ဒေသန္တရ ခရီးသွားမှတ်တမ်း (၅)...
စာရေးသူဟာ ကီလွန် (kyelong) မြို့ မှာ တစ်ပတ်ကြအောင် သီတင်းသုံးခဲ့တယ်။ မြို့သူ၊ မြို့သားတွေရဲ့ ပျူငှာမှုကိုတော့ လေးစား အမှတ်ရနေမိတယ်။ အဲဒီကနေ တစ်ဆင့် ခါဇာ (Kaza) ဆိုတဲ့ မြို့ငယ်လေးကို ခရီးထွက်ရဦးမယ်လေ။ ရာသီဥတုရဲ့ အအေးဒဏ်ကိုတော့ စာရေးသူ ခံနိုင်ရည် ရှိလာပြီ။ မနက်ဖြန်နံနက် ၆ နာရီ ဘစ်ကား ထွက်မယ်တဲ့။
ဒါကြောင့် စာရေးသူကလည်း နံနက် ၄ နာရီ အိပ်ယာထ ကိုယ်လက် သန့်စင်ပြီးတာနဲ့ နံနက် အရုဏ် ၀မ်းမီးတစ်ရေး ငြိမ်းအေးစေဖို့ အတွက် မနေ့ကတည်းက ၀ယ်ထားတဲ့ ဘီစကစ်မုန့်ထုပ်လေးတွေနဲ့ ရေကို အတူမျှောချရင်း ဘစ်ကားဂိတ်ကို ထွက်လာခဲ့တယ်။
တစ်မြို့လုံးနီးပါး စားသောက်ဆိုင်တွေ၊ အိမ်တွေကတော့ အအေးဒဏ်ကြောင့် တံခါးပိတ်ထားကြဆဲ။ တော်သေးတာပေါ့ ဘီစကစ်နဲ့ ရေက ကယ်ထားလို့။ ဒီလိုမြို့မှာ စာရေးသူအတွက် အရုဏ်ဆွမ်းကို ဘယ်မှာ လိုက်ရှာလို့ ရနိုင်ပါ့မလဲ။
နံနက် ၆ နာရီ မှာ အစိုးရ ဘစ်ကားကို စီးရင်း ကီလွန်မြို့ကို နှုတ်ဆက်လိုက်ပြီ။ နံနက်ခင်း မြူနှင်းတွေ အုံ့ဆိုင်းနေတဲ့ မြို့ကလေးက နောက်မှာကျန်ခဲ့ပြီ။ တောင်တန်းတွေ ကာဆီးနေပြီး အေးချမ်းလှတဲ့ မြိုကကလေးကတော့ တောင်ပေါ်က ဘုန်းကြီးကျောင်းတွေနဲ့ ကျက်သရေ ရှိလိုက်တာ။ နေရစ်ဦးတော့ ကီလွန် ရေ။

ကားလမ်းခရီးက သိပ်အကြမ်းကြီး မဟုတ်ပေမဲ့လည်း ရေခဲတွေ အရည်ပျော်ထားတဲ့ လမ်းတွေမှာတော့ နည်းနည်း အဆင်မပြေတာလေးတွေ ရှိတယ်။ ဆောင်းရာသီ ဆိုရင် ပိတ်ထားရတဲ့ လမ်းတွေဟာ အခု နွေရာသီမှာ အစိုးရက ပြန်ပြီး ဖွင့်ပေးခဲ့တယ်။
လမ်းတွေကို ကားတွေ သွားလာနိုင်အောင် လမ်းတွေမှာ ပိတ်နေတဲ့ ရေခဲတွေကို မြေထိုးစက်တွေနဲ့ ထိုးဖြိုနေကြတယ်။ အဲဒီ လမ်းတစ်လျှောက်မှာကတော့ တစ်ရွာနဲ့ တစ်ရွာ အဝေးကြီးတွေပါပဲ။ ရေခဲတောင်တွေနဲ့ ရေခဲမြစ်တွေပဲ နေရာယူထားကြတယ်လေ။ လူတွေ နေထိုင်မယ် ဆိုရင်လည်း စိုက်ပျိုးမြေ အခက်အခဲကြောင့် သိပ်မလွယ်နိုင်ဘူး။
ဒါနဲ့ လမ်းတစ်ဝက်က ဂရမ်ဖူး (Gramphoo) ရွာငယ်လေးမှာ Taxi ကားကို ပြောင်းစီးရတယ်။ အဲဒီရွာလေးက ပင်လယ်ရေမျက်နှာပြင် အထက် မီတာ ၃၂၀၀ ကျော် မြင့်တယ်။ အမြင့် ပေနဲ့ ပြန်တွက်မယ် ဆိုရင်တော့ ၁၀,၅၀၀ ကျော် ပေါ့။
အဲဒီ ဂရမ်ဖူး (Gramphoo) မှာ Taxi ကား စောင့်နေတုန်း အသက် ၆၀ နီးပါးခန့် လူတစ်ဦးနဲ့ ခင်မင်ခဲ့ရပါတယ်။ စာရေးသူ စီးမယ့် Taxi ကားကိုပဲ လာစောင့်တာ တဲ့လေ။ သူကလည်း ဗုဒ္ဓဘာသာပါပဲ တဲ့။ သူရဲ့ ဒုတိယ သားတစ်ယောက်တောင် ရဟန်းဘ၀နဲ့ ရှိနေတယ် တဲ့လေ။ ဗုဒ္ဓဘာသာ ရှားပါးလွန်းလှတဲ့ အိန္ဒိယနိုင်ငံမှာ ဗုဒ္ဓဘာသာတွေနဲ့ တွေ့ရတာ တော်တော် ၀မ်းသာဖို့ ကောင်းတာ။

စာရေးသူကို အဲဒီ ဒကာကြီးက မေးခွန်းလေး တစ်ခုမေးတယ်။
“လားမားကြီး။ တပည့်တော်ရဲ့ သားက ဆေးလိပ်ဆိုရင် အငမ်းမရ သောက်တတ်တာ။ သားအတွက် ဆေးလိပ်ဖိုးကိုပဲ ပထမဦးဆုံး လှူနေရတယ်။ တပည့်တော်က သားကို ဆေးလိပ်မသောက်ဖို့ ပြောတော့ သားက ဆင်ခြေပြန်ပေးတယ်လေ။ မြတ်စွာဘုရားရဲ့ ၀ိနည်းတော်ထဲမှာ ဆေးလိပ်မသောက်ရ လို့ မပါဘူး တဲ့။ အဲဒါ လားမားကြီး တပည့်တော်ကို ဟုတ်၊ မဟုတ် ရှင်းပြပေးပါလား”
ကဲ အဲဒါမှ ဒုက္ခ။ အဲဒီ ကိစ္စကို စာရေးသူကို ဟုတ်၊ မဟုတ် ဖြေပေးဖို့ ပြောနေပြီ။ သိချင်တဲ့ သူအတွက် ဖြေပေးရတော့မှာပေါ။ လားမား ဆိုတာက တိဗက်ဘာသာ စကားနဲ့ ဘုန်းကြီး၊ ရဟန်းကို ခေါ်တာ။ လားမားကြီး ဆိုတော့ ဆရာတော်ကြီး ပေါ့လေ။ စာရေးသူကို အဲဒီ ဒကာကြီးက ယဉ်ယဉ်ကျေးကျေးတော့ ရှိသား။
“ဟုတ်တယ် ဒကာကြီး။ မြတ်စွာဘုရားကတော့ ရဟန်းတွေ ဆေးလိပ်မသောက်ရ လို့တော့ တားမြစ်ထားတာ မရှိခဲ့ဘူး။ အဲဒီ ခေတ်က ဆေးလိပ် မပေါ်သေးဘူးနဲ့တူတယ်။ အရက်မသောက်ရ လို့တော့ တားမြစ်ထားတာ ရှိတယ်”
