မြှင့်နိုင်သလောက်မြှင့်ပေးပါ..
သီတဂူဆရာတော်ဘုရားကြီးရဲ့ သြ၀ါဒစကားကို နားထဲကကြားယောင်မိပါတယ်.. ဒို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ ဘုရားရှင်ဆုံးမတဲ့အတိုင်းသာ လိုက်နာကျင့်ကြံမယ်ဆိုရင် ဒို့လူမျိုးကို ကမ္ဘာက စံထားပြီး မော်ကြည့်ရလိမ့်မယ် တဲ့။ အင်မတန် မှတ်သားသင့်တဲ့ ဆုံးမစကားတစ်ခွန်းပါ။ ဆရာတော်ဘုရားကြီးပြောသွားတဲ့ စကားရဲ့ အနှစ်သာရမှာ အဓိပ္ပါယ်ပေါင်းများစွာ ပါဝင်ပါတယ်။ ဖြန့်တွေးနိုင်ရင် ဖြန့်တွေးနိုင်သလောက် အင်မတန်အကျိုးများစေတဲ့ အတွေးအခေါ်ပါ။ ဗုဒ္ဓဘာသာ အများစုဟာ ဗုဒ္ဓဘာသာလို့ အမည်ခံသာများပြီး ဘုရားရှင်ဆုံးမတဲ့ ဆုံးမစကားကျတော့ လိုက်နာကျင့်ကြံကာ လိုက်ပါလုပ်ဆောင်သူဟာ အင်မတန် ရှားပါတယ်။ ဒါကြောင့်လည်း အောင်မြင်သင့်သလောက် မအောင်မြင်.. ကြီးပွားသင့်သလောက် မကြီးပွားကြရတာပါ။ ဒါတွေဟာ ဘာလို့လည်း..?
ဗုဒ္ဓဘာသာဝင်တစ်ယောက်အတွက် အရေးကြီးဆုံး အခြေခံဟာ သရဏဂုံနဲ့ ငါးပါးသီလပါပဲ။ ရှေးဆရာတော်ဘုရားကြီးများရဲ့ စကားအတိုင်းဆိုရင်.. ငါးပါးသီလကို လုံခြုံအောင် မစောင့်ထိန်း မလိုက်နာရင်ကို ဗုဒ္ဓဘာသာစစ်စစ် မဟုတ်တော့ပဲ အမည်ခံ ဗုဒ္ဓဘာသာဝင်သာ ဖြစ်တယ်လို့ ဆိုရပါမယ်။ ဘုရားရှင်က ဆိတ်ကွယ်ရာမှာမကောင်းတာမလုပ်နဲ့.. လူသားအချင်းချင်း မေတ္တာထားပါ.. မနာလိုဝန်တိုတဲ့ စိတ်တွေ လုံးဝမဖြစ်ပါစေနဲ့ဆိုပြီး စသည့် ဆုံးမစကားပေါင်း မြောက်မြားစွာကို သတ္တ၀ါတွေအားလုံးရဲ့ ရင်ထဲနှလုံးသားထဲကို ထည့်သွင်းဆုံးမပေးခဲ့တာပါ။ ဒါပေမယ့် အခုဖြစ်နေတာကျတော့ ဘုရားနဲ့ကျောခြင်းကပ်ရပ်ပဲပါ.. ကျောခြင်းကပ်ရပ်ဆိုတဲ့ အဓိပ္ပါယ်ကတော့ ဘုရားရှင်ရဲ့ ဆုံးမစကားနဲ့ အနီးဆုံးမှာ ရှိနေပေမယ့် ဘုရားရဲ့ စကားကိုနားမထောင်ပဲ ဘုရားကိုကျောပေးထားပြီး ကိုယ်လုပ်ချင်တာတွေလုပ်နေ တဲ့ သဘောပါပဲ။
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေထဲမှာ ရေခြားမြေခြား သွားရောက်ပြီး အလုပ်လုပ်ကိုင်နေတဲ့လူတွေ၊ ပညာသင်နေတဲ့လူတွေ အများအပြားရှိပါတယ်။ ကိုယ်ကဘယ်နေရာရောက်ရောက် ဘယ်အချိန်မှာပဲဖြစ်ဖြစ် ဘယ်သူတွေနဲ့ပဲ နေရနေရ ကိုယ့်ဘာသာ ကိုယ့်လူမျိုး ကိုယ့်သာသနာကို ညစ်နွမ်းစေမဲ့ အပြုအမူတွေ မလုပ်မိဖို့.. ကိုယ်တတ်စွမ်းသရွေ့ တတ်နိုင်တဲ့ဘက်ကနေ ဘုရားရှင်ရဲ့ အဆုံးအမသာသနာကို မြှင့်တင်ပေးဖို့ လိုအပ်ပါတယ်။ ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒရဲ့ ဆုံးမစကားအတိုင်းဆိုရင်တော့ မသင့်တော်တဲ့နေရာကို ရောက်ခဲ့မယ် ဆိုရင်တောင်မှ ကောင်းတဲ့ သင့်တော်တဲ့အကျင့်တွေကိုတော့ မဖျောက်ပြစ်ပါနဲ့ ဆိုတဲ့ ဆုံးမစကားလေးအတိုင်းပါပဲ။ ဘယ်လောက်ပဲဆိုးတဲ့ နေရာပဲရောက်နေပါစေ.. ဘုရားရှင်သွန်သင်ဆုံးမပေးထားတဲ့ ကောင်းမွန်တဲ့ အကျင့်တရားတွေနဲ့ နေထိုင်ကျင့်ကြံဖို့ ကိုယ့်မှာ တာဝန်ရှိပါတယ်နော်။
ဒီလိုရေးမိတော့.. သူငယ်ချင်းတစ်ယောက်နဲ့ လမ်းသွားရင်း ပြောမိတဲ့ စကားလေးကို သတိရမိပါတယ်။ လမ်းတူတူလျောက်လာရင်း မီးပွိုင့်စောင့်နေရတဲ့ အချိန်ပါ။ သူကဘာပြောလည်းဆိုတော့ မီးပွိုင့်ကလည်း ကြာလိုက်တာကွာ ဖြတ်ကူးကြရအောင်လို့ ပြောလိုက်တာပါ။ ကျွန်တော်သူ့ကို တားလိုက်မိပါတယ်.. ငါတို့တွေက ဗုဒ္ဓဘာသာဝင်တွေပါ.. ဘုရားရှင်ကဆုံးမထားတယ်.. ဆိတ်ကွယ်ရာမှာ မကောင်းတာ မလုပ်နဲ့တဲ့ သူငယ်ချင်း.. ဘုရားရှင်ကို ရှိခိုးနေမှ ဘုရားရှိခိုးတာ မဟုတ်ဘူး.. ဘယ်အရာပဲလုပ်လုပ် ဘုရားအဆုံးအမအတိုင်း လိုက်နာကျင့်ကြံပြီး ဘုရားရှင်ရဲ့ ဆုံးမစကားကို နားထောင်လိုက်တာဟာ အဲ့ဒီအချိန်အတွင်းမှာ ဘုရားရှင်ကို ရှိခိုးလိုက်တာပဲ.. မင်းအခု မီးပွိုင့်ရပ်စောင့်နေတဲ့ အချိန်တိုလေးအတွင်းမှာ မင်းဟာ ဘုရားရှင်ရဲ့ (အ-ရဟံ.. ဆိတ်ကွယ်ရာအရပ်မှာပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား) ဂုဏ်တော်ကို ရှိခိုးနေတာပဲ သူငယ်ချင်း..။ ဒီလိုပါပဲ.. သူငယ်ချင်းပါမှ သူများပါမှ မဟုတ်ပါဘူး.. ကိုယ်တစ်ယောက်ထဲဖြစ်နေပါစေ.. ဘယ်သူမှမသိရင်နေပါစေ.. ဘယ်အချိန်ဖြစ်ဖြစ် ဘုရားအဆုံးအမကို နှလုံးသွင်းပြီး လိုက်နာကျင့်ကြံလိုက်တာဟာ ဘုရားကို ရှိခိုးနေတာပါပဲနော်။ ဆိတ်ကွယ်ရာအရပ်မှာ မကောင်းတာမလုပ်နဲ့လို့ ဆုံးမထားရင်.. ကျန်တဲ့ အကုသိုလ် အသေးအဖွဲတွေကိုတော့ ပြောစရာမလိုတော့ပါဘူး.. ဖြန့်တွေးလို့ရလောက်ပါပြီ။ ဆရာတော်အရှင်ဇ၀နက ဆုံးမသြ၀ါဒ ပေးဘူးပါတယ်.. အ-ရဟံဆိုတဲ့ ဆုံးမစကားတစ်ခုနဲ့ ကမ္ဘာတည်လို့ရတယ်ဆိုတဲ့ စကားတစ်ခွန်းပါ။ ဟုတ်ပါတယ်နော်…။
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ဘာသာသာသနာရဲ့ အကျိုးတရားတွေကို မစောင့်ရှောက်နိုင်ရင် နေပါစေ.. မဖျက်ဆီးမိစေဖို့ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ အားလုံးမှာ တာဝန်ရှိပါတယ်။ ယခုအချိန်အခါမှာ အမိနိုင်ငံကို စွန့်ခွာပြီးတော့ ပင်လယ်ရပ်ခြားမှာ သွားရောက်လုပ်ကိုင်နေကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ အများအပြားရှိပါတယ်။ ဘာသာမတူတဲ့ လူမျိုးခြားတွေနဲ့ ပေါင်းသင်းဆက်ဆံပြီး ပြောဆိုလုပ်ကိုင်နေရတာတွေဟာလည်း အများအပြားပါ။ ကိုယ်လုပ်လိုက်တဲ့အလုပ်တစ်ခု ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်း၊ ကိုယ်တွေးလိုက်တဲ့ အတွေးတစ်ခုဟာ ဘုရားအဆုံးအမကို ဆန့်ကျင်ဖက်ဖြစ်စေပြီး ဘာသာခြားတွေ ကိုယ့်ဘာသာအပေါ်မှာ အထင်အမြင်သေးစေတဲ့ အလုပ်မျိုး အပြောမျိုး အတွေးမျိုး မဖြစ်မိစေဖို့ လိုအပ်ပါတယ်။ သာသနာကိုစောင့်ရှောက်တယ်ဆိုတာ ဘုရားရှင်အဆုံးအမကို ကိုယ့်ရင်ထဲမှာ မပျောက်ပျက်အောင် မိမိကိုယ်တိုင် ထိန်းသိမ်းပြီးတော့ အများသူငါကိုလည်း ဘုရားအဆုံးအမကို လိုက်နာကျင့်ကြံစေနိုင်အောင် လုပ်ဆောင်ပြလိုက်တာဟာ သာသနာကို စောင့်ရှောက်လိုက်တာနဲ့ အတူတူပါပဲနော်။
ဆရာတော်ဘုရားကြီးပြောသလိုပါပဲ.. ဗုဒ္ဓအဆုံးအမကို မှန်တယ်မှန်တယ်လို့ ပြောနေမယ့် အစား.. မိမိကိုယ်တိုင်က မှန်အောင်နေပြလိုက်ဖို့ ပိုအရေးကြီးတယ် ဆိုတဲ့အချက်ပါ။ ဟုတ်ပါတယ်နော်.. ဈေးရောင်းတဲ့သူဟာ သူ့ပစ္စည်းအစစ်ပါဗျာလို့ အော်ပြောနေမယ့်အစား.. ဒါအစစ်ပါလို့ မှတ်ကျောက်အတင်ခံနိုင်ဖို့က ပိုအရေးမကြီးပေဘူးလား? အရေးကြီးပါတယ်နော်.. ဒီလိုပါပဲ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်လူမျိုးတွေဟာလည်း ငါတို့ ဗုဒ္ဓရဲ့ အဆုံးအမကမှ မှန်တယ်လို့ အော်နေမယ့်အစား.. မိမိကိုယ်တိုင်က ဘုရားရှင်ရဲ့ အဆုံးအမအတိုင်း လိုက်နာနေထိုင်ပြပြီး.. ဒီလိုနေရတယ်.. ဒီလိုပြောရတယ်.. ဒီလိုတွေးရတယ်ဆိုတဲ့ အတွေးကောင်းတွေနဲ့ နေထိုင်ပြောဆိုလုပ်ကိုင်ပြပြီးတော့ မိမိရဲ့ ဘာသာသာသနာကို မြှင့်တင်ပေးဖို့က ပိုအရေးကြီးပါတယ်နော်။
ဘယ်နေရာရောက်ရောက် ကိုယ်က ဘယ်ဘာသာ ကိုးကွယ်နေတာလည်းဆိုတာ မမေ့ပါနဲ့.. ကိုယ်ကဘာလူမျိုးလဲ.. ကိုယ့်ရဲ့ဘာသာ ကိုယ့်ရဲ့ယဉ်ကျေးမှုကဘာလဲ.. ဘုရားအဆုံးအမက ဘယ်လိုနေထိုင်ရမှာလဲဆိုတဲ့ အတွေးတွေ မပျောက်ပျက်စေဖို့ အရေးကြီးပါတယ်။ ကိုယ်ကဘယ်နိုင်ငံမှာနေရနေရ ဘယ်လူမျိုးနဲ့ လုပ်ကိုင်ရလုပ်ကိုင်ရ.. ကိုယ့်ဘာသာရဲ့ အဆုံးအမကို သူတကာ ချီးကျူးခံနိုင်အောင် လုပ်ကိုင်ပြောဆို ကျင့်ကြံတတ်ကြစေဖို့ တိုက်တွန်းလိုပါတယ်။ ဒီလိုမျိုးလုပ်ကိုင်ပြလိုက်ရင်ကို အစစ်ပါလို့ ပြောစရာမလိုတော့ပဲ ဒါအစစ်ပဲကွာဆိုတာ သူ့အလိုလို သိလာကြမှာပါ။ ဒါ့ကြောင့် ဘယ်နေရာရောက်ရောက် ဘယ်အချိန်ရောက်ရောက်.. ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ဘာသာရဲ့ အဆုံးအမတွေကို မြှင့်တင်ပေးကြဖို့.. ဘုရားရှင်ရဲ့ အဆုံးအမတွေ မပျောက်ပျက်အောင် စောင့်ထိန်းကျင့်ကြံကြစေဖို့ အလေးအနက်ထား မှာကြားလိုပါတယ်။ ဓမ္မမိတ်ဆွေအပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ဘုရားရှင် အဆုံးအမကို လိုက်နာကျင့်ကြံနေထိုင်ရင်း သာသနာတော်ကို မြင့်သထက် မြင့်အောင် မြှင့်တင်ပေးနိုင်ကြပါစေလို့… ဆန္ဒပြုလျှက်..။

0 comments:
Post a Comment