* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, September 9, 2009

ကပ်စေးနဲများ အဖွဲ့ချုပ်


မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်အခါက သာဝတ္တိပြည်မှာ ကပ်စေနဲသူများနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ ဂိုဏ်းတစ်ဂိုဏ်းရှိခဲ့တယ်။ အဖွဲ့ဝင်တွေဟာ ချမ်းသာကြွယ်ဝတဲ့ လူကုံထံတွေ၊ အထက်တန်းလွှာက လူတွေ ဖြစ်ပါတယ်။ ငွေကို မိမိအသက်ထက်ချစ်ခင်မြတ်နိုး တန်ဖိုးထားသူများဖြစ်ကြတယ်။ စားချင်တာကို မစားကြဘူး။ ၀တ်ချင်တာကို မ၀တ်ကြဘူး။ အငတ်ခံပြီး ၊ စုတ်စုတ်ပြတ်ပြတ်နဲ့ ဖြစ်သလိုနေနေကြတယ်။ အသေခင်က ပြိတ္တာဖြစ်နေသူတွေလို့ ဆိုနိုင်ပါတယ်။

အဲဒီ ဂိုဏ်းသားတွေဟာ မနာလို ၀န်တိုစိတ်ရှိသူတွေဆိုတော့ လှူဖို့ တန်းဖို့ ပေးဖို့ကမ်းဖို့ ဆိုတာ ဝေလာဝေး စိတ်ကူးတောင် မရှိကြပါဘူး။ မြတ်စွာဘုရား နဲ့ တပည့်သား သံဃာတွေအပေါ် ကြည်ညိုသူတွေကတော့.... ဆွမ်း၊ ပစ္စည်းလေးပါး၊ တို့နဲ့ သဒ္ဓါတရားထက်သန်စွာ သာသနာတော်ကြီး အဓွန့်ရှည်ကြာအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ငွေကြေးဥစ္စာ အမြောက်အမြား ကို နှမြောတွန့်တိုခြင်း အလျဉ်းမရှိဘဲ၊ နောင်သံသရာအတွက် ကုသိုလ်ထုပ် မြုပ်သည့်သဘော တန်ဖိုးရှိရှိသုံးနေကြတယ်။ ဒါတွေကို မြင်တွေ့နေကြတဲ့ ကပ်စေးနဲ့ ဂိုဏ်းသားတွေကတော့ ငွေကုန်မှာစိုးလို့ မြတ်စွာဘုရားကို မကိုးကွယ်ကြဘူး။ ကျောခိုင်းပြီး ဝေးဝေးနေကြတယ်။ သူတို့ရဲ့ မနာလိုဝန်တိုစိတ်က ကြီးမားလွန်းတာကြောင့် သေလွန်သွားတဲ့အခါ ပြိတ္တာဘ၀ ရောက်ရှိခဲ့ ကြရပါတော့တယ်။

တစ်ခုသော နံနက်ခင်း ဆွမ်းခံချိန်မှာ-
ဇေတ၀န်ကျောင်းတော်က ထွက်ခွာလာတဲ့ ရှင်မောဂ္ဂလာန် ဟာ သာဝတ္တိမြို့တွင်း မရောက်ခင် လမ်းခုလတ်မှာ ခြေချင်းလိမ်နေတဲ့ ပြိတ္တာအုပ်ကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်မိတယ်။ အဲဒီအချိန်မှာ အရှင်မောဂ္ဂလာန်ဟာ သပိတ်ပိုက်ပြီး ခေတ္တရပ်တော်မူနေလိုက်တယ်။ပြိတ္တာတွေရဲ့ အသွင်ဟာ အသားအရောင်က နက်ခြောက်ခြောက်၊ မျက်ကွင်းတွေက ဟောက်ပက်ပက်၊ နံရိုးတွေက အပြိုင်းပြိုင်း ပေါ်၊ သွားတွေကလည်း ခေါထွက်နေတယ်။ အ၀တ်မပါ ဗလာနတ္တိ၊ တစ်ချို့ဆို မိမိရဲ့ ဆံပင်အရှည်ကြီးတွေနဲ့ အရှက် မပေါ်အောင်မလုံမလဲဖုံးဖိထားကြတယ်။

ဒါကို မြင်တွေ့ရတော့ အရှင်မောဂ္ဂလာန်က မေးပါတယ်။ အချင်း ဒါယကာတို့ …အဘယ်သို့များ ဖြစ်နေကြတာလဲ အ၀တ်အစား မပါ၊ ကြောက်မက်ဖွယ်ရာ ရုပ်အဆင်းနဲ့ ပိန်လှီခြောက်ကပ် လို့ ဘယ်သူတွေလဲ…..။

ပြိတ္တာတွေက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြတယ်။ သူပြန်လျောက်နိုး၊ ငါပြန်လျောက်နိုးစောင့်နေကြတယ်။ ခဏကြာမှ တစ်ယောက်က-