“ဟာ…ဒါဆို တပည့်တော်ရဲ့ သားရဟန်းက ဆေးလိပ်သောက်တာ အပြစ်မရှိဘူးပေါ့နော်။ ဒါကြောင့် သားက ဆေးလိပ်သောက်တာ ဖြစ်မယ်။”
“အဲဒီလိုလည်း ပြောလို့ ဘယ်ဖြစ်ပါ့မလဲ ဒကာကြီး။ မြတ်စွာဘုရား သတ်မှတ်ထားတဲ့ ၀ိနည်းတွေ အထဲမှာ ဒကာ၊ ဒကာမတွေ အကြည်ညိုပျက်အောင် မလုပ်ဖို့ တားမြစ်ထားတာတွေ အများကြီးပဲလေ။ ဥပမာ ဆွမ်းဘုဉ်းတဲ့ အခါကျရင် ပါးစပ်က အသံထွက်ပြီး ဆွမ်းမဘုဉ်းရဘူး လို့ ဘုရားက မိန့်ထားတယ်။ ပြီးတော့ ဘုန်းကြီးကျောင်း အပြင်ကို သွားတဲ့ အခါ သင်္ကန်းရုံပြီး သွားဖို့နဲ့ လမ်းသွားတဲ့ အခါကျရင်လည်း ခန္ဓာကိုယ်ကို ဘယ်ယိမ်းလိုက်၊ ညာယိမ်းလိုက်နဲ့ မသွားခိုင်းဘူး။ အဲဒါက အကုသိုလ် မဖြစ်ပေမဲ့ ဒကာ၊ ဒကာမတွေက ရဟန်းတွေကို အကြည်ညို ပျက်စေတယ်လေ”
“မှန်ပါဘုရား။ ဆက်ပြီး မိန့်ပါဦး”
“အဲဒီလိုပါပဲ ဆေးလိပ်သောက်တာကလည်း ဒကာ၊ ဒကာမတွေကို အကြည်ညို ပျက်စေနိုင်တယ် ဆိုရင် မသောက်သင့်ဘူးပေါ့နော်”
“ဟုတ်တယ် ဘုရား လူငယ် ရဟန်းလေးတွေက ရုပ်ရှင်မင်းသား စတိုင်နဲ့ ဒကာ၊ ဒကာမတွေရဲ့ အရှေ့မှာ ဆေးလိပ်သောက်ပြနေတာ တပည့်တော် တွေ့တယ် ဘုရား။ အဲဒါက ရဟန်းတွေကို ဒကာ၊ ဒကာမတွေက အကြည်ညို ပျက်စေတာပဲလေ”
“ကဲ အဲဒါ ဆိုရင် ဒကာကြီး ရှင်းသွားပြီလား”
“မှန်ပါ။ အခု လားမားကြီး ရှင်းပြလိုက်မှပဲ တပည့်တော် နားလည်သွားပြီ ဘုရား။ သားရဟန်းကိုလည်း လားမားကြီး ပြောပြတဲ့ အတိုင်း ထပ်ပြီး ရှင်းပြလိုက်ဦးမယ်”
ဒီလိုနဲ့ စကားကောင်းနေလိုက်တာ taxi ကားလည်း ရောက်လာပြီ။ ကားပေါ်မှာတော့ စာရေးသူ အပါအ၀င် ခရီးသည် ၆ ယောက်ပေါ့။ ကားက အငယ်လေးတော့ မဟုတ်။ အလတ်စားလေးပါ။ နာရီအနည်းငယ် စီးပြီးတာနဲ့ ခြပ်ထရူး (Chhatru) ရွာကို ရောက်သွားတယ်။ အဲဒီရွာ ရောက်မှပဲ နေ့ဆွမ်း ဘုဉ်းရတော့တယ်။
