ယနေ့လူသားများအတွက်မနက်ဖြန်ကမ္ဘာ အခန်းဆက် (၀၄)

ဒီအခန်း-၄-မှာ ဆရာတော်က တရားနှလုံးသွင်းသောသူရဲ့ ဦးနှောက်နဲ့ တရားသတိကင်းကွာနေသောပုဂ္ဂိုလ်ရဲ့ ဦးနှောက် အလုပ်လုပ်ပုံကွာခြားပုံကို သိပ္ပံပညာရှင်တို့ရဲ့ ထောက်ခံချက်များနှင့်တကွ ဟောထားသလို တစ်ဖြေးဖြေး အစစ်အမှန်တွေ ပျောက်ကွယ်သွားရပုံကိုလည်း ဘုရားဟောအတိုင်း ရှင်းလင်းဟောထားပါတယ်။
အဲဒီ အနှစ်တစ်ရာတမ်းရောက်လာတဲ့ အချိန်မှာ ဂေါတမမြတ်စွာဘုရား ပွင့်တော်မူတာ။ ဂေါတမမြတ်စွာဘုရားဟာ အနှစ်တစ်ရာတမ်းမှာ ပွင့်တော်မူတာ။ အဲဒါကြောင့်မို့လို့ ဘုန်းကြီးတို့ ပါဠိစာပေထဲမှာ ဋီကာဆရာကြီးတွေက ရေးထားတာရှိတယ်။
“ကပ္ပကသာယေ ကလိယုဂေ ဗုဒ္ဓုပ္ပါဒေါ အဟော မစ္စေယျ၊ ဟုတာဝဟမစ္စေ ဇာတံ သမုဒိတမကရန္တမရ၀ိတ္ထ”။
သူဆိုလိုတာက ဘာတုန်းဆိုရင် ဒီလောက်ဆိုးဝါးနေတဲ့ ခေတ်ကြီး ဒုစရိုတ်တွေထူပြောပြီးတော့ အဆိုး သံသရာတွေနဲ့ လည်နေတဲ့ခေတ်ကြီးထဲမှာ မြတ်စွာဘုရားပွင့်လာတာဟာတဲ့ မီးပုံကြီးထဲက ကြာပန်းကြီး ဖူးလာတဲ့ အတူတူပဲ။ ကြာပန်းကြီးပွင့်လာတာနဲ့ အတူတူပဲ။ မီးနဲ့ကြာဆိုတာ ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူး။ မဖြစ်နိုင်တာကို ပြောတာ။ မီးပုံထဲကပွင့်လာတဲ့ ကြာပန်းကြီးလို့ တင်စားပြီးတော့ ခေါ်တာ။ ဘာလို့တုန်း? အဆိုးခေတ်ထဲမှာ ဂေါတမဘုရားက ပွင့်ရတာ။ လူတွေဟာ သိပ်ကိုဆိုးနေတဲ့ အချိန်မှာ ဂေါတမဘုရား ပွင့်တာ။ မီးပုံထဲက ပွင့်တဲ့ ကြာပန်းနဲ့ အဲဒီလို တင်စားပြီးတော့ ခေါ်တာ။ မီးပုံထဲကများ အကယ်၍ ကြာပန်းကြီးပွင့်လာမယ်ဆိုရင် လောကလူတွေဟာ သွားပြီးတော့ ကြည့်ကြ ရမှာပေါ့၊ တအံ့ တသြနဲ့။ ဘာလို့လဲဆိုတော့ ကြာဆိုတာ ရေထဲကပဲ ပွင့်တာကိုး။ မီးပုံကနေ ဘယ်လိုလုပ်ပွင့်မှာတုန်း။
အဲဒီတော့ ဂေါတမမြတ်စွာဘုရားပွင့်တော်မူလာတာဟာ မီးပုံထဲက ကြာပန်းကြီး ပွင့်လာတာနဲ့ တူပါတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ အင်မတန်ဆိုးတဲ့ အချိန်မှာ ဘုရားပွင့်လို့။ ဆိုးတဲ့ခေတ် ဘုရားပွင့်တဲ့အတွက်ကြောင့် ဒီကနေခေတ် သက်သာနေတယ်လို့ အောက်မေ့ရမယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင့်ငါးရာ အထိအောင် သက်တမ်းဟာ ဒီတစ်ရာတမ်းနဲ့ မတိမ်းမယိမ်းကလေး ရှိနေတုန်းပဲ။ ဒါဘုရားသာသနာ ပွင့်လာသည့်အတွက်ကြောင့် လူ့လောကကြီးဟာ ပြန်ပြီးတော့ နဲနဲထိန်းသိမ်းမှုလေး ပြန်ရသွားတယ်။ ကဲကောင်းပြီ အဲဒီလို အသက်တစ်ရာတမ်း ထိအောင် ရောက်လာတယ်။ ဒါက အတိက်ကဖြစ်ခဲ့တဲ့ လူတွေရဲ့ ကမ္ဘာ။
အခုဒီကနေ့ကမ္ဘာက ဘာတုန်းတစ်ရာတမ်း၊ ဒီကနေ့ကမ္ဘာအကြောင်း ပြောစရာလိုသေးလား? မလိုပါဘူးနော်။ ဒီကနေ့ကမ္ဘာမှာ လောကကြီးမှာ terrorist-တွေပေါ်နေတယ်။ အကြမ်းဖက်သမားတွေ ပေါ်နေတယ်။ လက်ရဲ ဇက်ရဲ သတ်တယ်၊ ဖြတ်တယ်။ ဘယ်နေရာမှ မလုံခြုံဘူး၊ ခရီးသွားလို့ရှိရင် တစ်ယောက်နဲ့ တစ်ယောက် မနာလိုစိတ်တွေ အလွန်များတယ်၊ ဒီကနေ့ ယှဉ်ပြိုင်မှုတွေ များလာတယ်၊ စိတ်ချမ်းမြေ့မှုတွေသိပ်ပြီးတော့ လျော့နဲ လာတယ်။ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ပြဿနာတွေ ရှိနေတယ်။ တစ်လောက ကြည့်လေ- အမေရိကမှာ (၀က်စ်တ်ဘာဂျီးနီးယား) (ဟိုလီးတက်ကနော်လော်ဂျီ) တက္ကသိုလ်တစ်ခုမှာမှာ ကိုရီးယာလူမျိုးတစ်ယောက်က လက်နှစ်ဖက်မှာ သေနတ်နှစ်လက်ကိုင်တဲ့ပြီးတော့ လူသုံးဆယ့်နှစ်ယောက် ပစ်သတ်လိုက်တယ်။ ဟိုလွန်ခဲ့တဲ့ လေးငါးနှစ်တုန်းကလည်း ဗြိတိသျှနိုင်ငံ မြေအောက်မှာ ဗုံးခွဲလိုက်တာ။ ဒီကနေကြည့် လူတွေဟာ သွေးရဲရဲ သံရဲရဲကို ဒီ innocent-အပြစ်မရှိတဲ့လူတွေကို သတ်နေတာများတယ်။ အပြစ်ရှိလို့ သတ်တာထား၊ ကိုယ်နဲ့မတည့်လိုသတ်တာလည်းထား၊ အပြစ်မရှိတဲ့လူတွေကို သတ်တာတော့ အဓိပ္ပါယ်မဲ့တယ်။ ကိုယ့်ရဲ့ ရန်သူမို့သတ်တာဆိုရင် အဓိပ္ပါယ်ရှိသေးတယ်။ သဘောမှာလေ အဓိပ္ပါယ်ရှိသေးတယ်။ ဘာမှအပြစ်လည်းမရှိ၊ ကိုယ်နဲ့လည်း မသိတဲ့လူတွေကို လမ်းသွားလမ်းလာ လူတွေကို သတ်ဖို့ရန် မသင့်ဘူး။
ဒါကြောင့်မို့လို့ ဘုန်းကြီး သွားတိုက်ဆေးလေးနဲ့ ဒီကိစ္စတွေအတွက် ပြစ်ထားခဲ့ရတာ။ ကြောက်နေရတယ်လေ အကုန်လုံး။ Security-တွေ တအားတင်းကျပ်ရတယ်။ ကြည့်- ဒီကနေ့ခေတ်ကြီးဟာ လုံးခြုံမှုမရှိဘူးဆိုတာကို ပြတယ်။ အဲဒီတော့ ဒီကနေ့ခေတ်ကြီးဟာ ကောင်းသလား? မကောင်း-ဘူးလား?ဆိုတာ ခြုံပြီးတော့ ကြည့်ရမှာပါ။ ကိုယ့်နေရာလေး ကောင်းတာနဲ့ အကောင်းမပြောနဲ့၊ ကမ္ဘာကြီးတစ်ခုလုံးဟာ ကြည့်၊ ရာသီဥတုတွေ ဘယ်လောက်ပြောင်းနေလဲ? ပူနွေးနေလဲ? ဟိုမြောက်ဝင်ရိုးစွန်းဘက်မှာဆို ရေခဲတုန်းကြီးတွေ ရေပျော်နေပြီ၊ ဘာပြုလို့တုန်း? လူတွေရဲ့ လောဘအပူ၊ ဒေါသအပူ၊ မောဟအပူတွေဟာ အဲဒီကိုရောက်သွားတာ။ လူတွေရဲ့ အပူဟာ ဘယ်လောက်ပြင်းတုန်းဆိုရင် ဒီမှာအဲယားကွန်းဖွင့်ထား၊ လူတွေအများကြီးဆိုရင် မအေးတော့ဘူး၊ ဘယ်ဖြစ်လို့တုန်း လူတွေရဲ့ အပူကြောင့်။ လူတွေရဲ့ ခန္ဓာကိုယ်က ထွက်တဲ့ အပူငွေ့က ဒီအဲယားကွန်းတောင်မှာ ပြန်ပြီးတော့ တုန့်ပြန်ထားတာ၊ မအေးနိုင်ဘူး။ အဲဒီတော့ လူတွေရဲ့ အပူဟာ အင်မတန်မှ ဘေးကို effect-ဖြစ်တယ်ဆိုတာ ထင်ရှားတယ်။
ဘုန်းကြီးတို့ တစ်ခါတုန်းက ဆွီဒင်ကအမျိုးသမီးတစ်ယောက်က မေးဘူးတယ်၊ ဗုဒ္ဓဘာသာတရားတော်အရ ဘယ်လိုပြောမတုန်းတဲ့? တစ်ချို့ သစ်ပင်လေးတွေက အနားနားမှာ သီချင်းဆိုပြရင် ပန်းပွင့်လေးတွေ ပွင့်လာတယ်တဲ့၊ အဲဒီသစ်ပင်မှာ အသိစိတ်ရှိသလားလို့? ဒါကိုမေးတာ။ အသိစိတ်မရှိဘူးလို့ အဲဒါကို ဗုဒ္ဓစာပေက ဘာပြောတုန်းဆိုရင်- “စိတ္တပစ္စယ-ဥတုသမုဋ္ဌာန်”လို့ခေါ်တယ်။ လူကနေပြီးတော့ သီချင်းဆိုပြီးတော့ လူကနေ ပျော်ရွှင်ချမ်းမြေ့တဲ့စိတ်နဲ့ လူကသီချင်းဆိုလို့ရှိရင် သစ်ပင်ကတော့ နားမလည်ဘူး၊ သီချင်းဆိုပြီးတော့ ပျော်နေတဲ့ လူတစ်ယောက်ရဲ့ သန္တာန်မှာ ခန္ဓာကိုယ်ကထွက်တဲ့ chemical (ကယ်မီကယ်)တွေက အပြင်ဘက်က ဥတုကို changes-ဖြစ်စေတယ်။
အဲဒီဥတုကမှ သစ်ပင်ကိုသွား-effect-ဖြစ်တာ၊ တစ်ဆင့်ခံပေါ့။ ဒီလို ဆိုလိုတာပေါ့။ သစ်ပင်က လူပျော်တာကို သူသိလို့ မဟုတ်ဘူး။ ဒီကနေ့ခေတ်မှာ လူတွေရဲ့ ဦးနှောက်ကို စမ်းသပ်ကြည့်တယ်၊ ကမ္မဋ္ဌာန်းထိုင်တဲ့ လူရဲ့ ဦးနှောက်နဲ့၊ ကမ္မဋ္ဌာန်းမထိုင်တဲ့ လူရဲ့ဦးနှောက် ကမ္မဋ္ဌာန်းထိုင်နေတဲ့ အချိန်မှာ Chemical(ကယ်မီကယ်)တွေဟာ ပြောင်းလွဲပြီးတော့ထွက်တယ်လို့ ဆိုတယ်။ သိပ္ပံဆရာတွေက ဒါကိုတွေ့ရှိထားတယ်လို့ ဆိုတယ်။ ကမ္မဋ္ဌာန်ထိုင်နေစဉ် လူ့ရဲ့သန္တာန်မှာရှိတဲ့ ဦးနှောက်က ထွက်တဲ့ဟာတွေက တစ်မျိုးထွက်တယ်။ အင်မတန်မှကောင်းတဲ့ဟာတွေ ထွက်လာတယ်။ ကမ္မဋ္ဌာန်းမထိုင်းဘူး၊ စိတ်ဆိုး နေတုန်းလည်း စမ်းသပ်ကြည့်တယ်၊ ဟော-ဘာတွေ ထွက်နေတုန်းလို့ဆိုရင်- သိသိသာသာတော့ စိတ်ဆိုးနေတဲ့ အချိန်မှာ “ဘီလူးရုပ်ပေါက်တာတော့ သေချာတယ်”၊ စိတ်ဆိုးနေတဲ့ အချိန်မှာ ကိုယ့်ကိုကိုယ် မှန်ထဲမကြည့်ရဲဘူး။ ကြည့်-ကြည့်ပေါ့လေ၊ တစ်ခါ တစ်လေ။ စိတ်ဆိုးနေတုန်းမှာ ကိုယ်လုံးပေါ် မှန်ကြီးနဲ့ ကြည့်-ကြည့်၊ ကိုယ့်မျက်နှာ ဟုတ်တယ်လား? မဟုတ်လား? လန့်တောင် သွားလိမ့်အုန်းမယ်၊ ugly face-နဲ့-smiling face-တူမှ မတူတာ။ အဲဒီတော့ လူတွေရဲ့ စိတ်ဓာတ်ရဲ့ ပြင်းထန်မှုရဲ့ အပြင်ဖက်ကို ရိုက်ခတ်မှုဟာ ရှိကိုရှိတယ်။
အဲဒါကြောင့်မို့လို့ ဒီကနေ့ကမ္ဘာရဲ့ အခြေအနေအားလုံးသိပြီ၊
အဲဒီတော့ ကနေ့လူသားများရဲ့ နက်ဖန်ကမ္ဘာဟာ ဘာဖြစ်လာအုန်းမလဲ? ဒီသုတ္တန်မှာ မြတ်စွာဘုရားဟောတယ်၊ နက်ဖန်ကမ္ဘာဘာဖြစ်မလဲ?ဆိုတော့ မြတ်စွာဘုရားက ဒီသုတ္တန်မှာ ဘာဟောတုန်းဆိုတော့ “အေးတစ်နေ့ကျလို့ရှိရင် အခုဟာ တစ်ရာတမ်းလို့ခေါ်တယ်တဲ့၊ နောက်ကြလို့ရှိရင် လူတွေရဲ့ သက်တမ်းဟာ ကျဆင်းသွားပြီးတော့ “ဆယ်နှစ်တမ်း”ရောက်သွားလိမ့် အုန်းမယ်တဲ့၊ မြတ်စွာ-ဘုရားကဟောတယ်။ အဲဒီဆယ်နှစ်တမ်း ရောက်သွားလို့ရှိရင်တဲ့ ဘယ်တွေ ဖြစ်လာမတုန်းဆိုရင်- နံပါတ်တစ် အစာခြောက်မျိုးပျောက်သွားမယ်တဲ့၊ ဘာတွေ-တုန်းဆိုရင်-ထောပတ်၊ ဆီဦး၊ ဆီ၊ ပျား၊ တင်းလှဲ၊ ဆား အဲဒီခြောက်မျိုး ပျောက်သွားမယ်။
ဘုန်းကြီးကစဉ်းစားကြည့်တယ်၊ ဒါတွေပျောက်သွားမှာ ဟုတ်လား လို့ဆိုပြီးတော့။ အခုပျောက်စပြုပြီလေ၊ ဗမာပြည်မှာတောင် စားအုန်းဆီ ဆိုပြီးတော့ ဆီအစစ်မရှိတော့ဘူး။ ထောက်ပတ်ဆိုလဲ မာဂျရင် (margarine)တွေဖြစ်ကုန်ပြီလေ၊ ဒါလည်းပျောက်တာပဲ။ အာတီဖစ်ရှယ် (artificial)တွေပ်ါလာလို့ရှိရင် ရီးယယ်(real-one)ပျောက်သွားတာပဲ။ အဲဒီတော့ ရွှေအတုတွေပေါ်လာလို့ရှိရင် ရွှေအစစ်တွေ ပျောက်တာပဲ။ ဒါပျောက်တယ်လို့ ခေါ်တာပဲ။ ပျောက်သွားပြီ၊ ထောက်ပတ်ကလည်း အဆီပိတ်မှာစိုးလို့ မစားရဲ ပျောက်သွားတာပဲ။ ပျားရည်ဆိုတာ အတုလုပ်တာတွေ များနေပြီ၊ ပျားရည်ပုလင်းစစ်စစ်ရဖို့ အတော်မှာယူရတယ်။ ဒကာကြီးတစ်ယောက် ဘုန်းကြီးတို့ ပျားရည်ပုလင်းလာလှူတော့ ဒကာကြီးပျာရည်က စစ်ကလားလို့ မေးတော့? စစ်ပါတယ်ဘုရားတဲ့ ကိုယ်တိုင်ဖွတ်လာတာပါတဲ့၊ ပျားအုံက ကိုယ်တိုင်ဖွတ်လာတာပါတဲ့။ ဘာ့ကြောင့်လဲဆိုတော့ အတုတွေက များနေတယ်လေ၊ သူများသည်က ၀ယ်ရင်စစ်ချင်မှ စစ်တာကိုး၊ အဲဒီတော့ ပျားကလည်း အတင်းပျားတွေကို စုပ်ခိုင်းပြီးတော့ မွေးမြူရေးပျားဆိုပြီးတော့ ပေါ်လာပြီလေ။ သဘာဝပျား မဟုတ်ပြန်တော့ဘူး၊ တစ်ဖြေးဖြေး ပျောက်တယ်ဆိုတာ အဲဒီလိုပျောက်သွားတာ၊ အတုတွေက အစားဝင်လာရင် ပျောက်တော့တာပဲ။ ဆီဦးဆိုတာ မြင်ဘူးကြသေးလား? မြင်ဘူးတော့ဘူး၊ ပျောက်ပြီ။ ထောက်ပတ်တို့ဆိုတာသာ သိတာ၊ ဆီဦးဆိုတာ မသိတော့ဘူး။ န၀နီတ-ဆီဦးဆိုတာ။ ထောပတ်မဖြစ်ခင်လေး ချက်ယူထားတဲ့ဟာလေးကို ဆီဦးလို့ခေါ်တာ၊ ဘယ်သူမှ မမြင်ဘူးကြဘူး၊ ပျောက်နေပြီ အခု။ တင်းလှဲဆိုတာလည်း အစစ်မရှိတော့ဘူး၊ ကြံသကာချက်ထားတာတွေပဲ များတာ။ အဲဒီကနေပြီး ပျောက်တာ။ ဆားကတော့ ဘာလို့ပျောက်တာတုန်းလို့ ဆိုရင်၊ မေးကြည့်တော့ အခုဆွမ်းစားတဲ့အခါမှာ ချိုရဲကြီးတွေတွေ့တယ် ဒီနိုင်ငံမှာ။ ထိုင်းမှာဆိုရင် ထိုင်းအစားအစာတွေမှာ ချိုရဲတွေပဲ။ သကြားတွေပဲ ခတ်တယ်၊ ဆားကြတော့ သွေးတိုးရောဂါဖြစ်မှာ စိုးတာနဲ့ တစ်ဖြေးဖြေး ပျောက်သွားတယ်။ အဲဒီတော့ လူလောကမှာ ဆားပျောက်တယ်ဆိုတာလည်း သွေးတိုးရောဂါ ဖြစ်တော့ ဆားမစားရဲတော့ ဆားလည်း ပျောက်ပြီပေါ့။
ကဲကြည့်-မြတ်စွာဘုရားဟောထားတာ ဟုတ်ပြီ၊ အခုပျောက်စပြုလာပြီ အကုန်လုံး။ ဒါတွေက ဆီအစစ်ဆို တော်တော်ရှားသွားပြီ၊ ဆီဆိုတာရှေးတုန်းက နှမ်းဆီကိုခေါ်တာ။ အခုနှမ်းဆီ စစ်စစ်ဆို မရနိုင်တော့ဘူး၊ ဗမာပြည်မှာတောင် စစ်ပါတယ်ဆိုတာ ရောထားတာ။ ဘယ်တုန်းက ရောထားတုန်းဆိုရင် ဆီကျိတ်တုန်းက ရောထားတာ။
အဲဒီတော့ အစစ်ဆိုတာ မန္တလေးမှာ ဘုန်းကြီးတို့ ငယ်ငယ်တုန်းက ကြားဘူးတယ်။ ကုလားကြီးတစ်ယောက် ဘုန်းကြီးကျောင်းမှာ လာပြီးတော့ နွားနို့ရောင်းတာ၊ နွားနို့ရောင်းတော့ ဆရာတော်ကြီးတစ်ပါးက မေးတာတဲ့၊ မင်းနွားနို့က စစ်ကလား? မင်း-ရေလေး ဘာလေး မရော ဘူးလား? ဆိုတော့၊ တပည့်တော် မရောရပါဘူးဘုရား။ အေးဒါဆို မင်းနွားနို့ ရေမရောတဲ့ နွားနို့ဆို မ၀ယ်ချင်ဘူး၊ ရေနဲနဲ ရောတဲ့ နွားနို့မှ ငါဝယ်မယ်။ နဲနဲတော့ ပါ ပါတယ်ဘုရားလို့ဆိုတယ်။ မညှစ်ခင်ကတည်းက အောက်ကရေခံညှစ်တာလေ၊ ဘယ်သူသိမှာတုန်း။ နွားနို့ညှစ်မဲ့ ခွပ်ကို အစကတည်းက ရေခံထားတာ။ ရေမရောဘူးဆိုတာ မရှိဘူး။ ရေရောလိုက်တာ။ စစ်ကိုင်းမှာတောင် ဘုန်းကြီးတို့အသိ ဒေါက်တာတစ်ယောက်က ပြောတယ်၊ သူ့နားက ရေတိုင်လေးတစ်ခုရှိတယ်၊ အဲဒီရေတိုင်ကရေက ဘယ်လိုသဘာဝတော့ မသိဘူး၊ ပြဒါးနဲ့ ဘယ်လိုထောက်ထောက် မသိဘူးတဲ့၊ ရေရောတယ်ဆိုတာ မသိဘူး၊ အဲဒီရေတိုင်မှာ နွားနို့သမားတွေ အမြဲတမ်း ရေတိုင်မှာ ရေဖွင့်ဖွင့် ရေထည့်တယ်တဲ့၊ နွားနို့ထဲကို။ ပြီးတော့ အဲဒါကို ထောက်ပတ်ချက်တဲ့သည်တို့ စသည်ကို သွားရောင်းတာ။ အဲဒါစမ်းလို့ မရဘူးလို့ပြောတယ်၊ အဲဒီရေနဲ့ ရောလို့ရှိရင် ရတယ်။ ရေတစ်မျိုး အဲဒီနားမှာ ရှိတယ် စစ်ကိုင်းမှာ။ ဒါတော့စမ်းသပ်ကြည့်ရင် သိမှာပေါ့။ အဲဒီတော့ လောကမှာ အစစ်ဆိုတာ တော်တော့ကိုရှားသွားပြီ။ အဲဒီတော့ မြတ်စွာဘုရားက ဆယ်နှစ်တမ်းကျလို့ရှိရင် လုံးဝပျောက်သွားမယ်၊ အခုပျောက်စပြုနေပါပြီ၊ တစ်ဖြေးဖြေး ပျောက်နေပြီ။ ပျောက်စတွေ ပြုနေပြီ။ နောက်ကျလို့ရှိရင်တဲ့ အခုခေတ် ပေါ်ဆမ်းမွှေးတို့၊ ဘာဆမာတီတို့ဆိုတဲ ဆန်တွေဟာ ဒါအကောင်းစား ဆန်တွေပဲ။ နောင်တစ်ခေတ်ကြတော့ အဲဒါတွေ မဟုတ်တော့ဘူးတဲ့။ ဆတ်စပါးတို့၊ လူစပါးတို့ဆိုတာ လူတွေစားတဲ့ အထဲမှာ အကောင်းဆုံး ဖြစ်လိမ့်မယ်။ ဘုန်းကြီး ဂျာမဏီသွားတုန်းက စားခဲ့ရတဲ့ အာဖရိကဆန်နဲ့ တူတယ်။ ၀ါတာတာလေးတွေ ဘာလေးတွေမှန်း မသိဘူး၊ အစေ့လေးတွေ။ အဲဒါမျိုးစားခဲ့ရတာ။ လူတွေရဲ့ စိတ်ထဲမှာ ဒါစားမှ ကျန်းမာရေးကောင်းတယ် ထင်ပြီးတော့ စားလာတာ။ ဘာဆမာတီစားရင် အဆီတွေများတယ်၊ ဆီးချိုနဲ့ မတည့်ဘူးဆိုရင် တစ်ဖြေးဖြေး အဲဒါလည်း ကွယ်မှာပဲ။ သေချာတယ်၊ ဘာဆမာတီ စားလို့မရမှတော့ အဲဒါလည်း ကွယ်တော့တာပေါ့။ ဆန်ကောင်းဆိုရင် စားလို့မရတော့ဘူး၊ လူကမတည့်ဘူး။ အဲဒီနည်းနဲ့ကွယ်မှာ။ ကွယ်သွားပြီ အကောင်းတွေ တစ်ဖြေးဖြေး။
နောက်ကြတော့ ဘာဖြစ်အုန်းမယ်တုန်းဆိုတော့? မြတ်စွာဘုရားက- “ဆယ်နှစ်တမ်းရောက်သွားလို့ရှိရင်တဲ့ အမျိုးသမီးငယ်တွေဟာ ငါးနှစ်သမီးဟာ အိမ်ထောင်ပြုနိုင်တဲ့ အရွယ်၊ Marriable age-ဖြစ်လာမယ်၊ လက်ထပ်နိုင်တဲ့ အရွယ်ရောက်လာမယ်။ အဲဒီမှာ စာပေမှာ မူကွဲလေး နှစ်ခုရှိတယ်၊ ငါးနှစ် (သို့မဟုတ်) တစ်ခုက ငါးလ၊ ငါးလဆိုတာ ပိုသဘာဝကြတယ်၊ ငါးနှစ်ဆိုတာ မဟုတ်လောက်ဘူး။ ဆယ်နှစ်တမ်းဆိုတော့ အသက်က ငါးနှစ်ဆိုရင် သက်တမ်းက တစ်ဝဂ်ကျိုးနေပြီလေ၊ မဟုတ်ဘူးလာ? အခု အသက်တစ်ရာ တမ်းဆိုရင် အသက်ငါးဆယ်မှာ အိမ်ထောင်ပြုတာမှ မဟုတ်ဘဲနဲ့၊ အဲဒါနဲ့ တွက်မယ်ဆိုရင် “ငါးလ”ပဲဖြစ်သင့်တယ်လို့ ဘုန်းကြီးက အဲဒီလို ထင်တယ်။ ငါးလဆိုတဲ့ ပါဠိက မှန်ပုံရတယ်၊ ပဉ္စ မာသိကာ-ဆိုတဲ့ ပါဠိတစ်ခုရှိတယ်၊ ပဉ္စ ၀ဿိကာ-ဆိုတဲ့ ပါဠိတစ်ခုရှိတယ်။ ပြန်ပြီးတော့ စာပေရဲ့ သဘာဝကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ငါးနှစ်ဆိုတာ မဖြစ်နိုင်ဘူး၊ ငါးလဆိုတာက ပိုပြီးတော့ ယုတ္တိရှိတယ်။ ဆယ်နှစ်ပဲ သူက အသက်ရှည်မှာကိုး၊ အဲဒီတော့ ငါးလ သမီးလေးတွေ အိမ်ထောင်ပြုနိုင်တဲ့ အရွယ်။ ခွေးလေးတွေဆို သုံးလလောက်ဆို အိမ်ထောင်ပြုတော့တာပဲ၊ ခွေးလေးတွေ၊ ကြောင်လေးတွေဆို။ အဲဒီတော့ လူငါးလဆိုတာ ဟုတ်လောက်တယ်။ လူတွေငါးလလောက်ဆိုရင် ခွေးတွေဟာ နှစ်ရက်လောက်ဆို အိမ်ထောင်ပြုလို့ ရနိုင်တဲ့ အရွယ်ပေါ့။ တိရစ္ဆာန်တွေကြတော့ ပိုပြီးတော့ အသက်တိုတာကိုး။ အဲဒီအချိုးအစားနဲ့။ ဒါဒီအတိုင်းလာတာပဲ သဘာဝကိုက။ အဲဒီတော့ ဆယ်နှစ်တမ်းမှာ အဲဒီလို ဖြစ်လိမ့်မယ်တဲ့ မြတ်စွာဘုရားက။ ဒါတင်လားလို့ဆိုတော့ ဆယ်နှစ်တမ်း ရောက်လို့ရှိရင်တဲ့ ကုသိုလ်ဆိုတာ လုံးဝမရှိတော့ဘူး။ ကုသိုလ်ပြုတဲ့သူဆိုတာ လုံးဝမပြောနဲ့ ကုသိုလ်ဆိုတာကို လုံးဝမရှိတော့ဘူး။ ကောင်းတဲ့တရားဆိုတာကို ပြောမည့်သူ မရှိတော့ဘူး အဲဒီခေတ်ရောက်တဲ့ အခါကျရင်။ နောက်ဆုံးမှာ ဒီကနေ့ခေတ်မှာ မိဘကိုရိုသေ လေးစားတဲ့ပုဂ္ဂိုလ်ဆိုတာ ချီးမွမ်းခံရတယ်။ ဟိုခေတ်ရောက်လို့ရှိရင် မိဘကိုစော်ကားရဲလို့ရှိရင် ချီးမွမ်းခံရမယ်။ ပြောင်းပြန်ဖြစ်သွားတယ်။ ဟုတ်တယ်၊ တစ်ချိန်တုန်းက မြန်မာပြည် “မြရာပင်”တောထဲမှာ အဲဒါမျိုးဖြစ်ခဲ့ဘူးသေးတယ်။ ဖတ်ဘူးကြမလား မသိဘူး။ သခင်သန်းထွန်းရဲ့ နောက်ဆုံးနေ့များစာအုပ်ထဲမှာ၊ The last days of Tha-Khin-Than-Tun-ဆိုတဲ့ စာအုပ်ထဲမှာ ရေးထားတာ ရှိတယ်။ “မြရာပင်”တောထဲမှာလေ မိဘကို ပြန်ပြီးတော့ စွဲချက်တင်တဲ့လူတွေက ပြန်ပြီးတော့ ဂုဏ်ပြုခံခဲ့ရတယ်။ မိဘတွေကို ပြန်ပြီးတော့ စော်ကားတဲ့ ပုဂ္ဂိုလ်တွေ။ ဒါစတာခေါ်တယ်။ ဆယ်နှစ်တမ်း မရောက်ခင်၊ ဒါချက်ချင်းကြီး ၀ုန်းဒိုင်းကြီး ဖြစ်တာ မဟုတ်ဘူး၊ introduce-ဆိုတာ တစ်ဖြေးဖြေးချင်း ၀င်လာတာ၊ မသိမသာဝင်လာတာ။ ကဲ-ဆယ်နှစ်တမ်းရောက်လို့ရှိရင် အဲဒီအခြေအနေဆိုးတွေ ဖြစ်ပေါ်လာပြီတော့ လူ့လောကကြီးဟာ လူတွေဘာဖြစ်လာမတုန်းဆိုရင်- တစ်ယောက်နဲ့ တစ်ယောက်မုန်းတီးတဲ့ အာဃာတတွေ၊ မေတ္တာတရားဆိုတာ မရှိတော့ဘူး၊ မုန်းတီးတဲ့စိတ်တွေ ၀င်လာမယ်၊ အခုနေ ကြည့်လေ- နိုင်ငံခြားတွေမှာဆို မုန်းတီးတဲ့စိတ်တွေ တအားလွှမ်းနေတယ်။ ဘုန်းကြီးက ဂျာမဏီသွားတုန်းက စာထဲပါတဲ့အတိုင်း ပြောတာပေါ့၊ မင်းတို့ မေတ္တာဘာဝနာ ပွားမယ်ဆိုရင် ကိုယ့်ကိုကိုယ် အရင်ပွား၊ “အဟံ အဝေရော ဟောမိ”လို့၊ ဘာဖြစ်လို့တုန်းဆိုရင် ဘုရားဟောတယ်လို့ လူဟာ ကိုယ့်ကိုကိုယ် အချစ်ဆုံး-လို့ဆိုတော့ အမျိုးသမီးတစ်ယောက်က ဘာပြောတုန်းလို့ ဆိုရင်- ဆရာတော်တဲ့ ဒီနိုင်ငံကလူတွေက ကိုယ့်ကိုကိုယ် မချစ်ဘူးတဲ့။ ဒါဖြင့် မင်းတို့ un-normal-ဖြစ်နေတာနေမှာပေါ့၊ ကိုယ့်ကိုကိုယ် မချစ်တာတော့ မဟုတ်ဘူး။ ကိုယ့်ကိုကိုယ် အချစ်ဆုံးပဲလို့။ လူတိုင်း လူတိုင်းကိုယ့်ကိုကိုယ် ပထမဆုံးစဉ်းစားတာ။ ကိုယ့်အတွက်ပြီးတော့မှ နောက်ပိုင်းက တခြားလူတွေကို စဉ်းစားတာ၊ သူများကို ချစ်တယ်ဆိုတာ အမှန်ကိုယ့်ကိုကိုယ် ချစ်တာ။ ကဲဒါလေးနဲ့ ပတ်သက်ပြီး စဉ်းစားကြည့်၊ ကိုယ့်ကိုကိုယ် ချစ်တာလား? သူများကို ချစ်တာလား? လူတွေဟာ အလိမ်ခံနေရတာ၊ သူများလိမ်တာကို ပြောတာ မဟုတ်ဘူး။ စဉ်းစားစရာ တစ်ခုကို ပြောပြမယ်၊ အမေက သားသမီးကို ချစ်တယ်၊ အဖေက သားသမီးကို ချစ်တယ်ဆိုတဲ့ နေရမှာ- သားသမီးကို ချစ်တာလား? ဒါမှမဟုတ်ရင် ကိုယ့်ရဲ့ပျော်ရွှင် ချမ်းမြေ့မှုကို ချစ်တာလား? လို့ဆိုရင် အမေ အဖေသည် သားသမီးကို ချစ်တယ်ဆိုတာ ဒီသားသမီးလေးကို ကြည့်နေလို့ရှိရင် သူ့မှာပျော်ရွှင်မှု(happiness) ဖြစ်နေတယ်။ သားသမီးလေးရှိနေသည့် အတွက်ကြောင့် သားသမီးကို မြင်ရတဲ့အခါမှာ သူစိတ်ချမ်းသားမှုလေးကို ရတယ်။ အဲဒီစိတ်ချမ်းသာမှုလေးကို သူချစ်တာ။

0 comments:
Post a Comment