ကိုယ်တော်မြတ်ကြီးဘုရား
တပည့်တော်တို့ဟာ ပြိတ္တာတွေဖြစ်ကြပါတယ်။ ယမမင်းကြီးရဲ့ လက်အောက်က ဒုက္ခဘုံသားတွေဖြစ်ပါတယ်။ လူ့ဘ၀တုန်းက စိတ်ထားမှားပြီးမကောင်းမှုတွေ ပြုလုပ်မိခဲ့ ကြလို့ အခုလိုဘ၀မျိုး ရောက်နေကြရ ပါတယ်ဘုရား…တပည့်တော်တို့သည် လှူထိုက်တဲ့ အလှူခံပုဂ္ဂိုလ်တွေ ပေါများနေပါလျက် ငွေအသပြာပဲဝက် လောက်ဒါန ကိုပင် မပြုခဲ့ဘူးပါ။ နှမြောတွန့်တိုပြီး လှူကြတန်းကြသူတွေ ကိုလည်း ပြစ်တင်ရှုတ်ချ ၊ ကဲ့ရဲ့ ခဲ့ကြပါတယ်။

နောက်တစ်ဖန် ခံစားနေရသောဒုက္ခ များကိုလည်း ရင်ဖွင့်လျောက်ထားကြတယ်။ တပည့်တော်တို့ဟာ ဆင်းရဲတွင်း နက်လှပါတယ်။ ရေငတ်လွန်းလို့ တသွင်သွင်စီးဆင်နေတဲ့ မြစ်နားသွားရောက်ပြီး အငမ်းမရ သောက်မယ်လုပ်လိုက်တဲ့အခါမှာ မြစ်ရေတွေဟာ ရွှံ့နွံအနှစ်တွေ ဖြစ်ကုန်ကြပါတယ်။ ကျောကုန်း တွေမှာခြစ်ခြစ်တောက်အောင် နေပူဒဏ်ခံထား ရလို့ သက်သာရာရအောင် သစ်ပင်ရိပ်ကောင်းအောက် ၀င်ခိုပြန်တော့လည်း သစ်ပင်ရိပ်ပျောက်ပြီး နေပူပြင်းကြီးဖြစ်သွားပြန်ပါတယ်။ တိုက်ခတ်လာ တဲ့ လေတွေကလည်း ပူလောင်လှပါတယ်။ တစ်ကိုယ်လုံးဟာ မီးလောင်မြိုက်နေသလိုခံစားနေရပါတယ်ဘုရား၊ ကိုယ့်အကြောင်းနဲ့ကိုယ်ဆိုတော့ ကြိတ်မှိတ်ခံစားနေရပါတယ်ဘုရား ။ ၀မ်းဗိုက်ဟာ ဆာလောင်မွတ်သိပ် နေတာမို့ ထမင်းလုံးတစ်စေ့၊ ရေတစ်စက်လောက်ရအောင် ခရီးမိုင် ပေါင်းများစွာကို လှည့်လည်သွားလာ ရှာဖွေနေကြရပေမယ့် မရရှိခဲ့ကြပါ။ တချို့ဆို ပင်ပန်းလွန်းလို့ အားပြတ်ပြီး ခရီးမြေပြင်မှာ ဘုန်းဘုန်းလဲကျကာ ဒဏ်ရာအနာတရဖြစ်ကြရပါတယ်။

ဝဋ်ကြွေးရှိသမျှခံစားပြီး ၀ဋ်ကြွေးကုန်လို့ လူ့ဘ၀ပြန်ရောက်လာခဲ့ရင် တပည့်တော်တို့ဟာ သူတော်ကောင်း တွေရဲ့အဆုံးအမကို နာယူပါ့မယ်။ သီလစောင့်ထိန်းကာ ဒါနအစရှိတဲ့ ကုသိုလ်ကောင်းမှုတွေကို ပြုကြပါမယ် ဘုရား လို့ အစရှိတာတွေကို လျှောက်ထားပြီး ရိုသေစွာ လမ်းဖယ်ပေးကြပါတယ်။

အရှင်မောဂ္ဂလာန်ဟာ မြင်တွေ့ခဲ့သမျှကို မြတ်စွာဘုရားထံ ချဉ်းကပ်ကာ လျှောက်တင်လိုက်တော့ မြတ်စွာဘုရားက ၀န်တို မစ္ဆေရစိတ်အားကြီးလို့ ပြိတ္တာဖြစ်ခဲ့ရသူတွေအကြောင်းကို ပရိသတ်တို့အား ဟောကြားပေးတော်မူခဲ့ပါတယ်။

မစ္ဆေရရဲ့ သဘောသဘာဝဟာ နှမြော ၊တွန့်တို ၀န်တိုမှု ဖြစ်ပါတယ်။ မစ္ဆေရဟာ လှူဒါန်းပေးကမ်းမှုနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။ ကပ်စီးနဲများ အဖွဲ့ချုပ်က ဂိုဏ်းဝင်တွေဟာ ကျွန်ုပ်တို့ကို သင်ခန်းစာပေး နမူနာပြသွားခဲ့ကြပြီဖြစ်ပါတယ်။ ဒါကြောင့် ကြောက်စရာကောင်းတဲ့ မစ္ဆေရစိတ်ကို မိမိတို့ရဲ့ စိတ်သန္တာန်မှာ ဖြစ်ပေါ်မလာနိုင်အောင် ဆင်ခြင်ပယ်သတ်ကြရမှာ ဖြစ်ပါတယ်။


ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP