သာသနာပြု ခရီးစဉ်များ (၁)...
မြိတ်မြို့ရဲ့ မိဘမဲ့ ဂေဟာတွေကို စာရေးသူရောက်သွားတယ်။ မိဘမဲ့ ဂေဟာဆိုတော့ မိန်းကလေး ဂေဟာရော၊ ယောက်ျားလေး ဂေဟာရော နှစ်ခုစလုံးပေါ့။ မိဘမဲ့ ဂေဟာ ဆိုတဲ့အတိုင်းပဲ မိဘနှစ်ပါးစလုံး မရှိတော့တဲ့ ကလေးတွေ၊ အဖေပဲ ဖြစ်ဖြစ် အမေပဲ ဖြစ်ဖြစ် မရှိတော့တဲ့ ကလေးတွေ၊ ပြီးတော့ မိဘတွေ ရှိနေပေမဲ့လည်း အတော့်ကို ဆင်းရဲနွမ်းပါးပြီး ပညာမသင်နိုင်တဲ့ ကလေးတွေ အဲဒီ ကလေးတွေကို ပြုစုပျိုးထောင်ပေးနေတဲ့ ဂေဟာလေးတွေပါ။
စာရေးသူဟာ အဲဒီ ကလေးတွေကို ကြည့်ပြီး သူတို့လေးတွေရဲ့ အနာဂတ်တွေဟာ သာယာလှပစေဖို့ ကြင်နာတတ်တဲ့ နှလုံးသား ရှိတဲ့သူတိုင်းမှာ လုပ်ဆောင်ပေးရမယ့် တာဝန်ကိုယ်စီ ရှိကြရမှာပါလား လို့ တွေးမိတယ်။
အခုလက်ရှိအခြေအနေမှာတော့ အဲဒီဂေဟာလေးတွေကို စာရေးသူနဲ့ ရင်းနှီးလှတဲ့ ဒကာကြီး ဦးဂျူအင်က တတ်နိုင်တဲ့ ဘက်ကနေ အစစ အရာရာ ကလေးတွေရဲ့ တာဝန်တွေကို ယူနေပြီး လုပ်ဆောင်ပေးနေတယ်။
ဟုတ်ပါတယ်လေ။ ဒီကလေးဟာ အားကိုးရာမဲ့နေကြတယ် ဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့် အားကိုးရာ ရှာနေကြတယ် ဆိုရင်လည်း မှန်နေပြန်ရော။
အ၀တ်အစားတွေ လှူဒါန်း
အဲဒီရွာကို ခရီးထွက်တော့ စာရေးသူမှာ ၀တ္ထုငွေတွေ ပေါများနေလိုက်တာ လို့ မထင်လိုက်နဲ့ဦး။ ဘုန်းကြီး ဆိုတာက ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေ ရှိမှ မရှိတာ။ ဒကာ၊ ဒကာမတွေလှူဒါန်းတဲ့ ၀တ္ထုငွေလေးတွေကို စုဆောင်းပြီး သာသနာပြု လုပ်ငန်းတွေ လုပ်နေရတာ။
အခု အဲဒီ ရွာကို ခရီးထွက်တဲ့ ကုန်ကျစရိတ်တွေက မိဘမဲ့ ကလေးဂေဟာကို ဦးစီးနေတဲ့ ဒကာတော် ဦးဂျူအင်ကပဲ အကုန်အကျခံ လှူဒါန်းတာကိုး။ ဒါကြောင့်လည်း စာရေးသူက ကြွသွားနိုင်တာပေါ့။ ဦးဂျူအင်ကပဲ ရွာသားတွေကို ပေးကမ်းလှူဒါန်းဖို့ အင်္ကျီအထုတ် (ဘေထုတ်)ကြီး နှစ်ထုတ်ကိုပါ စာရေးသူနဲ့အတူ ထည့်လှူလိုက်တာ။ အဲဒီလို သာသနာအတွက် လှူဒါန်းနေတဲ့ ဒကာ၊ ဒကာမတွေကို စာရေးသူက အမြဲတမ်း မေတ္တာပို့ပေးနေရတာ။
ကလေးတွေ စာရေးသူနား ရောက်လာပြီ
အဲဒီရွာကို ကြွသွားရတာလည်း အကြောင်းက ဒီလိုလေ။
မိဘမဲ့ ယောက်ျားလေး ဂေဟာမှာ ရှိနေတဲ့ ကလေးတစ်ယောက်က အဲဒီ ရွာကပေါ့။ ဂေဟာမှာ နေထိုင်ပြီး မြိတ်မြို့၊ အထက - ၁ ကျောင်းမှာ အလယ်တန်းအဆင့် ပညာသင်ယူနေတာ။ အဲဒီ ကလေးက သူ့ရွာကို ခေတ္တ အလည်ပြန်သွားချင်တယ် ဆိုတာနဲ့ စာရေးသူလည်း လိုက်သွားဖြစ်တာ။
အမှန်တော့ အဲဒီကလေးက ကရင်လူမျိုး ခရစ်ယာန်ဘာသာဝင်ပါ။ ဂေဟာမှာ နေထိုင်ရင်း အဲဒီကလေးရဲ့ ဉာဏ်ရည်မီသလောက် ဗုဒ္ဓရဲ့ အေးချမ်းတဲ့ တရားတော်တွေကို သိခွင့်ရခဲ့တော့ ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်လာခဲ့တဲ့ ကလေးပါ။ အဲဒီကလေးမှာလည်း အဖေက ငယ်ငယ်ကတည်းက ဆုံးပါးသွားရှာပြီ။
ကျေးရွာ မိသားစုများနှင့် ရင်းနှီးစွာ
ဘယ်လိုဖြစ်တာပါလိမ့်။ စာရေးသူကို မြင်တာနဲ့ သူတို့လေးတွေ ထွက်ပြေးသွားရအောင်က။ ကိုယ့်ကိုယ်ကို ပြန်ပြီးတော့ စဉ်းစားကြည့်မိတယ်။ စာရေးသူမှာက ဆံပင်မရှိ၊ သင်္ကန်းအနီရောင်နဲ့ ဆိုတော့ လန့်ပြီး ပြေးကုန်တာနဲ့ တူတယ်။ ဒါမှမဟုတ် အဲဒီ ကလေးတွေဟာ ရဟန်းသံဃာကို မမြင်ဖူးကြဘူးနဲ့ တူတယ်။ စာရေးသူဟာ သူတို့လေးတွေအတွက် ကြောက်စရာ၊ လန့်စရာ ပုဂ္ဂိုလ်တစ်ယောက်လို့ ထင်နေကြပါရောလား။
ဗုဒ္ဓဘာသာဝင်တွေ ရှိတဲ့ဘက်ခြမ်းကိုလည်း ရောက်သွားရော ကလေးတွေဟာ ဘုန်းကြီးရဟန်းကို မြင်တာနဲ့ နှုတ်ဆက်ကြတယ်လေ။ အဲဒီရွာမှာ ဗုဒ္ဓဘာသာဝင်က အနည်းစုလေးပါ။ ဘုန်းကြီးကျောင်းကတော့ အဲဒီရွာမှာ မရှိဘူးပေါ့။
ကလေးတွေရဲ့ စာရင်းကို သေချာအောင်ပြုလုပ်
ခရစ်ယာန်ဆိုတော့ စာရေးသူကို အရှင်ဘုရား လို့ မခေါ်ဘဲ ဆရာကြီး လို့တော့ ခေါ်ပါတယ်။ ဒါနဲ့ အစောနက ထွက်ပြေးကုန်တဲ့ ကလေးတွေကို စာရေးသူက မုန့်တွေ ၀ယ်ပြီး ကျွေးလိုက်တာ။ ပထမတုန်းက စာရေးသူကို မြင်တာနဲ့ ထွက်ပြေးသွားကြတဲ့ ကလေးတွေဟာ အခုတော့ စာရေးသူနားက ခွာတောင် မခွာချင်ကြတော့ဘူး။
သြော်…ပေးကမ်းခြင်း ဆိုတာ ချက်ချင်းပဲ လူချစ်လူခင် ပေါများလာတာ။ စာရေးသူလည်း ခဏ နားနေပြီးတာနဲ့ ပါလာတဲ့ အင်္ကျီတွေကို တစ်ရွာလုံးက လူတွေကို ခေါ်ပြီး ပေးကမ်းလိုက်တာပဲ။ တစ်ရွာလုံးကတော့ ပျော်ရွင်သွားကြတာပေါ့။
စာရေးသူလည်း နေ့ဆွမ်းကို အဲဒီရွာမှာပဲ ဘုဉ်းပေးလိုက်ရတယ်။ ခရစ်ယာန် ဒကာကြီးနဲ့ ဒကာမကပဲ ဆွမ်းကပ်တယ်လေ။ ပြီးတာနဲ့ ရွာထဲမှာ မိဘမဲ့ကလေးတွေရဲ့ စာရင်းနဲ့ ကျောင်းမနေနိုင်တဲ့ ကလေးတွေရဲ့ စာရင်းတွေကို ယူပြီး မြိတ်မြို့က မိဘမဲ့ဂေဟာကို အပ်နှံဖို့ စာရေးသူ စီစဉ်ရတော့တယ်။
အဲဒီအခါမှာ ခရစ်ယာန် ဒကာကြီးက ဘာပြောသလဲ ဆိုတော့
“ဆရာကြီး ကျွန်တော်တို့ ရွာကို ရောက်လာပြီး ကူညီတာ ထာဝရ ဘုရားသခင်ကို ကျေးဇူးတင်ရမယ်”
ကဲ…စဉ်းစားသာကြည့်ပေတော့။ စာရေးသူက ရွာကို လာပြီး ကူညီတာကို စာရေးသူကို ကျေးဇူးတင်ကြောင်း မပြောဘဲ သူတို့ရဲ့ ထာဝရ ဘုရားသခင်ကို ကျေးဇူးတင်နေပါရောလား။
စာရေးသူကလည်း
“ဟုတ်တာပေါ့ ဒကာကြီး။ ဦးပဉ္ဇင်း အခုလို ဒကာကြီးတို့ရွာကို လာပြီး ကူညီပေးတာ ဒကာကြီးတို့ရဲ့ ထာဝရ ဘုရားသခင်ကို ကျေးဇူးတင်ရမှာပေါ့”
အဲဒီလိုပဲ သူ့အလိုကို လိုက်ပြီး ပြောလိုက်ရတော့တယ်။
ထာဝရဘုရားသခင်ကို ကျေးဇူးတင်တဲ့ ဒကာကြီး
“ဟေ့…သူငယ်ချင်း။ မင်းကျေးဇူးတင်ရမှာက ငါလေကွာ။ ငါ့ကို ကျေးဇူးမတင်ဘဲ မင်းတို့ရဲ့ ထာဝရ ဘုရားသခင်ကို ဘာဖြစ်လို့ ကျေးဇူးတင်နေရတာတုန်း”
“အေးကွ.. တို့ဘာသာမှာက အရာရာအားလုံးကို ထာဝရ ဘုရားသခင်က ဖန်ဆင်းထားတော့ ဘာပဲ ဖြစ်ဖြစ် ဘုရားသခင်ကို ကျေးဇူးတင်ရမှာပဲ”
ဒီလိုဆိုတော့လည်း စာရေးသူက ထပ်ကွန့်ရတော့မယ်။
“ဒါဆိုလည်း မင်း ထမင်းငတ်နေရင် မင်းက ထာဝရ ဘုရားသခင်ကို ကျေးဇူးတင်မှာပဲလား”
“အဲဒါတော့ ငါလည်း မပြောတတ်တော့ဘူးကွ”
ကဲ… အဲဒီလို ဆိုတော့လည်း သူတို့ဟာက အယူဝါဒ တစ်ခုကို အခြေအမြစ် ဂဃနဏ မသိကြဘဲနဲ့ မျက်စိမှိတ်ပြီး အတင်း ဇွတ်ယုံနေကြတာပဲ။ အဲဒါက ငယ်ငယ်က သူငယ်ချင်းတွေရဲ့ အကြောင်းလေး တစ်ခုပါ။
အခုလည်း အဲဒီရွာက ခရစ်ယာန် ဒကာကြီး ပြောပုံအရ ထာဝရ ဘုရားသခင်ကပဲ သူတို့ရွာကို ကူညီဖို့ စာရေးသူကို လွှတ်လိုက်တဲ့ ပုံစံမျိုး ဘုရားသခင်ကို ကျေးဇူးတင်နေတာ။ အယူအဆ တစ်ခုဟာ လွဲချော်နေပြီဆိုရင် အဲဒီရဲ့ နောက်ကွယ်မှာ တိမ်စောင်းမှုတွေ ရှိလာရတော့တယ်။
ဒါကြောင့်မို့ မြတ်စွာဘုရား ဟောကြားထားတဲ့ မဂ္ဂင်ရှစ်ပါးမှာ ပထမဦးဆုံးကတော့ သမ္မာဒိဋ္ဌိ မဂ္ဂင်ပါပဲ။ အယူတွေဟာ မှန်ကန်နေဖို့ လိုအပ်တယ်။ အယူတွေ လွဲမှားနေပြီ ဆိုရင် ကိုယ်လုပ်တဲ့ အလုပ်တွေဟာ အရာမထင်ပဲ အချိန်ကုန် လူပန်း ဖြစ်နေတတ်တယ်လေ။ ဒီထက်ပိုဆိုးတာက အယူမှားနေရင် ကိုယ်လုပ်တဲ့ အလုပ်တိုင်းဟာ အကုသိုလ်တွေချည်းပဲ ဖြစ်နေတတ်တယ်။
ကမ္ဘာမှာ အယူအဆ လွဲမှားနေတဲ့ ပုဂ္ဂိုလ်တွေဟာ ဒုနဲ့ဒေးပါပဲ။ ဘာပဲဖြစ်ဖြစ် စာရေးသူတို့ရဲ့ တာဝန်ကတော့ အယူအဆ လွဲမှားနေတဲ့ သူတွေကို တတ်စွမ်းသ၍ကတော့ လမ်းမှန်ပေါ်ကို ရောက်အောင် ဆွဲတင် သွားရမှာပဲ။
အဲဒီ အလယ်ချောင်းရွာက မိဘမဲ့ကလေးတွေနဲ့ ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေကို စာရေးသူကတော့ ခေါ်ဆောင်လာခဲ့ပြီ။ သူတို့လေးတွေဟာ မြို့ကြီးမှာ အသိပညာ၊ အတတ်ပညာတွေ သင်ကြားရတော့မယ်လေ။
အခု စာရေးသူ ထွက်လာတဲ့ သာသနာပြု ခရီးစဉ်ဟာ အသိအမြင်မကြွယ်သေးတဲ့ သူတွေကို အသိအမြင်ကျယ်လာအောင်၊ မှန်ကန်တဲ့ အယူအဆတွေနဲ့ လမ်းမှန်ပေါ်ကို ရောက်လာအောင် လုပ်ဆောင်ပေးရလို့ အတိုင်းမသိ ၀မ်းသာမိတယ်။ ဒီလိုမျိုး သာသနာ ပြုနိုင်တဲ့ အခွင့်အရေးလည်း ရနေတာကိုလည်းပဲ ကြည်နူးနေမိတယ်။ ပြီးတော့ ဒီလို သာသနာ ပြုနိုင်ဖို့ လှူဒါန်းနေတဲ့ ဒကာ၊ ဒကာမတွေကိုလည်း ကျေးဇူး အထူးတင်နေရတာ။
စာရေးသူ အတွက်ကတော့ လုပ်ရမယ့် သာသနာပြုလုပ်ငန်း ခရီးစဉ်တွေဟာ ဆက်ပြီး လျှောက်လှမ်းရဦးမယ်လေ။ ဒီအသက်နဲ့ ဒီခန္ဓာလေး ဆက်ပြီးတော့ တည်မြဲနေသေးတယ် ဆိုရင်ပေါ့…..

0 comments:
Post a Comment