* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, September 9, 2009

သီတင်းကျွတ်ချိန်ခါ



သီတင်းကျွတ်လသည် မြန်မာတို့ ၏ (၁၂) လရာသီတွင် သတ္တမမြောက်လဖြစ်ပြီး ၀ါတွင်းကာလ၏ နောက်ဆုံးလဖြစ်ပါသည် ။ ရာသီခွင်မှာ တူရာသီ ဖြစ်ပြီး အဿဝတီ ကြယ်နှင့် လမင်းတို့ စန်းယှဉ်ကာ မွန်းတည့်ကြသည် ။ရာသီပန်းမှာ ကြာဖြူပန်း ( Nymphaea Lotus ) ဖြစ်ပါသည် ။
သီတင်းကျွတ်လကို ရှေးမြန်မာကျောက်စာများ၌ `သန္တူလ´ ဟုရေးထိုးကြသည် ကိုတွေ့ရပါသည်။ ချိန်ခွင်ပုံ ကြယ်တာရာ နက္ခတ်တို့  စုဝေးသော မိုးကာလဟု လည်းကောင်း ၊ တောင်သူလယ်သမားတို့ စိုက်ပျိုးထားသောစပါးပင်များ သန်စွမ်းစွာထောင်မတ်သောလဟု လည်းကောင်း ပညာရှိများ ဖွင့်ဆိုကြပါသည်။

မန်မာတို့ သည့် စိတ်ရင်းရိုးသား တည်ကြည်ကြသူများ ဖြစ်သည်နှင့်အညီ စစ်မှန်သော ထေရ၀ါဒ ဗုဒ္ဓသာသနာတော်ကို ပုဂံခေတ် အနော်ရထာမင်းတရား နှင့်ရှင်အရဟံ မထေရ်မြတ်တို့၏ ကျေးဇူးတရားကြောင့် ဆည်းကပ်ကိုးကွယ်ခွင့် ရကြပြန်သောအခါ ဗုဒ္ဓမြတ်စွာ၏ အဆုံးအမ တရားတော်များနှင့် လိုက်လျောညီထွေစွာ အေးချမ်းပျော်ရွှင်ဖွယ် ကောင်းသော လူနေမှုဘ၀များဖြင့် လောကဓံတရားများကို ရင်ဆိုင်ကျော်လွှားနိုင်သော ၊ ရောင့်ရဲတင်းတိမ်တတ်သော စိတ်နှလုံးကိုခေတ်အဆက်ဆက် ပိုင်ဆိုင်ခဲ့ကြသူများ ဖြစ်ကြပါသည် ။ ဤစိတ်ဓာတ်များ အရင်းခံဖြင့် (၁၂) လရာသီရှိသည့်အနက် အခါကြီး၊ ရက်ကြီးနေ့များတွင် ရတနာသုံးပါးအား ရည်စူး၍ ကောင်းမှုကုသိုလ်များ ပြုလုပ်လေ့ရှိကြပါသည် ။

သီတင်းကျွတ် မီးထွန်းပွဲတော်သည် မြန်မာတို့၏ (၁၂) လရာသီ ပွဲတော်များတွင် ထင်ရှားသောပွဲတော် တစ်ခုဖြစ်ပြီး ပွဲတော်စတင်ကျင်းပခဲ့သည့် အစဉ်အလာမှာ ဘုရားရှင် သက်တော်ထင်ရှား ရှိခဲ့စဉ်အခါကပင် ဖြစ်ပါသည် ။ ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာဝတိံသာ နတ်ပြည်၌ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော
သန္တုဿီတနတ်သားအားအမှုးပြု၍ စကြ၀ဠာနေရာ အနှံ့ မှ နတ်ဗြဟ္မာ အပေါင်းတို့ အား အဘိဓမ္မာတရားတော်မြတ်ကို ဟောကြားတော်မူသည် ။သီတင်းကျွတ်လပြည့်နေ့  ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာ အပေါင်းခြံရံကာ ရွှေစောင်းတန်း ၊ ငွေစောင်းတန်း ၊ပတ္တမြားစောင်းတန်းများဖြင့် စီခြယ်အပ်သော ရတနာစောင်းတန်းဖြင့် လူ့ ပြည်ဖြစ်သော သင်္ကဿနဂိုရ်ပြည်သို့ ပြန်လည်ဆင်းသက်ကြွမြန်းတော်မူသည် ။ ထိုအခါ သမယတွင် ပြည်သူပြည်သားအပေါင်းတို့က မီးရှူးမီးတိုင်များ ၊မီးပန်းများ၊ ဆီမီးများ ပန်း၊ ရေချမ်းများဖြင့် ကပ်လှူပူဇော်ကြသည် ။ တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိစေတီတော် ကိုလည်း ပူဇော်သည့် အထိမ်းအမှတ်ဖြင့် မီးပုံးများပြုလုပ်၍ ကောင်းကင်သို့ လွှတ်တင် ပူဇော်ကြသည် ။ထိုကဲ့သို့ ပူဇော်ကြသည်ကို အကြောင်းပြုကာ ယနေ့ ခေတ်အခါတိုင်အောင် မြန်မာတစ်နိုင်ငံလုံး၌ နှစ်စဉ်ကျင်းပ ပြုလုပ်မြဲ ဖြစ်သည် ။
သီတင်းကျွတ် လပြည့်နေ့တွင် ပုရိမ၀ါမှ ထမြောက်ကြသော သံဃာတော်အရှင်မြတ်များ သည် မိမိတို့အချင်းချင်း အပြစ်ကြီးငယ်ရှိပါက သည်းခံခွင့်လွတ်ရန်၊ လမ်းမှန်ကိုညွန်ပြရန်၊ သွန်သင်ဆုံးမရန် တောင်းပန်ကြပြီး ပ၀ါရဏာပြုကြပါသည်။ ထို့ကြောင်း သီတင်းကျွတ် လပြည့်နေ့ကို ပ၀ါရဏာနေ့ဟုလည်း ခေါ်ကြပါသည်။
ထို့အတူ မြတ်ဗုဒ္ဓ၏ အဆုံးအမ၌ တည်ကြသော မြန်မာလူမျိုးတို့သည်လည်း မိမိထက်အသက် ဂုဏ်ဝါကြီးသူ၊မြင့်မြတ်သူ၊ ရိုသေလေးစားထိုက်သူတို့အပေါ် အပြစ်ကြီးငယ်များရှိပါက သည်းခံခွင့်လွတ်ကြရန် ငယ်သူ ၊ နိမ့်ကျသူတို့က ပူဇော်ကန်တော့လေ့ ရှိကြသည်။ ထို့ပြင် ဤထူးမြတ်သော ၀ါကျွတ်သော အချိန် အခါသမယတွင် မိမိတို့တတ်နိုင်သမျှ ပူဇော် သက္ကာရတို့ ဖြင့် သက်ကြီးဝါကြီးများ ၊ မိဘဆရာများကို ပူဇော်ကန်တော့လေ့ရှိကြ၏ ။ထို့ကြောင့် ၀ါကျွတ်ကာလသည် မြန်မာတို၏ တစ်ဦးကို တစ်ဦး ရိုသေလေးစားတတ်သော သဘော ၊မာန်မာနကို နှိမ့်ချတတ်သော သဘော၊ အပြန်အလှန် မေတ္တာစေတနာ ထားတတ်သောသဘော စသည်ဖြင့် အမျိုးကောင်း သားသမီးတို့၏ ယဉ်ကျေးသိမ်မွေ့သော စိတ်နေစရိုက် ကိုဖော်ကျူး ပြသနေသော အမျိုးဂုဏ်ကို မြှင့်တင်ပေးနေသည့် အချိန်အခါ ဖြစ်ပါသည်၊၊
သို့ဖြစ်ရာ မြန်မာပြည်များအားလုံး `ကောင်းသောအကြံ ၊မှန်သောအကျင့် ၊ သင့်သောအယူ ၊ဖြူသောနှလုံး ၊ သူတော်ထုံး´ တို့ ဖြင့် သီတင်းကျွတ် မီးထွန်းပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွဲ နိုင်ကြပါစေ..ဟု ဆန္ဒပြုလိုက်ပါသည်။ ။
ဖော်ပြပါကဲ့သို့ သီတင်းကျွတ်ကာလ၏ ပျော်ရွှင် ချမ်းမြေ့.သာယာပုံကို ရှေးစာဆိုတစ်ဦး၏ ကဗျာတသ်ပုဒ်ဖြင့် နိဂုံးချုပ်လို့်က်ရပါသည်။



..ဆီမီးရယ်ထိန် ၊ အိုင်မင်းရေကြည်က .. ၊
...ကြာငါးမည် ငုံအာစွင့်တယ်.. ၊ ဖူးပွင့်ချိန်ခါ .. ။
...အဿဝဏီ ယှဉ်ကာချဉ်းပါလို့ .. ၊ လင်းလာတဲ့

ငွေတာရိန်ရယ်.. ၊
...ပြာမှိန်လျက် မြူချေဆိုင်း .. ။
...ဂါရဝေ ၊ သဒ္ဒါခြွေ ကန်တော့ပွဲကိုလ .. ၊
...မစဲပေါင် ကုသိုလ်နှိုးကြတယ် .. ၊ မျိုးမြန်မာတိုင်း။ ။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP