ်နေတဲ့ ဖိအားတစ်ခုဖြစ်လာခဲ့ပါတယ်။ အလုံးအဖန်ကျုံ့ဝင်သွားပေမယ့် အရေးအရာတွေ နက်ရှိုင်းပြန့်ကားလာတဲ့ ကမ္ဘာ့ကွန်ရက်ကြီးထဲမှာ တစ်ဦးတစ်ယောက်ကောင်းနဲ့တော့ ခြေဖျားထောက်ချင်လို့မရနိုင်တော့ပါဘူး။
နှစ်ဆယ့်တစ်ရာစုကို သူရဲကောင်းလွန်ခေတ်(Post Heroic Era)လို့ ညွှန်းဆိုနေကြရပါပြီ။
၁-ခ
ပုဂ္ဂိုလ်ရေးကိုးကွယ်မှု(Personal Cult)ကို ဗဟိုပြုစံထားပြီး တစ်ဦးတစ်ယောက်တည်းရဲ့ အရည်အသွေးနဲ့ ၀န်ဆောင်မှုကိုသာ အားပြုလည်ပတ်နေတဲ့ ပုဂ္ဂလိက၀ါယမစနစ်ဟာ ကျယ်ပြန့်တဲ့ နယ်ပယ်ချဲ့ထွင်မှုနဲ့ ခိုင်မာတဲ့ အနာဂတ်မျိုးဆက်ကို ဖော်ဆောင်ဖွဲ့စည်းနိုင်မှာ မဟုတ်ပေဘူး။ အသင်းအဖွဲ့လိုက် ဆောင်ရွက်ခြင်းလို့ အဓိပ္ပါယ်ရတဲ့ Team-work ဆိုတဲ့ စကားကို ဒီနေ့ ကျယ်ကျယ်လောင်လောင် ပြောနေကြရပါပြီ။
အုပ်စုဖွဲ့ဆောင်ရွက်ခြင်းကသာ အမြင့်မားဆုံးပန်းတိုင်နဲ့ အကျယ်ပြန့်ဆုံးအင်အားကို ဆွတ်ခူးနိုင်မှာ ဖြစ်သလို စွမ်းရည်ပြည့်မျိုးဆက်ကိုလည်း လက်ဆင့်ကမ်းမွေးမြူနိုင်ခဲ့မှာ ဖြစ်ပါတယ်။
နံနက်ခင်းတံခါးချပ်ကို တွန်းဖွင့်ကြည့်လိုက်တဲ့အခါ
အရောင်အသွေးမတူပေမယ့်
အုပ်စုဖွဲ့ပျံသန်းနေတဲ့ ငှက်တွေကို တစ်အုပ်ကြီးတွေ့ရသလို
ဟိုးအဝေးဆီက ဧကစာငှက်တွေရဲ့
သင်းကွဲတေးကိုလည်း ကြားနေရပြန်ပါတယ်။
၁-ဂ
ဘီစီခြောက်ရာစု အိန္ဒိယပြည်ကြီးရဲ့ နယ်ပယ်အနှံ့မှာ ညီညွတ်တဲ့သံဃာ့အဖွဲ့အစည်းကြီးရဲ့ ၀န်ဆောင်မှုကို အားပြုပြီး ကျယ်ပြန့်တဲ့ ဗုဒ္ဓနိုင်ငံတော်ကို တည်ထောင်နိုင်ခဲ့တဲ့ သကျမုနိအရှင်ဟာ အသင်းအဖွဲ့လိုက်ဆောင်ရွက်မှု Team-work ရဲ့ အားသာချက်ကို ယုံကြည်တော်မူခဲ့သလို မျိုးဆက်သစ်ရဲ့ စွမ်းဆောင်ရည်ကိုလည်း အားထားတော်မူခဲ့ကြောင်း ထင်ရှားလှပါတယ်။
မျက်မှောက်ခေတ်တိုင်အောင် သာသနာ့မီးရှုးတိုင်ကို လက်ဆင့်ကမ်းထွန်းညှိသွားမယ့် ညီညွတ်ခိုင်မာတဲ့ မျိုးဆက်သစ်ဝန်ဆောင်သံဃာတော်များကို မွေးမြူချန်ရစ်ထားတော်မူနိုင်ခဲ့ခြင်းက အရှင်မြတ်ရဲ့ " သမဂ္ဂါနံ တပေါ သုခေါ '' ဆိုတဲ့ ပူပေါင်းဆောင်ရွက်ရေး (Working-together) ဥပဒေသကို လေးမြတ်နက်ရှိုင်းစေခဲ့ပါတယ်။
ဒီလို ပြည့်ဝအောင်မြင်လှတဲ့ အသင်းအဖွဲ့လိုက် ဆောင်ရွက်မှုလမ်းစဉ်ကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်းရဲ့ အဓိကသော့ချက်ကတော့ အရှင်မြတ်ကျင့်သုံးခဲ့တဲ့ သမာနတ္တတာ သင်္ဂဟတရားမြတ်ပဲဖြစ်ပါတယ်။
(၁)မြတ်နိုးဖွယ်လက်ဆောင်ပေးကမ်းမှု(ဒါန)
(၂)စကားချိုချိုပြောဆိုဧည့်ခံမှု(ပေယျဝဇ္ဇ)
(၃)သူတစ်ပါးအရေးကို ကိုယ့်အရေးလို သဘောထားကူညီဆောင်ရွက်ပေးမှု(အတ္တစရိယ)နဲ့

0 comments:
Post a Comment