စာရေးသူတို့ရဲ့ မြန်မာ နိုင်ငံမှာကတော့ ရဟန်းသံဃာက ထမင်းဆိုင်ထဲ ဆွမ်းဝင်ဘုဉ်းရင် ဆွမ်းတစ်နပ်ကို လှူချင်တဲ့ ဒကာ၊ ဒကာမတွေက အများသား။ ရဟန်းသံဃာကို ဆွမ်းတစ်နပ် လှူရခြင်းရဲ့ အကျိုးကျေးဇူးတွေကို မြန်မာနိုင်ငံက ဒကာ၊ ဒကာမတွေက သိပြီးသား။ ဒါကြောင့် သဒ္ဓါတရားက ထက်သန်နေတာကို အထူးပြောစရာ မလိုပါဘူ့း။ ဒီနေရာမှာတော့ မြန်မာနိုင်ငံနဲ့ လိုက်တုလို့ မရဘူးပေါ့။ ကိုယ့်အိပ်ထဲက ၀တ္ထုငွေကိုပဲ ထုတ်ပြီး ဆွမ်းကိစ္စဖြေရှင်းရမှာ။

ပြီးတာနဲ့ ခရီးဆက်ရပြန်တယ်။ တောင်ကုန်း၊ တောင်တန်းတွေကို taxi မောင်းသမားကတော့ ခေါင်း၊ ခါး၊ ခြေ၊ လက် ဤလေးချက်ကို ကဗျာလွတ်အက ကနေတဲ့ အတိုင်းပဲ ယဉ်ပါးစွာနဲ့ မောင်းနှင်နေတယ်။ စာရေးသူကတော့ နည်းနည်း ရင်ထိပ်မိတာတော့ အမှန်ပါ။ စိုးရိမ်မိတာလည်း မပြောနဲ့လေ။ မောင်းနေတဲ့ ကားက မြင့်မားလှတဲ့ တောင်စောင်းလေးတွေမှာ ကပ်ပြီး မောင်းနေတာ။ တစ်ချက်ကလေး တိမ်းသွားတာနဲ့ အရိုးနဲ့ အသားတွေက တခြားစီဖြစ်ပြီး တောင်အောက်ကို မရောက်ခင်မှာတင် လေထဲမှာ ပျောက်သွားနိုင်တယ်။ ရေခဲတောင်တွေက တော်တော် မြင့်တာကိုး။
ဘယ်လောက်မြင့်လည်း ဆိုတော့ အမြင့်မီတာ ၄၆၀၀ နီးပါး ရှိတယ်။ ပေနဲ့ ဆိုရင် တစ်သောင်းခွဲ ကျော်နေပြီ။ ရေခဲတွေနဲ့ ဖုန်းလွှမ်းနေတယ်။ အဲဒီ တောင်ကို ခွန်ဇွန်း (Kunzum) တောင်လို့ ခေါ်တယ်။ တောင်ထိပ်မှာတော့ စေတီ သုံးဆူကို ဖူးတွေ့ရတယ်။ စားရေးသူတို့ Taxi ကားလေးက အဲဒီ စေတီဆီကို ပို့ပေးတယ်။ ဓာတ်ပုံရိုက်ဖို့ ရှုခင်းတွေ တော်တော် အလှသား။
ဒီနေ့ ဆိုက်ရောက်ရမယ့် နေရာက ခါဇာ (Kaza) မြို့လေ။ ကားစီးရမယ့် ခရီးစဉ်က မဆုံးသေးဘူး။ စာရေးသူလည်း ကိုယ်မရောက်ဖူးသေးတဲ့ နေရာတွေကို သွားနေရတော့ ပင်ပန်းတယ်လို့ကို မတွေးမိဘူး။
အဲဒီ ခွန်ဇွန်း (Kunzum) တောင် ကနေ ပြန်ဆင်းလာပြီး ရေခဲမြစ်တွေရဲ့ နံဘေးကနေ ကားကို မောင်းလာတာ ရှုခင်းတွေကတော့ လွမ်းဆွေးစရာ လေးတွေပါပဲ။ အထီးကျန်လှတဲ့ ရေခဲမြစ်ကြီးဟာ အဖော်မဲ့စွာနဲ့ စီးဆင်းနေရတာ။ လမ်းတစ်လျှောက်မှာ ရေခဲမြစ်ကြီးကို ၀န်းရံအားပေးနေကြတဲ့ သစ်ပင်တွေကလည်း မရှိဘူး။ တောင်ကုန်းတွေကလည်း စိမ်းစိမ်းစိုစို မတွေ့ရ။ လေတိုက်တာကတော့ အရမ်းကိုပါပဲ။
အဲဒီ မြစ်ရဲ့ နာမည်ကတော့ စပီတီ (Spiti River) မြစ် လို့ ခေါ်တယ်။ တောင်ကုန်းတွေက မြင့်မားလွန်းလှတော့ ကောင်းကင်ကို ကြည့်ရတာတောင် ပိုပြီးကြည်လင်နေတယ်။ တိမ်တောင် တိမ်လိပ်တွေ သွားလာ လှုပ်ရှားနေတာကို ရှင်းရှင်းလင်းလင်း တွေ့နေရတယ်။ အဲဒီ တောင်ကုန်း တောင်တန်းတွေဟာ ဟိမ၀န္တာ တောင်တန်းတွေနဲ့ တစ်ဆက်တည်းပဲ လို့ သိရပါတယ်။
စာရေးသူက ဘာကို သွားတွေးမိသလဲ ဆိုတော့ ငယ်ငယ်တုန်းက တက္ကသိုလ်မှာ သင်ခဲ့ရတဲ့ ပထ၀ီဝင် ရဲ့ သင်ခန်းစာတွေကို သတိရနေမိတယ်။ ကမ္ဘာမြေကြီးရဲ့ ကျောက်သားတွေ ဖွဲ့စည်းပုံ။ တောင်တန်းတွေ ဖြစ်ပေါ်လာပုံ။ ရေခဲဖြစ်တွေရဲ့ သဘာဝ။ ကမ္ဘာလေထုတွေ။ အဲဒီလို ပထ၀ီဝင်နဲ့ ဆိုင်တဲ့ အကြောင်းအရာတွေဟာ အခုမှ လက်တွေ့ ကွင်းဆင်းနေသလို ဖြစ်နေတယ်။
သဘာဝ တရားကြီးရဲ့ ဆန်းကျယ်မှုတွေပါလား။

ဒေသ တစ်ခုလုံးမှာတော့ သစ်ပင်ကို တွေ့တောင် မတွေ့ရဘူး။ ဒါကြောင့် ကျန်းမာရေး သိပ်မကောင်းတဲ့ တချို့လူတွေမှာ altitude sickness ဆိုတဲ့ ဝေဒနာ ခံစားကြရတယ်။ စာရေးသူကတော့ အနည်းအကျဉ်းလောက်ပဲ ခံစားရတယ်။ altitude sickness ရဲ့ အဓိပ္ပာယ်က ကုန်းမြင့်ဒေသကို ရောက်တဲ့ အခါမှာ လေထုဖိအား နည်းပြီး အောက်ဆီဂျင် နည်းပါးမှု အခြေအနေကို မခံနိုင်ဘဲ ဖြစ်ပေါ် ခံစားရတတ်တဲ့ ဝေဒနာ တစ်မျိုးပါပဲ။
altitude sickness ဆိုတာကို စာရေးသူ သိသလောက် ရှင်းပြမယ်။
ကမ္ဘာကြီးရဲ့ လေထုဟာ ပင်လယ် ရေမျက်နှာပြင် အမြင့်ကို ရောက်လာလေလေ လေထုဖိအားက နည်းလာလေလေ ပဲ။ သစ်ပင်တွေကလည်း မရှိတော့ အောက်ဆီဂျင် မလုံလောက်မှုတွေနဲ့ တွေ့ကြုံရတယ်။ အဲဒီတော့ ခန္ဓာကိုယ်ရဲ့ အဆုပ်အား သိပ်မကောင်းတဲ့ လူတွေက မြင့်မားလှတဲ့ တောင်တန်းတွေအပေါ်ကို သွားတဲ့ အခါကျရင် ခေါင်းမူးတာတို့၊ ခေါင်းကိုက်တာတို့ အဲဒီ ဝေဒနာတွေကို ခံစားရတော့ တာပဲ။
ကမ္ဘာမြေပြင်က လေထုဖိအားနဲ့ ကုန်းမြင့်ဒေသရဲ့ လေထုဖိအား မညီမျှမှုတွေကြောင့်လေ။

ခွန်ဇွန်း (Kunzum) တောင်ထိပ် စေတီမှာ ခေတ္တနားစဉ်
နေ့လယ်ပိုင်းမှာ ခါဇာ (Kaza) မြို့ကိုတော့ ရောက်လာပြီ။ မြို့တစ်မြို့လုံးမှာ သစ်ပင်ကတော့ မရှိသလောက်ပါပဲ။ လေယဉ်ကွင်း စီမံကိန်းကိုတော့ တွေ့ရတယ်။ နောင်တစ်ချိန်မှာ လေယာဉ်နဲ့ လာလို့ ရပြီ။ ခါဇာ (Kaza) မြို့ကလည်း အိန္ဒိယနိုင်ငံ မြောက်ပိုင်း၊ ဟီမာရှယ်ပရာဒစ်ရှ် (Himachal Pradesh) ပြည်နယ်မှာ ပါဝင်ပါတယ်။ ခရိုင်ကတော့ လာဟော စပီတီ (Lahaul Spiti) ခရိုင်ပါပဲ။
ခါဇာ (Kaza) မြို့ အ၀င်မှာတော့ ကြီးကျယ်ခန်းနားလှတဲ့ ဘုန်းကြီးကျောင်းကို တွေ့လိုက်ရတယ်။ ဘုန်းကြီးကျောင်းရဲ့ အခန်းအနား ပြင်ဆင်ပုံတွေကို ကြည့်ပြီး အဲဒီမြို့ လူထုရဲ့ ဘာသာရေး လေးစားမှုကို ခန့်မှန်းလို့ ရပြီ။
ဗုဒ္ဓဘာသာဝင်တွေ နေထိုင်တဲ့ မြို့ကို ရောက်လာတယ် ဆိုတော့ စာရေးသူရဲ့ စိတ်မှာတော့ ဟုတ်တာ မဟုတ်တာ အပထား ရင်ထဲမှာ အေးချမ်းမှုတော့ ရှိနေတာ အမှန်ပါပဲ။ မြတ်ဗုဒ္ဓ ဟောကြားခဲ့တဲ့ တရားတွေဟာ ပူလောင်မှုကို ဖြစ်စေတာ တစ်ခုမှ မရှိဘူးလေ။ ပူလောင်နေတဲ့ အရာတွေကိုပဲ အေးချမ်းအောင် လုပ်ပေးခဲ့တယ်။
ဒါကြောင့် ဗုဒ္ဓဘာသာတွေ ရှိနေတဲ့ နေရာကို ရောက်လာရတာကိုက စာရေးသူရဲ့ စိတ်ထဲမှာ ဗုဒ္ဓရဲ့ အရိပ်အာဝါသ အောက်ကို ရောက်လာရသလို အေးချမ်းနေပါပြီကော…

0 comments:
Post a Comment