* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, October 10, 2009

မိမိ ကိုယ်ကို စမ်းစစ်ပါ

၁။ ပါပိစ္ဆာ--
အလိုဆိုးရှိသောသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း အလိုဆိုးရှိသူ ဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ အလိုဆိုးရှိသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၂။ အတ္တုက္ကံသန ပရဝမ္ဘန--
မိမိကိုယ်ကို မြှင့်တင်၊ သူတစ်ပါးကို ရှုတ်ချတတ်သောသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း မိမိကိုယ်ကို မြှင့်တင်၊ သူတစ်ပါးကို ရှုတ်ချတတ်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ မိမိကိုယ်ကို မြှင့်တင် သူတပါးကို ရှုတ်ချသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၃။ ကောဓန--
အမျက်ထွက်သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း အမျက်ထွက်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ အမျက်ထွက်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၎။ ဥပနာဟီ --
အမျက်ထွက်ခြင်းဟူသော အကြောင်းကြောင့် ရန်ငြိုးဖွဲ့သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း ရန်ငြိုးဖွဲ့တတ်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြ မည် မဟုတ်” ဟု ရှုဆင်ခြင်၍ ရန်ငြိုးဖွဲ့တတ်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၅။ အဘိသင်္ဂိ --
အမျက်ထွက်ခြင်းဟူသော အကြောင်းကြောင့် အစွဲကြီးသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း အစွဲကြီးသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ အစွဲကြီးသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၆။ ကောဓနော ကောဓသာမန္တဝါစံ နိစ္ဆာရေတာ --
ရန်စကားပြောသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း ရန်စကားပြောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ ရန်စကားပြောသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၇။ ပရိပ္ဖရတိ--
စောဒက က စောဒနာသော် စောဒကကို ဆန့်ကျင်ဘက်ပြုသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း စောဒက-က စောဒနာသော် စောဒကကို ဆန့်ကျင်ဘက် ပြုသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်”ဟု ရှုဆင်ခြင်၍ စောဒက-က စောဒနာသော် စောဒကကို ဆန့်ကျင်ဘက် ပြုသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၈။ အပသာဒေတိ--
စောဒက-က စောဒနာသော် စောဒကကို ကြိမ်းမောင်းသော သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း စောဒက-က စောဒနာသော် စောဒကကို ကြိမ်းမောင်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ စောဒက-က စောဒနာသော် စောဒကကို ကြိမ်းမောင်းသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၉။ ပစ္စာရောပေတိ--
စောဒက-က စောဒနာသော် စောဒကကို အပြစ်ပြန်တင်သော သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း စောဒက-က စောဒနာသော် စောဒကကို အပြစ်ပြန်တင်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ စောဒက-က စောဒနာသော် စောဒကကို အပြစ်ပြန်တင်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၀။ အညေနညံ ပဋိစရတိ ဗဟိဒ္ဓါ ကထံ အပနာမေတိ ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ ပါတုကရောတိ--
စောဒက-က စောဒနာသော် စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို ဖုံးလွှမ်းတတ်သော၊ စကားကို အပသို့ လွှဲဖယ်တတ်သော၊ အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှားပြုတတ်သော သူကို ငါသည် မချစ် မနှစ်သက်။

“ငါလည်း စောဒကက စောဒနာသော် စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို ဖုံးလွှမ်းတတ်သော၊ စကားကို အပသို့ လွှဲဖယ်တတ်သော၊ အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှားပြုတတ်သောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ စောဒက-က စောဒနာသော် စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို ဖုံးလွှမ်းတတ်သော၊ စကားကို အပသို့ လွှဲဖယ်တတ်သော၊ အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှားပြုတတ်သောသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၁။ အပဒါနေ န သမ္ပာယတိ--
စောဒကက စောဒနာသော် မိမိ၏ ဖြစ်စဉ် အတ္ထုပ္ပတ္တိကို ပြေလည်အောင် မဖြေဆို နိုင်သောသူကို ငါသည် မချစ် မနှစ်သက်။

“ငါလည်း စောဒကက စောဒနာသော် မိမိ၏ ဖြစ်စဉ် အတ္ထုပ္ပတ္တိကို ပြေလည်အောင် မဖြေဆိုနိုင်သောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ စောဒကက စောဒနာသော် မိမိ၏ ဖြစ်စဉ် အတ္ထုပ္ပတ္တိကို ပြေလည်အောင် ဖြေဆိုတတ်သူ ဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၂။ မက္ခီ ပဠာသီ--
ဂုဏ်ကျေးဇူး ချေဖျက်သူ၊ ဂုဏ်ပြိုင်သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း ဂုဏ်ကျေးဇူး ချေဖျက်သူ၊ ဂုဏ်ပြိုင်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ ဂုဏ်ကျေးဇူး ချေဖျက်သူ၊ ဂုဏ်ပြိုင်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၃။ ဣဿုကီ မစ္ဆရီ--
မနာလို ဝန်တိုသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း မနာလို ဝန်တိုသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြ မည် မဟုတ်” ဟု ရှုဆင်ခြင်၍ မနာလို ဝန်တိုသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၄။ သဌော မာယာဝီ --
ဟန်ဆောင်သူ လှည့်ပတ်သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း ဟန်ဆောင်သူ လှည့်ပတ်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ ဟန်ဆောင်သူ လှည့်ပတ်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၅။ ထဒ္ဓေါ အတိမာနီ --
ခက်ထန် မောက်မာသောသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း ခက်ထန် မောက်မာသောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ ခက်ထန် မောက်မာသောသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

၁၆။ သန္ဒိဋ္ဌိ ပရာမာသီ အာဒါနဂ္ဂါဟီ ဒုပ္ပဋိနိဿဂ္ဂီ --
မိမိအယူကို စွဲလမ်းတတ်သော၊ မြဲမြံစွာ ယူတတ်သော၊ မစွန့်လွှတ်နိုင်သောသူကို ငါသည် မချစ် မနှစ်သက်။

“ငါလည်း မိမိအယူကို စွဲလမ်းတတ်သော၊ မြဲမြံစွာ ယူတတ်သော ၊ မစွန့်လွှတ်နိုင် သောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ မိမိအယူကို စွဲလမ်းတတ်သော ၊ မြဲမြံစွာ ယူတတ်သော၊ မစွန့်လွှတ်နိုင်သောသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။

ဤသို့ နေ့ရော ညပါ အခါမလပ် ရှုဆင်ခြင်ပါက “ပီတိ ပါမောဇ္ဇ” တရား တနေ့တခြား တိုးပွားလာသည့်အပြင် ကြေးမုံ မှန်ပြင်ကို ကြည့်ရှုသောသူသည် မိမိမျက်နှာရိပ်ကို ထင်ရှားစွာ တွေ့မြင်ရဘိသကဲ့သို့ --
“အပါယဂမနီယ အကုသိုလ်ပါပဓမ္မများ” ကို “မိမိလက်ကို အတင်းအကြပ် ဆွဲခေါ်နေသော သူသတ်သမား” အသွင် ထင်မြင်လာပါတော့သည်။

ထိုအခါ အကုသိုလ်တရားများကို ပယ်ရှားရန်အတွက် “ကသိုဏ်းပရိကမ် အလုပ်”ကို အားထုတ်လျက် “ ဝိပဿနာတရား” ထပ်ဆင့်ပွားများပြီးလျှင် “သန္တိသုခ အမတနန်း” သို့ တက်လှမ်းနိုင်မည်သာ ဖြစ်ပါတော့သည်။
ဘဒ္ဒန္တ သီရိန္ဒာဘိဝံသ ၊ မစိုးရိမ်ဆရာတော်ကြီး ၏ ဩ၀ါဒကထာကို ပြန်လည်ဖော်ပြပါသည်၊


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP