* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, September 9, 2009

“ထိကေ” အခန်းအပြင်ဘက်မှာ

ဗာရာဏသီမှာ မီးတွေပျက်တာနဲ့ပဲ သူရေးချင်တာတွေ ရေခွင့်မရ။ စောင့်ဖတ်နေတဲ့ ဘလော့ချစ်သူများကလည်း ခပ်ပါးပါးမို့ ရေးလက်စတွေ ရပ်ထားလိုက်ပါတယ်။ ရပ်ထားတဲ့အချိန်တွေမှာ ၀င်ရေးကြမှာမို့ စီဘောက်စ်ကိုလည်း ပိတ်ထားလိုက်ပါတယ်။ ဒီရက်တွေမှာမှ ဗာရာဏသီမီုးကလည်း အငြိုးနဲ့ရွာခဲ့ပါသေးတယ်။ နေခဲ့တဲ့ သုံးနှစ်သက်တမ်းမှာ အေးလောက်အောင်ကို ရွာခဲ့တာပါ။ သတင်းစာတွေတော့ မဖတ်ရဲအောင်ပဲ။ လွန်ခဲ့တဲ့ လေးရက်လောက်က ရဟတ်ယာဉ်ပျက်ကျလို့ ကွယ်လွန်သွားတဲ့ အန္ဓရာပရာဒေ့ရှ်ပြည်နယ်ဝန်ကြီိးချုပ်ကို ချစ်ကြသူတွေက လိုက်သေကြတာ ခုဆို တစ်ရာကျော်သွားပြီ။ အင်း သူတို့လည်း အစွဲကြီးသူတွေပေပဲပ။

သူလည်း တက္ကသိုလ်ဗိုက်ဗာ( ဆိုရရင်တော့) အင်တာဗျူးပေါ့လေ အောင်အောင်မြင်မြင် ပြီးသွားပါပြီ။ အမှန်တကယ်တော့ ဗိုက်ဗာဆိုတာက သူထင်တာထက်နည်းနည်းတော့ ပိုပါတယ်။ တက္ကသိုလ်အဓိပတိရုံးခန်းမှာပြုလုပ်တဲ့ အင်တာဗျူးဟာ ပေါ့ပေါ့ပါးပါးမဟုတ်တာ သေချာခဲ့ပါတယ်။ ကံကောင်းတာလားတော့ မသိဘူး။ ဒုတိယအဓိပတိက အခါတိုင်း ပါရဂူကျောင်းသားတွေရဲ့ ဗိုက်ဗာကို ကိုယ်တိုင်တက်ရောက်လေ့ရှိပေမယ့် ဒီနေ့တော့ ခရီးလွန်နေဆိုပဲ။

သူ့ကို ဌာနဆိုင်ရာပါမောက္ခက ပါရဂူကျောင်းသားအဖြစ် လက်ခံလိုက်ပြီဆိုပေမယ့် လက်ခံလိုက်တဲ့ ကျောင်းသားက ပါရဂူကျမ်းပြုဖို့ အရည်အချင်းပြည့်မီကြောင်း အခြားတက္ကသိုလ်က ဆရာတွေရှေ့မှာ သက်သေပြရတဲ့သဘောပါ။ အဲဒီတော့ သူ့အတွက် မေးခွန်းတွေက ချိန်ကိုက်ဗုံးတွေလို ပေါက်ကွဲဖို့ အသင့်ရှိနေခဲ့လေမလား။

ပါမောက္ခဂုရုကြီးတွေ စုဝေးရာ အခန်းထဲ သူဝင်ရောက်သွားတာနဲ့ သူ့ရဲ့ ထူးခြားတဲ့ ရဟန်းအသွင်အပြင်က အားလုံးကို ဖမ်းစားလိုက်တယ်ထင်ပါတယ်။ ဟိန္ဒူကျောင်းသားတွေကြားထဲမှာ သူဦးပြည်းစိမ်းစိမ်းက ဘာသာရပ်အသစ်ဖြစ်နေခဲ့တာပါ။
သူ့ပါမောက္ခက သူနဲ့ အနီးဆုံးက ခုံမှာထိုင်ခိုင်းပါတယ်။ ပြီးတော့ သူ့ကို ကြွရောက်လာကြကုန်သော ဂုဏ်သရေရှိပါမောက္ခဆရာကြီးတွေနဲ့ မိတ်ဆက်ပေးပါလေရော။ ဘယ်ဘာသာနဲ့ ဖြေမှာတုန်းလို့လည်း မေးပါသေးတယ်။ “ပါဠိဘာသာယစေ၀ အင်္ဂလိသဘာသာယစ ၀ိဿဇ္ဖေမိ ။” လို့ လုပ်ထည့်လိုက်တော့ ပါမောက္ခတော်တော်များများက ကုလားထိုင်ကို ခပ်တည်တည်နဲ့ နောက်မှီလိုက်ကြတော့တာပါ။ ပါဠိဘာသာကို နည်းနည်းတော့ တွန့်သွားတာပါ။ အသက်ရှစ်ဆယ်ကျော်ရှိပြီဖြစ်တဲ့ ဂုရုကြီးကတော့ ရှေ့တိုးလာပါတယ်။ သူ့အတွက်ပျော်စရာကောင်းတဲ့ မေးခွန်းတွေ တစ်ခုပြီး တစ်ခုမေးတော့တာပါ။ အဲဒီဆရာကြီးက သူ့ကို သိနေပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်လောက်က သူနဲ့ စကားပြောခွင့်ရခဲ့ဖူးပါတယ်။ အင်္ဂလန်နိုင်ငံ ဘာမင်ဂန်ဆရာတော် ဒေါက်တာအရှင်ရေ၀တဓမ္မက သူ့တပည့် ဆိုပဲ။ အဲဒီတော့ သူကလည်း ဒေါက်တာရေ၀တဓမ္မဆီမှာ နှစ်ရက်ခန့်( ထေရ၀ါဒတက္ကသိုလ်တက်စဉ်က) တပည့်တော်ဖူးလေတော့ ဆရာ့ဆရာဆိုပြီး တရုတ်သိုင်းကားတွေထဲကလို ဆွေမျိုးစပ်ရတော့တာပါ။

ဆရာကြီးကလည်း ချစ်စရာဖြစ်သလို သူ့ပါမောက္ခကလည်း အားကိုးစရာကောင်းပါတယ်။ ဆရာကြီးရဲ့ ရေပက်မ၀င် ပါဠိဘာသာမေးခွန်းတွေက ၀ူတန်းတောင်ပေါ်က နဂါးနိုင်ဓားကွက်တွေလို လှပသိပ်သည်းနေသလို သူငယ်ငယ်တုန်းက အမြင်ကပ်ကပ်နဲ့ ကျက်ခဲ့တဲ့ စာတွေကလည်း နေလစကြာအတွင်းအားတွေဖြစ်နေခဲ့ပါရောလား။ ဆရာဂုရုကြီးကလည်း ပျော်နေတာပါ။ ပါမောက္ခကတော့ နှုတ်ခမ်းမွှေးတွေထောင်နေအောင် ပြုံးနေတော့တာ။ ကျန်တဲ့ ပါမောက္ခတွေကလည်း လေးစားလောက်တဲ့ ဆရာကြီးရဲ့ မေးခွန်းတွေနဲ့ သူ့ရဲ့ ဗရာမင်ဟန်အသံနဲ့
ံ( ကြိုတင်လေ့ကျင့်ထားခြင်းဖြစ်သည်)အဖြေတွေကို ခေါင်းတရမ်းရမ်းနဲ့ ကောင်းချီးပေးကြတာပါ။

နောက်တော့ ပါမောက္ခတစ်ယောက်က ငါလည်း အင်္ဂလိပ်လို မေးဦးမယ်ကွာလို့လုပ်တာပါ။ သူ့ပါမောက္ခကလည်း မေးချင်ရာမေးပေါ့။ အဲဒီပါမောက္ခကလည်း ဘာရယ်မဟုတ်တော့ပါဘူး။ ပါဠိဆရာဂုရုကြီးနဲ့ အမေးအဖြေလုပ်နေတာကို သူက ပျော်နေဟန်တူပါတယ်။ ဗာရမာဝါလားလေးတော့ မဆိုးဘူးပေါ့လေ။ ဖြေနိုင်တာတွေ မေးတာကိုး။ သူက “ ငါမေးချင်တာက ဒီနေ့ခေတ် အိန္ဒိယနိုင်ငံသား ဗုဒ္ဓဘာသာအဘိဓမ္မာစာပေပညာရှင်ကို သိလား”တဲ့။

သူ့စိတ်ထဲမှာ ပေါ်လာတာတွေက ရာဟုလာသံကစ္စည်း၊ အာနန္ဒာကောသလ္လာယန၊ ဓမ္မရက္ခိတ တို့ပါ။ သူတို့သုံးယောက်အမည်တွေကို ပြောပြလိုက်မိတယ်။ အဟတ် တစ်ပါးကျန်သွားတယ်။ ကျန်တဲ့ တစ်ပါးက အဖြေမှန်ပါ။ “ဇာဂဒိသ ကဿပကို မသိဘူးလား ” တဲ့။ “Oh Yes, he was the first director of Nava Nalanda Mahavira” အဲဒီအခါမှ ပေါက်သွားတာပါ။ နာလန္ဒာတက္ကသိုလ်အဟောင်းကြီးဘေးမှာ ဒီနေ့ခေတ် နာလန္ဒာတက္ကသိုလ်အသစ်ကို တည်ထောင်သူကိုယ်တော်ကြီးကို မေ့နေပါရောလား။

ဘာပဲဖြစ်ဖြစ် “ထိကေ ထိကေ“ အသံတွေနဲ့ အတူ သူထွက်လာနိုင်ခဲ့ပါတယ်။ ထိကေ ဆိုတာ အိုကေပေါ့။ အိန္ဒိယရောက်ရင် ထိကေလေးတော့ သိထားဦးမှ။ ထိကေရဲ့ အလွန်မှာ အပြုံးတွေ အပြုံးတွေ။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP