* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, October 7, 2009

လောဘ၏ သဘော...


လောဘ ဟူသော စကားလုံးသည် လူတိုင်း၏ ပါးစပ်ဖျားတွင် ရေပန်းစားလျှက် ရှိပါသည်။ စာရေးသူ တို့သည်လည်း ငယ်စဉ်ကလေး ဘ၀လေးကပင် လောဘ၏ စကားလုံးကို ရင်းနှီးဖူးပြီးသား ဖြစ်ပေသည်။ ကလေးအရွယ် လောဘ ဆိုသော စကားလုံးကို မပြောတတ်ခင် ကတည်းကပင် လောဘက ရှိနေပြီး ဖြစ်သည်။
မုန့်စားချင်လျှင် အော်ငိုမည်။ မုန့် ရရှိလာလျှင်လည်း မိမိတစ်ဦးတည်းသာ အပိုင်လိုချင်သည်။ သူတစ်ပါးအား ပေးကျွေးဖို့ရန်မှာ ၀န်လေးနေတတ်သည်။ စကားမပြောတတ် အရွယ်ကတည်းကပင် လောဘ၏ အပြုအမူများကို လုပ်ဆောင်နေတတ်ပြီ။ ထိုနောက် စကားနားလည်လာသောအခါ လောဘ၏ အဓိပ္ပာယ်ကို သိလာရတော့သည်။
သို့သော် တစ်ခါတစ်ရံ စကားလုံးများကို ရင်းနှီးပြီး ဖြစ်သော်လည်း ယင်းစကားလုံးတို့၏ အဓိပ္ပာယ် အနှစ်သာရကိုကား တိကျစွာ ဖော်ထုတ်နိုင်စွမ်း မရှိခဲ့ကြချေ။
စကားလုံးတိုင်းတွင် အဓိပ္ပာယ်နှင့် အနှစ်သာရ ကိုယ်စီ ရှိနေကြသည်။ စာရေးသူ ဤဆောင်းပါးတွင် တင်ပြလိုသည်မှာ လောဘ၏ သဘော၊ လောဘ၏ သဘာဝ တို့ပင် ဖြစ်သည်။
လောဘ စကားလုံးကို ပါဠိစကားလုံးမှ တိုက်ရိုက်ယူထားခြင်း ဖြစ်သည်။ မြန်မာစကားဖြင့် အလျင်းသင့်သလို ဘာသာပြန်ရလျှင် လိုချင်မက်မောခြင်း၊ တပ်မက်ခြင်း ပင်ဖြစ်သည်။ ထို့အပြင် နှစ်သက်ခြင်း၊ ကြိုက်ခြင်း၊ ခင်တွယ်ခြင်း၊ တွယ်တာခြင်း၊ သာယာခြင်း၊ မစွန့်လွှတ်နိုင်ခြင်း စသည်တို့သည်လည်း လောဘ၏ စကားလုံးကို တစ်မျိုးတစ်ဖုံ လှည့်၍ ပြောဆိုနေကြခြင်း ဖြစ်သည်။
ထိုစကားလုံးများကို ခြုံငုံ၍ ပြောရလျှင် အတိုချုပ်မှာ လိုချင်ခြင်း ပင်ဖြစ်သည်။ ဤသို့ဆိုလျှင် လိုချင်သည့် အရာတိုင်းကို လောဘ ဟု ပြောနိုင်ပါမည်လော ဆိုသည့်မေးခွန်းကို ဖြေဆိုရန် အခက်အခဲ တွေ့ပါလိမ့်မည်။
မေးခွန်းအတွက် အဖြေရှိပါသည်။ လိုချင်သည့်အရာတိုင်းကို လောဘ ဟု ပြောဆို၍ မရနိုင်ပေ။
ဥပမာ အားဖြင့် ကုသိုလ်ကို လိုချင်ခြင်း၊ တရားကို လိုချင်ခြင်း၊ ဒါနကို ပြုလုပ်လိုခြင်း၊ ပညာကို လိုချင်ခြင်း၊ နိဗ္ဗာန်ကို လိုချင်ခြင်း စသည်တို့သည် လိုချင်ခြင်း ဖြစ်သည့်အတွက် လောဘစာရင်းအထဲကို ထည့်သွင်းနိုင်သည် ဟု စောဒက တက်ဖွယ်ရာ ဖြစ်လာပါသည်။
အမှန်တော့ ဤအရာများသည် လောဘ မဟုတ်။ ဖြစ်ချင်သော ဆန္ဒသာလျှင် ဖြစ်ပါသည်။ ဆန္ဒသည် အာရုံကို လိုလားတောင့်တခြင်း သဘော သာလျှင်ဖြစ်သည်။ တစ်နည်းထပ်မံ၍ ရှင်းရလျှင် လောဘတွင် တွယ်တာငြိကပ်တပ်မက်မှု ဟူသော အစေးဓာတ်ပါသည်။ ဆန္ဒ၌ အစေးဓာတ် မပါချေ။ ထိုကြောင့် လောဘနှင့် ဆန္ဒကို သိသာထင်ရှားစွာ ကွဲကွဲ ပြားပြား သိရှိနေဖို့ လိုအပ်ပါသည်။
လောဘ၏ စကားလုံးကို ရှုထောင့်အမျိုးမျိုးမှ မည်သို့ပင် အဓိပ္ပာယ် ဖွင့်ဆိုနေကြစေကာမူ ၄င်း၏ ဆိုလိုရင်းကို လေးနက်တိကျစွာ ဖော်ထုတ်ရလျှင် ငြိကပ်ခြင်း ဟု ပြောမှသာ ပိုမို၍ သဘောသက်ရောက် စေလိမ့်မည်ဟု ပြောဆိုရပေမည်။
ငြိကပ်ခြင်း ၏ အဓိပ္ပာယ်ကို ဆက်၍ လင်းဦးအံ့။
ပစ္စည်း တစ်ခုခုတွင် ငြိကပ်နေသည့် သဘောကို ဆိုလိုပါသည်။ မိမိတွင် ရှိသော စည်းစိမ်ဥစ္စာများကို ငြိကပ်နေခြင်း၊ မိမိတွင် ရှိသော ရာထူးဂုဏ်သိမ်တွေကို ငြိကပ်နေခြင်း စသည်တို့သည် လောဘ၏ သဘောများပင် ဖြစ်သည်။
လောဘသည် အခြေခံအားဖြင့် နှစ်မျိုး ရှိပါသည်။ သမလောဘနှင့် ၀ိသမလောဘ တို့ပင် ဖြစ်ပါသည်။ သမလောဘသည် ရှိသင့် ရှိထိုက်သည့် လောဘ ဖြစ်၏။ ၀ိသမလောဘသည် မရှိသင့် မရှိထိုက်သော လောဘပင် ဖြစ်၏။
သမလောဘသည် သမ္မာအာဇီဝနည်းဖြင့် တရားနည်းလမ်း မှန်စွာ ပစ္စည်းဥစ္စာ ရှာဖွေလုပ်ကိုင် စားသောက်ခြင်းဖြစ်သည်။ တစ်နည်း ပြောရလျှင် တရားသဖြင့် လိုချင်ခြင်းသည် သမလောဘ ဖြစ်သည်။ သမလောဘ မရှိလျှင် လူ့လောကတွင် နေထိုင်၍ မဖြစ်နိုင်ပါ။ မိမိ၏ ဇနီးမယား၊ သားသမီးများ အတွက် ၀မ်းစာရေးကို ဖြေရှင်းပေးရဦးမည် မဟုတ်ပါလား။၏
လောကီဘုံနယ် အထဲတွင် နေထိုင်နေသော လောကီလူသားများ အဖို့ သင့်တင့်လျှောက်ပတ်သော နေထိုင်ခြင်းမျိုးဖြင့် နေထိုင်နေလျှင် အဓိပ္ပာယ် ရှိနေပေလိမ့်မည်။ ထိုကြောင့် သင့်တင့်လျှောက်ပတ်သော လောဘကိုကား မထား၍ မရှိ၍ ဘယ်တော့မှ မဖြစ်။ ဤသည်ကို အပြစ်ဟု ပြောဆို၍ မရစကောင်းပေ။
ဝိသမလောဘသည် သူတစ်ပါးဆီမှ မတရား လိုချင်ခြင်းပင် ဖြစ်သည်။ သူတစ်ပါး ဒုက္ခရောက်မည်ကို မတွေးတတ်။ မိမိ ကောင်းစားရေးကိုသာ ရှေ့တန်းတင်တတ်သည်။ မိစ္ဆာအာဇီဝ နည်းလမ်းများဖြင့် စီးပွားရှာတတ်သည်။ ဘယ်သူ သေသေ ငတေမာရင် ပြီးရော ဆိုသည့် လူစားမျိုးဖြစ်သည်။ ၀ိသမလောဘသားများသည် ရလေ လိုလေ အိုတစ္ဆေ အမျိုး အစားထဲတွင် ပါဝင်ကြပေသည်။ ထိုသူတို့သည် လောဘကား ပြီးဆုံးခြင်းလမ်းစကို အဘယ်မှာ ရှာတွေ့နိုင်အံ့နည်း။
စာရေးသူ မြို့တစ်မြို့တွင် တွေ့ခဲ့ဖူးသော သူဌေးနှစ်ဦး အကြောင်းကို ပြောချင်ပါသည်။ ပထမသူဌေးသည် သမလောဘသမား ဖြစ်သည်။ စီးပွားရှာရာတွင် သူ့ဘက်ကိုယ့်ဘက် ကြည့်ရှုတတ်ပြီး စိတ်သဘောထား နူးညံ့သူဖြစ်သည်။ လူတိုင်းတွင် ပူပင်စရာများ ရှိသော်ငြားလည်း ထိုသူဌေးတွင် အလွန်အမင်း စိတ်ပူပင် သောကရောက်နိုင်သော အပူအပင် သိပ်မရှိလှ။ အဘယ်ကြောင့်နည်း ဟု ဆိုရသော် ၄င်း ရှာဖွေထားသော ပစ္စည်းဥစ္စာများသည် သမလောဘနည်းဖြင့်သာ ရရှိထားကြသောကြောင့် ဖြစ်သည်။
ထိုအကြောင်းကြောင့်ပင် ထိုသူဌေးသည် အဆိပ်မရှိသော ထမင်းကိုသာ စားနေရသည်။ စာရေးသူ သွားရောက် လည်ပတ်သော အခါတွင်လည်း စိတ်ချမ်းသာစွာနဲ့ သတင်းကောင်းတွေကိုသာ ကြားရသည်။ စိတ်ချမ်းသာစရာ အလွန်ပင် ကောင်းလှပါသည်။ အလှူအတန်း ပြုလုပ်ရာတွင်လည်း အလှူပစ္စည်းက မွန်မြတ်သန့်စင်လှသဖြင့် ကုသိုလ်များ ဆတိုး၍ ရရှိနိုင်ပါသည်။
ဒုတိယ သူဌေးမှာကား နေ့စဉ်နေ့တိုင်း ပြဿနာ များနှင့် ပြည့်နေတတ်သည်။ ၄င်း၏ ကုမ္ပဏီရုံးခန်းတွင် ပြဿနာ တစ်ခုခုကို မဖြေရှင်းရသော နေ့ ဟူ၍ မရှိသလောက်ပင်။ အချိန်တိုင်း ပါးစပ်က ဆဲဆိုသံများနှင့် ညံနေတတ်သည်။ အလုပ်သမားများကိုလည်း ယဉ်ယဉ်ကျေးကျေး မဆက်ဆံ။ တစ်ခါတရံ ခြေလက်ဖြင့်တောင် ကန်ကျောက်တတ်သေးသည်။
စာရေးသူ သွားရောက်လည်ပတ်သော အခါတွင်လည်း ဤအချင်းအရာများကို မြင်ရ ကြားရသော အခါ စာရေးသူ ကိုယ်တိုင်စိတ်ချမ်းသာမှု မရှိလှပေ။ ထိုကြောင့် ၄င်းသူဌေးဆီကို နောက်တစ်ခေါက် သွားရောက်လည်ပတ်ချင်ဖို့ နေနေသာသာ လှည့်ချင်သော ခြေဦးကိုတောင်မှ ဒေါသထွက်ချင်လာသည်။ ထိုသူဌေးသည် ညအိပ်ယာဝင်သော အခါတွင် အေးအေးချမ်းချမ်းမှ အိပ်စက်နိုင်ပါ့မလား ဟု စာရေးသူ တွေးမိသည်။
ဝိသမလောဘသမား၏ စိတ်ကား ပူလောင်လွန်းလှပါဘိ။ မိမိကိုယ်ကိုလည်း ပူလောင်သလို သူတစ်ပါးကိုလည်း ပူလောင်စေလေသည်။ ထိုသူ စားသောက်နေသော ထမင်းသည်လည်း မတရားသော နည်းလမ်းဖြင့် ရထားသောကြောင့် အဆိပ်အတောက်များကို စားနေရသကဲ့သို့ပင် ဖြစ်ချေ၏။
သမလောဘ သမားများသည် စိတ်ထားနူးညံ့သဖြင့် အလှူအတန်းတွင် ရက်ရောတတ်သည်။ ၀ိသမလောဘ သမားများကား မိမိတို့၏ ပစ္စည်းဥစ္စာများ ကုန်ခန်းသွားမည်ကို စိုးရိမ်သဖြင့် အလှူခံ မိမိအိမ်သို့ ရောက်လာမည်ကိုပင် စိုးရိမ်နေတတ်ကြသည်။ မိမိ၏ ပစ္စည်းဥစ္စာများ အပေါ်တွင် ငြိကပ်တွယ်တာနေသည့် အစေးဓာတ် အားကြီးလွန်းနေ၍ ဖြစ်သည်။ ထိုကဲ့သို့ ပုဂ္ဂိုလ်များ တမလွန် ဘ၀သို့ ကူးပြောင်းသွားသည့်တိုင်အောင် မကျွတ်မလွတ်ကြပဲ အပါယ်ဘုံဘ၀များတွင် ဒုက္ခဖြစ်နေရတော့သည်။
လောဘသမားများ၏ အလိုများသည် ပြည့်စုံပြီဟု မည်သည့်အခါမျှ မရှိပေ။ အမြဲတမ်း လိုအပ်နေသည်ချည်း ဖြစ်နေသည်။ စာရေးသူ အင်္ဂလိပ်စကားပုံတစ်ခု ကြားဖူးသည်။
ဤကမ္ဘာကြီးသည် လူသားများအတွက် လိုအပ်ချက်ကို ဖြည့်စွမ်းပေးနိုင်သည်။ သို့သော် လောဘအတွက်ကိုမူကား ဖြည့်ဆည်းပေးနိုင်လိမ့်မည် မဟုတ်။
The earth can be people for need, but not for greed.
လောဘကို အဆင့်မြင့်မြင့် နောက်ထပ် နည်းတစ်နည်းဖြင့် ခေါ်ဆိုရလျှင် တဏှာ ဟု ခေါ်ဆိုနိုင်ပေသည်။ ထိုတဏှာသည် (၆) မျိုး ရှိပေသည်။ ဖော်ပြဦးအံ့။
(၁) အဆင်း အမျိုးမျိုးကို တွယ်တာနှစ်သက်မှု ရူပတဏှာ။
(၂) ကောင်းမွန်သော အသံ အမျိုးမျိုးကို တွယ်တာနှစ်သက်မှု သဒ္ဒတဏှာ။
(၃) အနံ့ အမွှေးအကြိုင် အမျိုးမျိုးကို တွယ်တာနှစ်သက်မှု ဂန္ဓတဏှာ။
(၄) အရသာ အမျိုးမျိုးကို တွယ်တာနှစ်သက်မှု ရသတဏှာ။
(၅) အတွေ့အထိ အမျိုးမျိုးကို တွယ်တာနှစ်သက်မှု ဖောဋ္ဌဗ္ဗတဏှာ။
(၆) သဘောတရားတွေကို တွယ်တာနှစ်သက်မှု ဓမ္မတဏှာ။
အထက်၌ ဖော်ပြထားသော တဏှာ (၆) မျိုးသည် လောဘ အမျိုးအစားများ ဖြစ်ကြသည်။ ဤသို့ ဆိုလျှင် အ၀တ်အစား ၀တ်ဆင်ခြင်း ဆိုသည်ကို လောဘဟု ခေါ်ဆိုနိုင်လော ဟု ဆိုလာလျှင် သင့်တင့် လျှောက်ပတ်သော အ၀တ်အစား ၀တ်ဆင်ခြင်းသည် သမလောဘ ဟုပင် ဖြေဆိုရပေလိမ့်မည်။ ၄င်းသည် ရှိသင့် ရှိထိုက်သည့် လောဘ ဖြစ်သည်။
ထိုတဏှာ (၆) မျိုးကို ရှိသင့်ရှိထိုက်သည်ထက် လွန်လွန်ကဲကဲ ကပ်ငြိလာလျှင် ၀ိသမလောဘ ဖြစ်သွားပေလိမ့်မည်။
မြတ်စွာဘုရားသည် အလယ်အလတ် လမ်းစဉ်ဖြစ်သည့် မဇ္ဈိမပဋိပဒါ လမ်းစဉ်ကိုသာ ကျင့်သုံးခိုင်းခဲ့သည်။ မြတ်စွာဘုရား လက်ထက်တော်က မြတ်စွာဘုရားနှင့် ခေတ်ပြိုင် ဂျိန်းဘာသာ လမ်းစဉ်တစ်ရပ် ပေါ်ထွန်းခဲ့သည်။ ဂျိန်းဘာသာ လမ်းစဉ်သည် ယခုခေတ်အထိ အိန္ဒိယနိုင်ငံတွင် ထွန်းကားနေဆဲ ဖြစ်သည်။ ဗုဒ္ဓဘာသာကဲ့သို့ ကမ္ဘာတစ်ဝှမ်းကို ပျံ့နှံ့သွားခြင်းတော့ မဟုတ်ပေ။
ဂျိန်းဘာသာ လမ်းစဉ်သည် ထိုတဏှာ (၆) မျိုးကို အလယ်အလတ် လမ်းစဉ်ဖြင့် ပယ်သတ်ခြင်း မဟုတ်ဘဲ အစွန်းရောက် လမ်းစဉ်ဖြင့် ပတ်သတ်ခြင်း ဖြစ်သည်။ အ၀တ်အစားကို ၀တ်ဆင်လျှင် လောဘ ဖြစ်သည်။ ထို့ကြောင့် ဂျိန်းဘာသာ ရဟန်းများသည် အ၀တ်အစားကို လုံးဝ မ၀တ်ဆင်ရ ဟူသော စည်းကမ်းများဖြင့် တင်းကြပ်စွာ နေကြရသည်။ အစွန်းရောက်သွားသည်ကို ထိုသူတို့ မသိကြပေ။
မြတ်စွာဘုရားသည် ရဟန်းများကို သင်္ကန်း ၀တ်ရုံဖို့ ခွင့်ပြုရသည်မှာ ရာသီဥတုဒဏ် ခံနိုင်အောင်နှင့် မှတ်၊ ခြင်၊ ယင် စသော ပိုးမွှား အန္တရာယ်မှာ အကာအကွယ် ရစေရန်သာ ဖြစ်သည်။ လောဘ ဖြစ်အောင် ၀တ်ရုံခိုင်းခြင်း မဟုတ်ပေ။ ဤသည်ပင် မြတ်စွာဘုရား၏ အလယ်အလတ် လမ်းစဉ် ဖြစ်သည်။
အစာစားသည်လည်း ထို့နည်းတူစွာပင် ဖြစ်သည်။ လောဘအားကြီးစွာဖြင့် စားရေးကို ဖြေရှင်းနေလျှင် အကုသိုလ် ဖြစ်နေပေလိမ့်မည်။ ခန္ဓာကိုယ် တည်မြဲနေစေရန် အတွက် သင့်တင့် မျှတသော အစားအစာကို စားသုံးခြင်းသာလျှင် အန္တရာယ် ကင်းပေလိမ့်မည်။ ထိုကဲ့သို့ စားသုံးခြင်းသည် ရှိသင့် ရှိထိုက်သော လောဘဖြင့် စားသုံးခြင်း ဖြစ်သည်။
လောဘတိုင်းသည် အပါယ်ကျရောက်မည် မဟုတ်ပေ။ လောဘဖြင့် သေလျှင် ပြိတ္တာဘုံဘ၀ ရောက်ကြရခြင်းမှာ ၀ိသမလောဘ အားကြီးလွန်းသောကြောင့်သာ ဖြစ်သည်။ သတိဉာဏ်နှင့် ယှဉ်နေသော လောဘသည် အပါယ်ကို မကျနိုင်တော့ပေ။
အပါယ်လမ်းက လွတ်ပြီး အရိယာမဂ်လမ်းကို ရောက်နေပြီ ဖြစ်သော သောတာပန်၌ပင် လောဘ ရှိနေပါသည်။ ထို့အပြင် သကဒါဂါမ်၌လည်း လောဘ ရှိနေပါသည်။ အနာဂါမ်များတွင်လည်း လောဘ အနုသယ ကျန်နေပါသေးသည်။ ရဟန္တာအဆင့်ကို ရောက်မှသာလျှင် လောဘသည် အကြွင်းမဲ့ ကင်းစင်သွားတော့သည်။
သေတာပန်သည် ကိလေသာ (၁၀) ပါးထဲတွင် ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာ နှစ်မျိုးကိုသာ ပယ်သတ် နိုင်သေးသည်။ ပထမဦးဆုံး လောဘကိုကား အနည်းငယ်သာ ပယ်သတ်နိုင်သည်။ ထိုကြောင့် သောတာပန်သည် အိမ်ထောင်ပြုနိုင်သည်။ သားသမီးများနှင့် ပျော်ရွင်စွာ နေထိုင်နိုင်သည်။ ၀ိသာခါ ကျောင်းအစ်မကြီးသည် သောတာပန်ဖြစ်သည်။ သားသမီး၊ မြေးမြစ်များစွာနှင့် ပျော်ရွင်စွာ နေထိုင်ပြီး သာသနာ့ အကျိုးကို ရာဇ၀င် တွင်ရစ်နိုင်လောက်အောင် များစွာ လုပ်ဆောင်ပေးခဲ့သော လေးစားဂုဏ်ယူလောက်သည့် မြင့်မြတ်သည့် သာသနာ့အာဇာနည် အမျိုးသမီးကောင်း ဖြစ်သည်။
သို့သော် သောတာပန်တွင် ရှိနေသော လောဘသည် ၀ိသမလောဘတော့ မဟုတ်ချေ။ ရှိသင့် ရှိထိုက်သော သမလောဘသာ ဖြစ်ပေသည်။
လောဘကို ရုတ်တရက် အပြီးသတ် ပယ်သတ်ဖို့ရာ ဖြစ်နိုင်ဖို့ ခဲယင်းပေသည်။ လူများ ပယ်သင့်သော လောဘ၊ ရဟန်းတော်များ ပယ်သင့်သော လောဘ၊ တရားအားထုတ်နေကြသော ပုဂ္ဂိုလ်များ ပယ်သင့်သော လောဘ ဟူ၍ အဆင့်ဆင့် ခွဲခြား ကြည့်နိုင်ပါသည်။
လောဘကို သတိဉာဏ်ဖြင့် ဖြည်းဖြည်းချင်း ပယ်သတ်သွားနိုင်သည်။ အရာရာတိုင်းသည် တည်မြဲခြင်းမရှိ။ အချိန်တိုင်း အမြဲတမ်း ဖောက်ပြန်ပြောင်းလဲ ပျက်စီးနေကြသည်ကို ဉာဏ်မျက်စိဖြင့် မြင်အောင် ကြည့်နိုင်ဖို့ လိုအပ်သည်။ စကြာဝဠာ အတွင်းရှိ မည်သည့်အရာပင် ဖြစ်လင့်ကစား တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ပျက်စီးရပေလိမ့်မည်။
ဤသည်ကား လောကနိယာမ တရားသဘောပင်ဖြစ်သည်။ တည်မြဲသော အတ္တသဘော တစ်ခုမျှ မရှိ။ အားလုံးသည် မမြဲသော အနိစ္စသဘောသာ ရှိသည်။ ဤကဲ့သို့ သံဝေဂ သဘောတရားများကို သိရှိလာပြီဆိုလျှင် တွယ်တာခြင်း၊ ကပ်ငြိခြင်း စသည့်လောဘ သဘောသည် နည်းပါးလာရပေသည်။
ယင်းကဲ့သို့ သံဝေဂ သဘောတရားများကို မသိရှိသေးသ၍ လောဘသည် အဆုံးသတ်နိုင်လိမ့်ဦးမည် မဟုတ်။ ထပ်တိုးဖို့သာ ရှိပေလိမ့်မည်။ မည်သည့် ခံစားမှု ဝေဒနာမှန်သမျှကို သတိဉာဏ်ဖြင့် စောင့်ကြည့်နိုင်မှသာလျှင် နောက်ထပ်တစ်ဆင့် ဖြစ်သော လောဘအဆင့်သို့ မရောက်နိုင်အောင် တားဆီးနိုင်လိမ့်မည်။
ဥပမာအားဖြင့် စားစရာတစ်ခုကို စားလျှင် ထိုအစားအစာသည် ကောင်းမှန်းသိသဖြင့် ထပ်မံ၍ စားချင်စိတ် ဖြစ်ပေါ်လာသည်။ အစားအစာ စားကောင်းနေခြင်းကို ခံစားခြင်းသည် ဝေဒနာကို ခံစားနေခြင်း ဖြစ်သည်။ နောက်ထပ် စားချင်စိတ် ဖြစ်ပေါ်ခြင်းသည် လောဘ ဖြစ်လာခြင်းဖြစ်သည်။ ဝေဒနာ အဆင့်မှာပင်လျှင် လောဘအဆင့်သို့ မရောက်မီ သတိဉာဏ်ဖြင့် တားဆီးနိုင်ရမည်။
မြတ်စွာဘုရား ဟောကြားထားသော ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်တွင် ဝေဒနာနှင့် တဏှာကြားကို ဉာဏ်ဖြင့်ဖြတ်ရမည် ဖြစ်သည်။ တဏှာသည် လောဘပင် ဖြစ်သောကြောင့် အများနားလည်အောင် ရှင်းပြရလျှင် ဝေဒနာနှင့် လောဘတို့ အကြား ဉာဏ်ဖြင့် ဖြတ်ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။
ဤနည်းအတိုင်း ကျင့်ကြံပွားများ အားထုတ်သွားပါလျှင် လောဘကိလေသာသည် နည်းသည်ထက် နည်းလာပြီး တစ်ချိန်ချိန်တွင် အရိယာမဂ်လမ်းကို ရောက်ရှိရမည်မှာ မလွဲမသွေပင် ဖြစ်ပါတော့သည်…


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP